(၃၁) ကြိမ်မြောက် ဆီးဂိမ်းစ် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲများအတွက် အုပ်စုမဲခွဲပွဲအခမ်းအနားကို ဧပြီ ၆ ရက်တွင် ပြုလုပ်မည်

(၃၁) ကြိမ်မြောက် ဆီးဂိမ်းစ် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲများအတွက် အုပ်စုမဲခွဲပွဲအခမ်းအနားကို ဧပြီ ၆ ရက်တွင် ပြုလုပ်မည်
Photo: Sea Games
Photo: Sea Games
Published 5 April 2022

ဗီယက်နမ်အိုလံပစ်ကော်မတီ၊ ဆီးဂိမ်းစ် ပြိုင်ပွဲ ကျင်းပရေးနှင့် ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်(VFF) တို့၏ စီစဉ်မှုအရ (၃၁) ကြိမ် မြောက် ဆီးဂိမ်းစ် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲများအတွက် အုပ်စုမဲခွဲပွဲကို လာမည့် ဧပြီ ၆ ရက်တွင်ဟနွိုင်းမြို့၌ ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။

(၃၁) ကြိမ်မြောက် ဆီးဂိမ်းစ် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် အသင်း(၁၀)သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး (၅)သင်း (၂)အုပ် စုခွဲ၍ မေ ၆ ရက်မှ ၂၂ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

ပြိုင်ပွဲဝင် အသင်း (၁၀)သင်း ၏ ဆီဒင်သတ်မှတ်မှုများအရ Pot 1 တွင် လက်ရှိချန်ပီယံ ဗီယက်နမ်၊ ထိုင်း၊ Pot 2  တွင် အင်ဒိုနီးရှား၊ မလေးရှား၊ Pot 3 တွင် မြန်မာ၊ ကမ္ဘောဒီးယား၊ Pot 4 တွင် ဖိလစ်ပိုင်၊ စင်ကာပူ၊ Pot 5 တွင် လာအို၊ တီမောအသင်းတို့ ပါဝင်နေသည်။

ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အသင်း(၈) သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး (၄) သင်း (၂) အုပ်စုခွဲ၍ မေ ၉ ရက်မှ ၂၁ ရက် အထိကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။

ပြိုင်ပွဲဝင် အသင်း(၈) သင်း၏ ဆီဒင်သတ်မှတ်ချက်များအရ Pot 1 တွင် လက်ရှိချန်ပီယံ ဗီယက်နမ်၊ ထိုင်း၊ Pot 2 တွင် မြန်မာ၊ ဖိလစ်ပိုင်၊ Pot 3 တွင် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ လာအိုအသင်းတို့ ပါဝင်နေသည်။

အမျိုးသားဘောလုံးပြိုင်ပွဲကို မေ ၆ ရက်တွင် စတင်ကျင်းပမည်ဖြစ်သောကြောင့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းများအနက် အစောဆုံးကျင်းပခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲကို အသင်း(၁၁) သင်းဖြင့် ကျင်းပခဲ့ပြီး ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဘရူနိုင်းအသင်းမှာမူ ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း သိရသည်။

၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဗီယက်နမ်အသင်းက အင်ဒိုနီးရှားအသင်းကို (၃-၀) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲထားသည်။

၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အသင်း(၆)သင်းသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းမရှိသည့် စင်ကာပူ၊ လာအိုနှင့် ကမ္ဘောဒီးယား အမျိုးသမီးအသင်းများ ယခုတစ်ကြိမ်တွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဗီယက်နမ်အသင်းက ထိုင်းအသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲထားသည်။

(၃၁) ကြိမ်မြောက် ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲကို အသက်(၂၂) နှစ်အောက်ပြိုင်ပွဲအဖြစ်သတ်မှတ်ထားသော်လည်း အသက်ကျော်ကစားသမား (၃)ဦး ပါဝင်ခွင့်ပြုထားသည်။

အမျိုးသမီးပြိုင်ပွဲကိုမူ ယခင်အတိုင်း လက်ရွေးစင်အဆင့်ပြိုင်ပွဲအဖြစ်ပြုလုပ်သွားမည်ဖြစ်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးနှင့် VFF တို့သည် အမျိုးသားပြိုင်ပွဲကို ကွင်း(၃) ကွင်း၊ အမျိုးသမီးပြိုင်ပွဲကို ကွင်း(၂) ကွင်းတို့တွင် ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာအမျိုးသားနှင့် အမျိုးသမီးဘောလုံးအသင်းများသည် နောက်ဆုံးကျင်းပသည့် ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုများ ရရှိထားသည်။