လီဗာပူးလ်အသင်းအား ဂိုးပြတ်အရေးနိမ့်ခဲ့ရသည့်ပွဲမှာ အရှက်ရစရာဟု မန်ယူနည်းပြ ရန်းနစ် ဝန်ခံ

လီဗာပူးလ်အသင်းအား ဂိုးပြတ်အရေးနိမ့်ခဲ့ရသည့်ပွဲမှာ အရှက်ရစရာဟု မန်ယူနည်းပြ ရန်းနစ် ဝန်ခံ
Photo : Getty Images
Photo : Getty Images
Published 21 April 2022

ဧပြီလ ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲကျန်ပွဲစဉ်တွင် လီဗာပူးလ်အသင်းအား အဝေးကွင်း၌ (ဝ-၄)ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီးနောက် မိမိတို့အသင်းအတွက် အရှက်ရစရာကောင်းသည်ဟု မန်ယူနည်းပြ ရာ့ဖ်ရန်းနစ်က ပွဲအပြီးတွင် ဝန်ခံခဲ့သည်။

"ယာဂန်ကလော့ပ် လီဗာပူးလ်အသင်းကို ရောက်လာချိန်မှာ ကလပ်အသင်းကို သူ အများကြီး ပြောင်းလဲခဲ့ရတယ်။ ဘောလုံးအသင်းကိုတင်မဟုတ်ဘဲ ကလပ်အသင်း တစ်ခုလုံးပါ နောက်တစ်ဆင့်ကို တက်သွားခဲ့တယ်။ ဒါဟာ လာမယ့် အပြောင်းအရွှေ့ကာလတွေမှာ ကျွန်တော်တို့အသင်း လုပ်ဖို့လိုအပ်နေတဲ့ အရာတွေဖြစ်ပါတယ်။ ဒီနေရာမှာ ပြုပြင်တည်ဆောက်မှုတွေက သေချာပေါက် ပြန်လုပ်ရမှာပါ။ ဒါဟာ ဒီအသင်းကို စရောက်ပြီး သုံးပတ်၊ လေးပတ်အတွင်းမှာ ကျွန်တော်သိခဲ့တဲ့ အရာဖြစ်တယ်။ ကျွန်တော်တို့အတွက်တော့ နည်းပြတစ်ဦးအနေနဲ့ ဒီနေရာမှာ ဒီလိုထိုင်နေရတာ၊ အထူးသဖြင့် သတင်းစာရှင်းလင်းပွဲမှာ ဒီလိုအခြေအနေမျိုးတွေ ပြောရတာ တကယ်ရှက်စရာကောင်းပါတယ်။ သူတို့က ကျွန်တော်တို့ထက် ပိုကောင်းတယ်လို့ပဲ ရိုးရိုးလေး ပြောရမှာပဲ" ဟု ရန်းနစ်က ပြောကြားခဲ့သည်။

မန်ယူအသင်းသည် လီဗာပူးလ်ကို နှစ်ကျော့စလုံး အရေးနိမ့်ခဲ့ပြီး ရလဒ်မှာ (ဝ-၉) ဂိုးအထိ ဖြစ်ခဲ့သည်။ ယင်းအခြေအနေမှာ မန်ယူအသင်းအတွက် တစ်ရာသီအတွင်း ကစားသည့် အမှတ်ပေးပွဲစဉ်များတွင် နှစ်ကျော့ပေါင်းရလဒ်၌ နှစ်ပေါင်း ၁၃၀ နီးပါးအတွင်း အဆိုးရွားဆုံးဖြစ်ခဲ့သည်။

မန်ယူအသင်း သမိုင်းတစ်လျှောက် နှစ်ကျော့ပေါင်းရလဒ် အဆိုးရွားဆုံးအဖြစ် စံချိန်တင်ထားမှုမှာ ၁၈၉၂- ၉၃ ရာသီက ဆန်းဒါးလန်းအသင်းကို ဝ-၁၁ ဂိုးဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာမှာလည်း မန်ယူအသင်းဘက်သို့ တစ်ရာသီအတွင်း ငါးဂိုးအထိ သွင်းယူနိုင်သည့် ပထမဆုံးကစားသမားဖြစ်ခဲ့လာသည်။ 

 

Most Read

Most Recent