ပရီးမီးယားလိဂ်နှင့် ဗြိတိန်အစိုးရသည် ချယ်လ်ဆီးအသင်းအား အမေရိကန်စီးပွားရေးလုပ်ငန်းရှင် တော့ဒ်ဘိုလီ ဦးဆောင်သော ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းက ဝယ်ယူခြင်းကို ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။
ရုရှားအစိုးရက ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ်ဆင်နွှဲပြီးနောက် ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်သည် ရုရှားသမ္မတ ပူတင်နှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိသည်ဟုဆိုကာ ဗြိတိန်အစိုးရက ၎င်းကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
ထို့ ကြောင့် အေဘရာမိုဗစ်ချ်သည် ချယ်လ်ဆီးအသင်းကို ရောင်းချရန် စီစဉ်ခဲ့ပြီး ယခုအခါ တော့ဒ်ဘိုလီဦးဆောင်သော ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းက ချယ်လ်ဆီးအသင်းကို ပေါင် ၄ ဒသမ ၂၅ ဘီလီယံဖြင့် ဝယ်ယူခြင်းအပေါ် ပရီးမီးယားလိဂ်က မေ ၂၄ ရက်တွင် ခွင့်ပြုခဲ့ပြီး၊ ဗြိတိန်အစိုးရက မေ ၂၅ ရက်တွင် ခွင့်ပြုကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
ဗြိတိန်အစိုးရကထုတ်ပြန်သော ကြေညာချက်တွင် ''ချယ်လ်ဆီးအသင်းအား ဗြိတိန်အစိုးရက ရောင်းချခွင့်ပြုလိုက်ပြီဖြစ်ကြောင်း၊ အေဘရာမိုဗစ်ချ်ကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်ပြီးနောက် ဗြိတိန်အစိုးရအနေဖြင့် ချယ်လ်ဆီးအသင်း ဆက်လက်တည်ရှိ နိုင်ရန် အစွမ်းကုန်ကြိုးစားခဲ့ကြောင်း၊ ယခုအခါ ချယ်လ်ဆီးအသင်း ရောင်းချမှုမှ ရသည့်ငွေများသည် အေဘရာမိုဗစ်ချ် သို့မဟုတ် ဗြိတိန်အစိုးရက အရေးယူပိတ်ပင်ထားသည့်သူများထံ မရောက်တော့သဖြင့် ကျေနပ်ကြောင်း၊ ချယ်လ်ဆီးအသင်း ရောင်းချမှုမှရသည့် ငွေများကို စစ်ဘေးဒဏ်ခံ ယူကရိန်းနိုင်ငံ၏လူသားချင်းစာနာရေးကိစ္စများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း'' ဖော်ပြပါရှိသည်။

တော့ဒ်ဘိုလီ ဦးဆောင်သည့်အဖွဲ့သည် ချယ်လ်ဆီးအသင်းအား ဝယ်ယူခြင်းကို မေ ၃၁ ရက်မတိုင်မီ အဆုံးသတ်ရမည်ဖြစ်ပြီး လာမည့်ရက်အနည်းငယ်အတွင်းမှာပင် အပြီးသတ်ဖွယ်ရှိသည်ဟု BBC သတင်းဌာနက ဖော်ပြခဲ့သည်။
ချယ်လ်ဆီးအသင်းပိုင်ရှင်သစ်များသည် မန်စီးတီး၊ လီဗာပူးလ်အသင်းများနှင့် ခြားနားချက်ကို လျှော့ချရန်အတွက် နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း ကြီးမားသည့်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားဖွယ်ရှိသည်ဟု သတင်းရင်းမြစ်များက ပြောကြား ခဲ့ကြသည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲရာသီတွင် အမှတ်ပေးဇယား တတိယနေရာ၌ ရပ်တည်ခဲ့သော်လည်း ချန်ပီယံ မန်စီးတီးအသင်းနှင့် ၁၉ မှတ်၊ ဒုတိယရ လီဗာပူးလ်အသင်းနှင့် ၁၈ မှတ်အထိ ကွာဟခဲ့ပြီး ရာသီကုန်ခါနီးတွင် ချန်ပီယံ လိဂ်ဝင်ခွင့်အတွက် စိုးရိမ်စရာအနေအထား ရောက်ရှိခဲ့ရသည်။
ယခုနွေရာသီတွင် ကစားသမားသစ်ခေါ်ယူမှုအတွက် ပေါင်သန်း ၂၀၀ အထိ အသုံးပြုဖွယ်သွားရှိနေကြောင်း သိရသည်။















