ပေါင်မြို့နယ် ဆယ်အိမ်စုကျေးရွာမှ ရေစီးဖြင့် မျောပါသွားသည့် လူခြောက်ဦးအနက် နှစ်ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး တစ်ဦးသေဆုံးကာ ကျန်သုံးဦး ပျောက်ဆုံးနေဆဲဖြစ်

ပေါင်မြို့နယ် ဆယ်အိမ်စုကျေးရွာမှ ရေစီးဖြင့် မျောပါသွားသည့် လူခြောက်ဦးအနက် နှစ်ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး တစ်ဦးသေဆုံးကာ ကျန်သုံးဦး ပျောက်ဆုံးနေဆဲဖြစ်
ရေစီးဖြင့် မျောပါပျောက်ဆုံးနေသူများကို ရှာဖွေနေစဉ် (ဓာတ်ပုံ- CJ)
ရေစီးဖြင့် မျောပါပျောက်ဆုံးနေသူများကို ရှာဖွေနေစဉ် (ဓာတ်ပုံ- CJ)
Published 23 May 2022
ဘိုဘိုမြင့်

ပြီးခဲ့သည့် မေ ၂၀ ရက်က ရေစီးဖြင့် မျောပါသွားသည့် ပေါင်မြို့နယ် သဲကုန်းကျေးရွာအုပ်စု ဆယ်အိမ်စုကျေးရွာမှ အမျိုးသားခြောက်ဦးအနက် နှစ်ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး တစ်ဦးသေဆုံးကာ ကျန်သုံးဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

အဆိုပါသဲကုန်းကျေးရွာအုပ်စု ဆယ်အိမ်စုကျေးရွာမှ အမျိုးသားခြောက်ဦးမှာ မေ ၂၀ ရက်က ပေါင်မြို့နယ် သဲကုန်းကျေးရွာ ပင်လယ်ကမ်းစပ် ဓနိတောအနီးတွင် ယက်သဲ့ပုံစံ ယင်းတွန်းဖြင့် ငါး၊ ပုစွန်ဖမ်းနေစဉ် ယင်းနေ့က တိုက်ခတ်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ်အရှိန်ကြောင့် ရေစီးဖြင့် ပင်လယ်ဘက်သို့ မျောပါသွားကြောင်း၊ ယင်းနေ့မှာပင် အမျိုးသားနှစ်ဦးအား ထန်းပင်ချောင်ကြီးကျေးရွာဘက်ကမ်းစပ်၌ အသက်ရှင်လျက်ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်လေးဦးအား ဆက်လက်ရှာဖွေမှုများလုပ်ဆောင်ခဲ့ရာ မေ ၂၁ ရက် ညနေပိုင်းက အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား သဲဖြူကုန်းကျေးရွာ ပင်လယ်ကမ်းစပ်တွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

“လောလောဆယ် ပျောက်ဆုံးနေဆဲ ကျန်သုံးဦးကို မီးသတ်တပ်ဖွဲ့ဝင်တွေရော၊ လူမှုကူညီကယ်ဆယ်ရေးအသင်းတွေရော၊ ဒေသခံတွေပါ ရှာဖွေရေး လုပ်ဆောင်နေဆဲဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် မေ ၂၀ ရက်က ကုန်းတွင်းမုန်တိုင်းငယ် ဝင်ရောက်တိုက်ခတ်မှုကြောင့် ပေါင်မြို့နယ်အပါအဝင် မော်လမြိုင်၊ သထုံ၊ သံဖြူဇရပ်၊ မုဒုံ၊ ချောင်းဆုံအစရှိသော မြို့နယ်များတွင် သစ်ပင်ကြီးများ လဲပြိုခြင်း၊ နေအိမ်နှင့် စျေးဆိုင်တချို့ အမိုးလန်ပျက်စီးခြင်း၊ နေအိမ်တချို့ပြိုကျပျက်စီးခြင်း၊ ဓာတ်တိုင်များ လဲကျပျက်စီးခြင်းများ ဖြစ်ပွားခဲ့ပြီး မော်လမြိုင်မြို့ မုပွန်ရပ်ကွက်ရှိ အရက်ချက်စက်ရုံခေါင်းတိုင်ပြိုကျမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။

Most Read

Most Recent