အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီလက်ထက်မှာ အခြားစက်သုံးဆီဆိုင်တွေထက် သက်သာတဲ့စျေးနဲ့ ရောင်းချပေးဖို့ဆိုပြီး YP စက်သုံးဆီဆိုင်တွေကို လုပ်ကိုင်ခွင့်ပေးခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့ စျေးကောင်းရတဲ့ မြေနေရာတွေကို ကာလပေါက်စျေးထက် သက်သာတဲ့နှုန်းထားနဲ့ မြေနေရာ ချထားပေးခဲ့ပါတယ်။
YP စက်သုံးဆီဆိုင်တွေ စတင် ဖွင့်လှစ်တဲ့အချိန်မှာတော့ အခြား စက်သုံးဆီဆိုင်စျေးတွေထက် လျော့နည်းတဲ့စျေးနဲ့ ရောင်းချပေးခဲ့ပေမဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်အပြီး နောက်ပိုင်းမှာတော့ အဆိုပါစက်သုံးဆီဆိုင်တွေရဲ့ စျေးနှုန်းတွေက အခြားဆိုင်တွေထက် မလျှော့တဲ့စျေးနဲ့ ရောင်းချနေတဲ့အပြင် အချို့စက်သုံးဆီဆိုရင် အခြားဆိုင်တွေထက် တစ်လီတာကို အနည်းဆုံး ၁၀ ကျပ်ကျော် များနေတာကို တွေ့ရပါတယ်။
တပ်မတော်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ် မတ် ၁၅ ရက်မှာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ နစ်နာမှုအဖြစ် နိုင်ငံပိုင် စက်သုံးဆီဆိုင်တွေကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေဆီ လွှဲပြောင်းပေးဖို့ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်က တင်ဒါခေါ်ယူခဲ့ပြီး ပထမအကြိမ်မှာ စက်သုံးဆီဆိုင် ၁၅၅ ဆိုင်၊ ဒုတိယအကြိမ်မှာ ဆိုင် ၈၀ နဲ့ တတိယအကြိမ်မှာ ၁၁ ဆိုင်ကို ရောင်းချခဲ့ပါတယ်။
အဲဒီလို နိုင်ငံပိုင်သတင်းစာ တွေကနေတစ်ဆင့် တင်ဒါခေါ် ရောင်းချခဲ့ပေမဲ့ ဒီဆိုင်တွေကို အစိုးရနဲ့နီးစပ်တဲ့ ကုမ္ပဏီကြီး ၂၀ ကပဲ ရသွားခဲ့တာဖြစ်ပြီး ပေါက်စျေးထက် ၁၀ ဆကျော်နည်းတဲ့ စျေးနှုန်းတွေနဲ့ ဝယ်ယူခွင့်ရခဲ့တာလို့ ပြော ကြားမှုတွေရှိခဲ့ပြီး ဒီလိုအစိုးရနဲ့ နီးစပ်သူတွေကို အောက်စျေးနဲ့ ရောင်းခဲ့တာမို့လို့ တိုင်းပြည်ဘဏ္ဍာ ဘီလျံနဲ့ချီ နစ်နာမှုတွေ ကြုံခဲ့ရသလို လက်ရှိအချိန်အထိ ဒီလိုလွှဲပေးခဲ့တာတွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်နေဆဲပါ။
ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ကနေ တရားဝင်တင်ဒါခေါ်ပြီး ရောင်းချခဲ့တာတောင် နစ်နာမှုတွေ ရှိနေတယ်လို့ ဝေဖန်ခံရတဲ့ အခြေအနေမျိုး ထွက်ပေါ်လာပြန်ပါတယ်။ အဲဒါကတော့ ၂၀၁၉ ခုနှစ်မှာ Yangon Petrol ဆိုပြီး နိုင်ငံပိုင်မြေတွေကို တစ်ပေပတ်လည် အနိမ့်ဆုံး ကျပ် ၂၀၀၀ နဲ့ ဝယ်ယူပြီး ကုမ္ပဏီ အမည်ပေါက်နဲ့ ဂရန်ဖောက်ပြီး စက်သုံးဆီဆိုင် ဖွင့်လှစ် ရောင်းချခွင့်ရခဲ့တဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။
