ဒီဘားလားအားခေါ်ယူရန် ရိုးမားနည်းပြ မော်ရင်ဟို စီစဉ်နေ

ဒီဘားလားအားခေါ်ယူရန် ရိုးမားနည်းပြ မော်ရင်ဟို စီစဉ်နေ
Photo: The Sun
Photo: The Sun
Published 19 May 2022

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုသည် ယခုရာသီကုန်တွင် ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာမည့် အာဂျင်တီးနားတိုက်စစ်မှူး ဒီဘားလားကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့်ခေါ်ယူရန် စီစဉ်နေကြောင်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။

အသက်(၂၈)နှစ်အရွယ်ရှိ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်ကစားသမား ဒီဘားလားသည် ယခုရာသီကုန်တွင် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ယခုနွေတွင် အသင်းမှ ထွက်ခွာမည်ဟု အတည်ပြုထားသူဖြစ်သည်။

၎င်းကိုခေါ်ယူရန် အင်တာမီလန်၊ မန်ယူ၊ စပါး၊ အာဆင်နယ်၊ အက်သလက်တီကိုနှင့် ရိုးမားအသင်းတို့က စိတ်ဝင်စားနေကြကြောင်း သိရသည်။

အီတလီသတင်းစာ La Repubblica ၏ ဖော်ပြချက်အရ ရိုးမားနည်းပြ မော်ရင်ဟိုသည် ဒီဘားလားအား ရိုးမားအသင်းသို့ ပြောင်းရွှေ့လာရန် စည်းရုံးသွားဖွယ်ရှိနေကြောင်း သိရသည်။

ယခုလအစောပိုင်းက ဒီဘားလားအနေဖြင့် အင်တာမီလန်အသင်းသို့ တစ်နှစ်လစာ ပေါင်(၅)သန်းဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ပြီဟု အီတလီမီဒီယာများက ဖော်ပြခဲ့ကြသော်လည်း လက်ရှိအချိန်ထိ ဒီဘားလားအနေဖြင့် အနာဂတ်နှင့်ပတ်သက်ပြီး မဆုံးဖြတ်ရသေးကြောင်း သိရသည်။

ထို့ကြောင့် ရိုးမားအသင်းသည် ၎င်းကိုခေါ်ယူရန် ကြိုးပမ်းလာခြင်းဖြစ်ပြီး မော်ရင်ဟို၏ နာမည်ကျော်ကြားမှုကို အဓိကအသုံးချကာ ဒီဘားလားအား ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။

ဒီဘားလားသည် ဂျူဗင်တပ်စ်အသင်းတွင်ကစားခဲ့သည့် (၇)နှစ်အတွင်း (၁၁၅)ဂိုး သွင်းယူခဲ့သည်။

Most Read

Most Recent