ရီးယဲလ်မက်ဒရစ်ဂိုးသမား ကော်တိုအာက ဧပြီလ ၆ ရက်(ယနေ့)တွင်ကစားမည့် ချန် ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ် ပထမအကျော့၌ အသင်းဟောင်း ချယ်လ်ဆီးပရိသတ်များ၏လှောင်ပြောင်မှု မခံရရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ကော်တိုအာသည် ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တွင် ချယ်လ်ဆီးအသင်းနှင့် ပြန်လည်ဆုံတွေ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် တံခါးပိတ်ကစားစေခဲ့သဖြင့် အသင်းဟောင်းပရိသတ်များနှင့် မဆုံ တွေ့ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင်မှ ၎င်းအနေဖြင့် ၂၀၁၈ ခုနှစ် နွေရာသီတွင် ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ပြီးနောက် ချယ်လ်ဆီး ပရိသတ်များနှင့် ပထမဆုံး ပြန်လည်ဆုံတွေ့မည့်ပွဲစဉ်ဖြစ်ကြောင်း သိရသည်။
"သူတို့ (ချယ်လ်ဆီးပရိသတ်) ကျွန်တော်တို့ မလှောင် ပြောင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ ကြိုတော့ မသိနိုင်ပါဘူး။ ဘာတွေပဲဖြစ်လာလာ ကျွန်တော် ပြင်ဆင်ထားပါတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်ကို ပြန်လာရတာ ပျော်ရွှင်မှုတစ်ခု ဖြစ်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အခုချိန်မှာ ကျွန်တော်တို့က ပြိုင်ဘက်တွေပါ။ သူတို့ကလည်း အနိုင်လိုချင်ပြီး ကျွန်တော်တို့ နဲ့ ရည်မှန်းချက်တူပါတယ်။ ဒါကြောင့် ပရိသတ်တွေထံက လက်ခုပ်သြဘာသံကိုတော့ မျှော်လင့်မထားပါဘူး"ဟု ကော်တိုအာက Marca သတင်းစာသို့ ပြောကြားခဲ့သည်။
ကော်တိုအာသည် ချယ်လ်ဆီးအသင်း၌ ကစားစဉ် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့လိုသည့် ဆန္ဒကို ဖွင့်ဟခဲ့သဖြင့် ပရိသတ်များ၏ငြိုငြင်ခြင်း ခံခဲ့ရသူဖြစ်သည်။