ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဆင့်ခေါ်ရာနေရာသို့ စာရင်းသွားရောက်အစစ်ဆေးမခံသည့် သဘောထား ဆက်လက်ကိုင်စွဲသွားမည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ အထွေထွေအတွင်း ရေးမှူး ဦးမျိုးကျော်က ပြောကြားသည်။
ALD ပါတီကို ဧပြီ ၂၅ ရက် နောက်ဆုံးထားအစစ်ဆေးခံရန် UEC ၏ အကြောင်းကြားမှုအပေါ် ပါတီအနေဖြင့် ငြင်းဆန်ပြီး နောက်ပိုင်း UEC အနေဖြင့် ထပ်မံ အကြောင်းကြားမှု မရှိသေးကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ကတော့ သွားရောက် အစစ်ဆေးခံဖို့ မရှိပါဘူး” ဟု ALD ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က မေ၂၅ ရက်တွင် ပြောကြားသည်။
ALD ပါတီအနေဖြင့် ပါတီတွင်း ချမှတ်ထားသည့် မူဝါဒအရ ကော်မရှင် ခေါ်ယူရာ နေရာသို့ သွားရောက်အစစ်ဆေးမခံခြင်းသာဖြစ်ပြီး ပါတီ၏ စာရင်းဇယားများကို ပါတီရုံးချုပ်တွင် လာရောက် စစ်ဆေးနိုင်ကြောင်း ၎င်းကဆိုသည်။
အဆိုပါ သဘောထားနှင့်စပ်လျဉ်း၍ ကော်မရှင်လုပ်ပိုင်ခွင့်အရ အရေးယူဆောင်ရွက်မည်ဆိုပါက ဆောင်ရွက်နိုင်ပြီး ၎င်းတို့ အနေဖြင့်လည်း ချမှတ်ထားသည့် ပါတီမူဝါဒ အတိုင်း ရပ်တည်မည်ဟု ဦးမျိုးကျော်က ပြောကြားသည်။
“ကျွန်တော်တို့လည်း ကိုယ့်ပါတီမှာရှိတဲ့ ခေါင်းဆောင်တွေ ချထားတဲ့ မူဝါဒအတိုင်းပဲ ရပ်တည်သွားဖို့ ရှိပါတယ်” ဟု အဆိုပါ ALD ပါတီတာဝန်ရှိသူက ပြောကြားသည်။
လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ၏ ပါတီဝင်စာရင်း၊ ငွေစာရင်းများနှင့် စပ်လျဉ်း၍ စစ်ဆေးမှုကို ၂၀၂၁ ခုနှစ် သြဂုတ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိအထိ ပါတီ ၈၃ ပါတီကို စစ်ဆေး ပြီးစီးကြောင်း ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကလည်း ကော်မရှင် ဆင့်ခေါ်ရာ နေရာသို့ သွားရောက် အစစ်ဆေးမခံ နိုင်ဟုဆိုကာ စာရင်းစစ်ခံရန် ကော်မရှင် အကြောင်းကြားမှုအပေါ် နှစ်ကြိမ်တိုင် ငြင်းဆန် ထားသည်။
SNLD ပါတီ၊ ALD ပါတီကဲ့သို့ ကော်မရှင် ဆင့်ခေါ်ရာနေရာသို့ သွားရောက် အစစ်ဆေးမခံလိုသည့် ပါတီအချို့အပါအဝင် ကော်မရှင် စာရင်းစစ်ဆေးနိုင်ခြင်းမရှိသေးသည့် ပါတီ ၁၀ ပါတီ ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် အခြေစိုက် ရှစ်ပါတီရှိသည့်အနက် ပါတီ ခုနစ်ပါတီကို စစ်ဆေးပြီး စီးကာ ALD ပါတီကိုသာ စစ်ဆေးရန် ကျန်ရှိကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်ထွဋ်က ဒေသတွင်း သတင်းမီဒီယာအချို့ကို ပြောကြားထားသည်။
ALD ပါတီကို ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ကာ ၂၀၁၃ ခုနှစ်တွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါ တီနှင့် ပူးပေါင်း၍ ရခိုင်အမျိုးသားပါတီ အဖြစ် ရပ်တည်ခဲ့သော်လည်း ပါတီတွင်း သဘောထား မတိုက်ဆိုင်မှု များ ကြောင့် ၂၀၁၇ ခုနှစ်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အမည်ဖြင့် ပါတီပြန်လည် တည်ထောင်ပြီး ရွေးကောက်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
UEC သည် ပါတီဝင်စာရင်းနှင့် ငွေစာရင်း အစစ်ဆေးခံခြင်း မရှိသည့် ပါတီများကို နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေအရ ပါတီမှတ်ပုံတင် ယာယီရပ်ဆိုင်းခြင်း၊ ပါတီမှတ်ပုံတင် ဖျက်သိမ်းခြင်းများ လုပ်ဆောင်မည်ဖြစ် ကြောင်း မတ်လအတွင်းက သတိပေးထား ပြီးဖြစ်သည်။
ထို့နောက် UEC သည် စာရင်းစစ်ခံခြင်း မရှိသည့် ပါတီများအနက်မှ မြန်မာ့လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီကို ပါတီမှတ်ပုံတင် တစ်နှစ်ရပ်ဆိုင်းသည့် အရေးယူမှုကို မေ ၃ ရက်တွင် စတင် ပြုလုပ်ခဲ့သည်။
သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ပါတီခေါင်းဆောင်များ ဖမ်းဆီးထိန်းသိမ်းခံရ၍ စာရင်းဇယားများ စုစည်းရန် အခက်အခဲရှိကြောင်းသိရ၍ အချိန်ကာလ တစ်ခုပေးပြီး စောင့်ဆိုင်းရန် ကော်မရှင် စုံညီ အစည်းအဝေးက ဆုံးဖြတ်ထားကြောင်း၊ SNLD ပါတီကိုလည်း ဇွန် ၃၀ ရက် နောက်ဆုံးထား အစစ်ဆေးခံရန် ထပ်မံ အကြောင်းထားကြောင်း UEC အဖွဲ့ဝင် ဦးခင်မောင်ဦးက ဧပြီ ၂၇ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။