စက်သုံးဆီဆိုင် ဖွင့်လှစ်ရောင်းချဖို့ နိုင်ငံပိုင်မြေ နေရာကောင်းများစွာကို ပေါက်စျေးထက် အဆမတန် တန်ဖိုးနည်းတဲ့စျေးနဲ့ ရောင်းချပေးရာမှာ ဆီဆိုင် ၁၀ ဆိုင်လောက် တစ်ပြိုင်နက် ဖွင့်လို့ရအောင် ကျယ်ဝန်း တဲ့ နိုင်ငံပိုင်မြေတွေလည်း ပါဝင်နေပြီး ဒီလိုမြေများစွာကို ဘာကြောင့် တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ ရောင်းချပေးသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာသလို The Daily Eleven သတင်းစာရဲ့ မေးမြန်းစုံစမ်းသိရှိရမှုတွေအရ Yangon Petrol ကုမ္ပဏီဘက်က နိုင်ငံပိုင်မြေ ၂၆ ကွက်ကို တည်နေရာ၊ အကျယ်အဝန်း အတိအကျနဲ့ တစ်ပေပတ်လည် ကျပ် ၂၀၀၀ အမည် ပေါက်ဝယ်ယူခွင့်ရဖို့ သက်ဆိုင်တဲ့ အစိုးရအဖွဲ့ကို လျှောက်ထားခဲ့တာ တွေ့ရပြီး ဒီလိုလျှောက်ထားတဲ့ မြေကွက် ၂၆ ကွက်စလုံးကိုသာ တစ်ပေ ပတ်လည် ကျပ် ၂၀၀၀ နဲ့ ဝယ်ယူခွင့် ပေးလိုက်မယ်ဆိုရင် ခန့်မှန်းကျပ်ဘီ လျံ ၂၀၀ နဲ့ ၃၀၀ ကြား နစ်နာမယ့် အခြေအနေလည်း ဖြစ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုထားတဲ့ အမှုတွေမှာဆိုရင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ရွှေနဲ့ ဒေါ်လာ ပေးတယ်ဆိုတဲ့ အတွက်ကြောင့် တရားစွဲဆို ထားသလို ဦးဝင်းမြင့်ကို တရားစွဲဆိုထားတဲ့ အမှုတွေထဲမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုထားတာဆိုရင် လူကယ်ပြန် ဝန်ကြီးဌာနက ဝယ်ယူခဲ့တဲ့ လေယာဉ်နဲ့ပတ်သက်ပြီး တရားစွဲဆို ထားတာပဲ ဖြစ်ပါတယ်။ YP စက်သုံးဆီဆိုင် တွေကို လက်ရှိအချိန်မှာ ဘယ်သူတွေက တာဝန်ယူ လုပ်ကိုင်နေသလဲ၊ စက်သုံးဆီ ဈေးနှုန်းကို ထိန်းညှိချင်တဲ့ ရည်ရွယ်ချက်က ဘာကြောင့် အကောင်အထည် မပေါ်တာလဲ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက မြေနေရာ ချထားပေးမှုတွေမှာ သမာသမတ်ကျကျ လုပ်ကိုင်ခဲ့သလား ဆိုတဲ့ အခြေအနေကတော့ မရှင်းမလင်း ရှိနေတဲ့ အနေအထားပဲ ဖြစ်ပါတယ်။ အဲဒီဆီဆိုင်တွေကို မြေနေရာတွေ ချထားပေးတဲ့အချိန်မှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက စက်သုံးဆီ ဈေးနှုန်းတွေ ကျဆင်းအောင်၊ ကမ္ဘာမှာ ဈေးကျနေတဲ့အချိန်မှာ မြန်မာ့စက်သုံးဆီဈေးက မြင့်တက်နေတဲ့ အခြေအနေကို ထိန်းချုပ်နိုင်အောင်လို့ ဆိုပြီး ပြောခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ မြေနေရာကို ဈေးပေါပေါနဲ့ ရယူထားတဲ့ YP ဆိုင်တွေရဲ့ ဆီဈေးနှုန်းကတော့ အခြားဆိုင်တွေနဲ့ တန်းတူဖြစ်နေတဲ့အပြင် တချို့ဆီဈေးနှုန်းတွေဆိုရင် ပိုများနေတယ်ဆိုတာ ငြင်းလို့မရတဲ့ အခြေအနေပဲ ဖြစ်ပါတယ် . . .
