တောင်ဒဂုံမြို့နယ်တွင် ခင်ပွန်းဟောင်း၏ ဓာတ်ဆီလောင်းမီးရှို့ခံရပြီး သေဆုံးသွားသည့်အမျိုးသမီးအမှုမှ ကျူးလွန်သူ စိုးကြီး(ခေါ်)စိုးသူရအား ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဧပြီ ၈ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ကြောင်း သိရသည်။
ကျူးလွန်သူ စိုးကြီး(ခေါ်)စိုးသူရကို ရာဇသတ်ကြီးပုဒ်မ ၃၀၂(၂(ခ)) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
သေဆုံးသူ မလွင်မာဦး၏ အစ်ကိုဖြစ်သူ ကိုအောင်အောင်ဦးက " ကျွန်တော့်ညီမလေး အသတ်ခံရတဲ့အမှု တရားခံကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်အနှစ် ၂၀ ကျခံစေရန် အရှေ့ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ် " ဟုပြောကြားခဲ့သည်။
ဓာတ်ဆီလောင်းမီးရှို့ခံရသည့် မလွင်မာဦးသည် ၇၀ ရာခိုင်နှှုန်းခန့် ခန္ဓာကိုယ်အနှံမီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူနေစဉ် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် သေဆုံးသွားကြောင်း သိရသည်။
အမှုမှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က တောင်ဒဂုံမြို့နယ် ၂၆ ရပ်ကွက်တွင် ဖြစ်ပွားခဲ့ပြီး ကွာရှင်းထားပြီးဖြစ်သည့် ခင်ပွန်းဟောင်းဖြစ်သူ စိုးကြီး(ခေါ်)စိုးသူရက ဇနီးဟောင်းဖြစ်သူ အသက် ၂၃ နှစ်အရွယ် မလွင်မာဦးကို တောင်ဒဂုံမြို့နယ်ရှိ ဝပ်ရှော့တစ်ခုသို့ ခေါ်ဆောင်ပြီး ဓာတ်ဆီလောင်းမီးရှို့ခဲ့ကာ ဒဏ်ရာများကြောင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ဇန်နဝါရီ ၁၁ ရက်မှ စတင်ကာ စိုးရိမ်ရလူနာအဖြစ် ဆေးဝါးကုသမှု ခံယူခဲ့ရကြောင်း၊ ဆေးကုသမှု တစ်လခန့်အကြာတွင် သေဆုံးခဲ့ကြောင်းသိရသည်။
ကျူးလွန်သူ စိုးကြီး(ခေါ်)စိုးသူရကို မူလက အပြင်းအထန်းနာကျင်စေမှု ပုဒ်မ ၃၂၆ ဖြင့် တရားစွဲဆိုခဲ့ကာ နောက်ပိုင်း မလွင်မာဦး မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားပြီးနောက် ပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲအမှုဖွင့်ကာ တရားစွဲဆို အမှုစစ်ဆေးခဲ့ကြောင်း သိရသည်။