မြန်မာ့လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမားဖြစ်သူ မောင်မောင်လွင်သည် ယခုတစ်ပတ် ကျင်းပခဲ့သည့် ထိုင်းလိဂ်-၂ ပြိုင်ပွဲ ပွဲစဉ် (၃၂) တွင် ဂိုးသွင်းယူနိုင်ခဲ့ပြီး ယင်းဂိုးမှာ ယခုရာသီ သူ၏ (၃) ဂိုးမြောက် သွင်းဂိုးဖြစ်ကြောင်း သိရသည်။
ယခုရာသီ ထိုင်းလိဂ်-၂ ပြိုင်ပွဲ ပွဲစဉ်(၃၂) ကို ပြီးခဲ့သည့် ဧပြီ ၁၅၊ ၁၆၊ ၁၇ ရက်များက ကျင်းပခဲ့ရာ မောင်မောင်လွင်၏ လမ်ဖွန်အသင်းမှာ အောင်ကောင်းမာန်၏ အူဒွန်ထာနီအသင်းကို (၃-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ယင်းပွဲတွင် မြန်မာကစားသမားနှစ်ဦးဖြစ်သည့် မောင်မောင်လွင်နှင့် အောင်ကောင်းမာန်တို ့နှစ်ဦးစလုံးမှာ သက်ဆိုင်ရာအသင်းများတွင် ပွဲထွက်ကစားခွင့် ရရှိခဲ့သလို ပွဲချိန်ပြည့်လည်း ကစားခွင့်ရရှိခဲ့သည်။
ယင်းပွဲတွင် မောင်မောင်လွင်မှာ လမ်ဖွန်အသင်းအတွက် အပိတ်ဂိုးဖြစ်သည့် တတိယမြောက်ဂိုးကို ပွဲချိန် (၉၁) မိနစ်အရောက်၌ သွင်းယူနိုင်ခဲ့ပြီး အောင်ကောင်းမာန်မှာမူ သူ၏ အူဒွန်ထာနီအသင်းအတွက် ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
အခြားပွဲများတွင် ဇော်မင်းထွန်း၏ ထရတ်အသင်းမှာ မြောင်ကန်အသင်းကို (၄-၁) ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဇော်မင်းထွန်းမှာ ပွဲချိန်ပြည့် ကစားခွင့်ရခဲ့သော်လည်း ပွဲချိန်(၃၉) မိနစ်တွင် အဝါကတ်အပြခံခဲ့ရသည်။
ဆွမ်လမန်၏ ထိုင်းရေတပ်အသင်းမှာ ချိုင်နတ်အသင်းကို (၁-၃) ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး ဆွမ်လမန်မှာ ပွဲချိန်(၂၈) မိနစ်တွင် အဝါကတ် အပြခံခဲ့ရသလို ပွဲချိန်(၇၈) မိနစ်တွင်လည်း လူစားလဲခံခဲ့ရသည်။
ကျော်ကိုကို၏ Rayong အသင်းမှာ ကာစတမ်အသင်းကို (၂-၀) ဂိုး ဖြင့် အနိုင်ရခဲ့သော်လည်း ကျော်ကိုကိုမှာမူ အရန်စာရင်း၌ပင် မပါဝင်ခဲ့ကြောင်း သိရသည်။
အောင်ကျော်နိုင်၏ ရနောင်းအသင်းမှာ ရာပရာချာအသင်းကို (၀-၁) ဂိုဖြင့်ရှုံးနိမ့်ခဲ့ပြီး အောင်ကျော်နိုင်မှာမူ ဒဏ်ရာကြောင့် ပါဝင်ကစားခွင့်မရရှိခဲ့ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်တိုက်စစ်ကစားသမားဖြစ်သူ အောင်သူကစားနေသည့် ထိုင်းလိဂ်-၁ ကလပ် ဘူရီရမ်အသင်းမှာမူ ယခုရာသီ ပွဲစဉ်မကုန်ဆုံးမီ ဗိုလ်စွဲထားခဲ့ပြီဖြစ်ပြီး ထိုင်းလိဂ်-၁ ပြိုင်ပွဲမှာလည်း ခေတ္တရပ်နားထားလျက်ရှိသည်။
မြန်မာ့လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမားဖြစ်သူ မောင်မောင်လွင်သည် ယခုရာသီ ထိုင်းလိဂ်-၂ ပြိုင်ပွဲ၏ ဖေဖော်ဝါရီအတွက် တစ်လတာအကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးရရှိထားသည်။
မောင်မောင်လွင်သည် ဖေဖော်ဝါရီလအတွင်း လမ်ဖွန်အသင်းကစားခဲ့သည့် လေးပွဲတွင် ကိုယ်တိုင်နှစ်ဂိုးသွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုလေးကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်။
ထို့ပြင် လမ်ဖွန်အသင်းမှာလည်း ဖေဖော်ဝါရီလအတွင်းကစားသည့် လေးပွဲတွင် သုံးပွဲအနိုင်ရခဲ့သည်။
မောင်မောင်လွင်သည် လမ်ဖွန်အသင်း၏ ရလဒ်ကောင်းများအတွက် အဓိကနေရာမှ ပံ့ပိုးစွမ်းဆောင်နိုင်ခဲ့၍ တစ်လတာအကောင်းဆုံးကစားသမားဆုရရှိခဲ့ခြင်းဖြစ်သည်။