■ Yangon Petrol ဆိုတာ ဘယ်သူတွေပိုင်သလဲ
Yangon Petrol ဆီဆိုင်တွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း YRTA နှစ်နှစ်ပြည့်ပွဲမှာ “ဒီနေရာမှာ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရက ရင်းနှီးမြှုပ်နှံမှု ပြုထားသလားလို့ မေးခွန်းပြုနေတဲ့ YP နဲ့ပတ်သက်ပြီး ပြောလိုပါတယ်။ ရင်းနှီးမြှုပ်နှံငွေ ထည့်ဝင်ထားနိုင်ခြင်း မရှိပါဘူး။ ဘာကြောင့် မရှိသလဲဆိုရင် လွှတ်တော်ဘက်ကနေ ရင်းနှီးမြှုပ်နှံဖို့ငွေမပေးရင် ကျွန်တော်တို့တိုင်းအစိုးရက ရင်းနှီးမြှုပ်နှံလို့မပြုနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကနေ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ့် စက်သုံးဆီစျေး ကျဆင်းရေးအတွက် ဆောင်ရွက်မယ့် ကုမ္ပဏီတွေကို ကွပ်ကဲပံ့ပိုးကူညီပေးနိုင်ပါတယ်။ လွယ်လွယ်ကူကူ ချောချောမွေ့မွေ့နဲ့ ရောင်းဝယ်နိုင်ဖို့အတွက် စီမံဆောင်ရွက်ပေးနိုင်ပါတယ်။ ဒီအတွက် စက်သုံးဆီ စျေးကို ချနိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဒါကလည်း စျေးကွက်အတွင်းမှာ သွင်းလာတဲ့ ကုန်ပစ္စည်းကို သင့်တင့်တဲ့စျေးနဲ့ အမြတ်နှုန်းတစ်ခုနဲ့ ရောင်းပေးမယ်ဆိုရင် စျေးကျသွားနိုင်ပါတယ်။ အများကြီး မြတ်ချင်လို့တော့ မရနိုင်ပါဘူး။ လူထုရဲ့ မျက်နှာကို ကြည့်ရပါမယ်။ ပြီးခဲ့တဲ့ အစိုးရကာလအတွင်း မှာ စက်သုံးဆီဆိုင်တွေကို ပုဂ္ဂလိက ကဏ္ဍကို လွှဲပြောင်းခဲ့ပါတယ်။ ဒီလွှဲပြောင်းစဉ်ကာလမှာ ပုဂ္ဂလိက ကုမ္ပဏီ တော်တော်များများကို စျေးနှုန်းသက်သာတဲ့ နှုန်းထားနဲ့ ရောင်းပေးစေချင်တဲ့အတွက် စက်သုံးဆီဆိုင် တွေ တန်ဖိုး ရဲ့ ၁၀ ရာခိုင်နှုန်းပဲယူပြီး ပေးခဲ့တဲ့ဆိုင်တွေ အများကြီးရှိပါတယ်။ ဥပမာ သိန်း ၁၀၀၀ တန်တယ်ဆိုရင် သိန်း ၁၀၀ နဲ့ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစက်သုံး ဆီဆိုင်တွေကနေ စျေးနှုန်းကျဆင်းရေး ကိစ္စရပ်တွေက အခုအခြေအနေအထိ မေးခွန်းထုတ်စရာတွေရှိနေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေရတဲ့ ဒီဆိုင် အသစ်တွေက ဒီအခွင့်အလမ်းမျိုး အထူးအခွင့်အရေးတွေ ရှိထားပေးနိုင်ခဲ့တဲ့ အခြေအနေ မရှိပါဘူး။ ကျွန်တော်တို့ အစိုးရသစ်လက်ထက်မှာ အထူးအခွင့်အရေး ပေးနိုင်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ အခြေအနေ ဖြစ်ပါတယ်။ အားလုံးဟာ ပွဲမှာတန်းတူ ကစားကြရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရိုးသားပြီး စေတနာမှန်ကန်မယ်။ သွင်းလာတဲ့ စျေးနှုန်းနဲ့ ရောင်းချတဲ့ စျေးနှုန်းကို မျှတတဲ့ အမြတ်ငွေတစ်ခုယူပြီး လုပ်မယ်ဆိုရင် စက်သုံးဆီစျေးနှုန်းက ကမ္ဘာ့ပေါက်စျေးနဲ့ အလှမ်းကွာနေစရာ မရှိပါဘူး။ အခု ကျွန်တော်တို့ အတော်လေး အလှမ်းကွာနေတာကို တွေ့နေရပါတယ်။ စျေးကျပြီဆိုရင် ချက်ချင်း မကျချင်ဘူး။ စျေးတက်ဆိုပြီ ချက်ချင်းတက်ချင်တယ်။ ဒီအခြေအနေမျိုးတွေကစပြီး ထိန်းညှိနေရတဲ့ အခြေအနေမျိုး ရှိပါတယ်”လို့ ပြောခဲ့ပါတယ်။
Yangon Petrol ဆီဆိုင်မှာ အစိုးရက မြှုပ်နှံငွေ ထည့်ဝင်ထားမှုမရှိဘူး။ အရင်အစိုးရ လက်ထက်ကလို စက်သုံးဆီစျေးနှုန်း ချိုသာဖို့ ပေါက်စျေးထက် ၁၀ ဆလောက်အထိ လျှော့ချပြီး ရောင်းချပေးပေမဲ့ စက်သုံးဆီတွေမှာ စျေးတက်ရင် ချက်ချင်းတက်ပြီး စျေးကျရင် လိုက်မချဘူးဆိုပြီး ဦးဖြိုးမင်းသိန်းက ဆိုခဲ့ ပါတယ်။
ဒါပေမဲ့ Yangon Petrol ဆိုင် အသစ်တွေအတွက် အထူးအခွင့်အရေး ပေးမထားနိုင်ဘူးလို့ ပြောကြားမှုမှာတော့ မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။
ပထမဆုံးအချက်က စက်သုံးဆီဆိုင်တစ်ဆိုင် ဖွင့်ဖို့ဆိုရင် အမြန်ဆုံးတောင်မှ တစ်နှစ်လောက်ကြာအောင် စိစစ်ပါတယ်။ ဒီလိုစိစစ်ခံရတဲ့ Process မျိုး YP မှာ မမြင်ခဲ့ရသလို အဲဒီအချိန်တုန်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းရဲ့ ပြောကြားချက်အရ YP ဆီဆိုင်တွေဟာ အချိန် ခြောက်လ လောက်အတွင်းမှာ မြေနေရာတွေလျှောက်၊ ဆီဆိုင် အသစ်တွေဆောက်ပြီး ရောင်းချနိုင်ခဲ့တာ တွေ့ရပါတယ်။
ဒုတိယအချက်ကတော့ အ ချက် အချာကျတဲ့ နေရာကောင်းတွေ၊ ကျယ်ဝန်းလှတဲ့ နိုင်ငံပိုင်မြေတွေကို တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ ရောင်းချပေးမှုပါပဲ။ ဒီလိုအခြေအ နေမျိုးဟာ အထူးအခွင့်အရေးတွေ လို့ပဲဆိုရမှာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သတင်းတွေအရ Yangon Petro ဆီဆိုင်မှာဆိုရင် MD အဖြစ် အရင် ရန်ကုန်တိုင်း စက်သုံးဆီရောင်းဝယ်ရေး အရာရှိဖြစ်ခဲ့တဲ့ ဦးတင်နိုင်စိုးက MD အဖြစ် တာဝန်ယူပြီး ဦးဝင်းဆွေ၊ ဦးအောင်မော်သိန်း၊ ဦးအောင်ရွှေ၊ ဦးအောင်မျိုးဇော်၊ ဦးဇင်မင်းအောင်တို့က ဒါရိုက်တာအဖြစ် ပါဝင်တာ ဝန်ယူပါတယ်။ ဦးတင်နိုင်စိုးဟာ တပ်မတော် အရာရှိဟောင်းလို့သိပြီး သူဟာ DSA အပတ်စဉ် (၃၀) ဆင်း တစ်ယောက်လို့ ကြားသိရပါတယ်။
ဒီနေရာမှာ ထူးခြားတာတစ်ခု က ဦးတင်နိုင်စိုးကလွဲရင် ကျန်တဲ့ ဦးဝင်းဆွေ၊ ဦးအောင်မော်သိန်း၊ ဦးအောင်ရွှေ၊ ဦးအောင်မျိုးဇော်၊ ဦးဇင်မင်းအောင်တို့ ငါးဦးစလုံးဟာ PT Power ကုမ္ပဏီရဲ့ ဒါရိုက်တာ အဖွဲ့ဝင် ဖြစ်နေတာကို တွေ့ရပါတယ်။ PT Power စက်သုံးဆီဆိုင်နဲ့ BOC စက်သုံးဆီဆိုင်တွေရဲ့ ပိုင်ရှင်တွေဟာ ဘယ်လိုကြောင့် နိုင်ငံပိုင် မြေတွေကို တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ ဝယ်ယူခွင့်တွေ ရရှိနိုင်ခဲ့သလဲဆိုတာနဲ့ နိုင်ငံ့အတွက် ဘယ်လို အကျိုးပြုမှုတွေ ပြန်ပေးနိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာဖြစ်သလို နိုင်ငံကပြန်ရမယ့် အကျိုးရလဒ်တွေ က အရင် နိုင်ငံပိုင်စက်သုံးဆီဆိုင် ၂၄၆ ဆိုင်ကို ပုဂ္ဂလိကကို လွှဲပေးခဲ့သလိုမျိုး ပြန်ဖြစ် သွားစေနိုင်သလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်စေပါ တယ်။

■ နိုင်ငံပိုင်မြေတွေဟာ တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ ရောင်းခဲ့တဲ့အပြင် ဂရန်ပါ အမည်ပေါက် ပြောင်းခဲ့သလား
Yangon Petro ကုမ္ပဏီဘက်ကနေ တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ နိုင်ငံပိုင်မြေ ၂၆ ကွက်ကို ဧကပေါင်း ၃၇ ဒသမ ၇၀၉ ဧကအ ထိ လျှောက်ထားခဲ့မှု မှန်ကန်မယ်ဆိုရင် စက်သုံးဆီဆိုင်တစ်ဆိုင် ဖွင့်လှစ်ဖို့ထက် ပိုမိုကျယ်ဝန်းတဲ့ ဧက ကွက်များစွာလည်း ပါဝင်နေတယ်လို့ ဆိုရပါလိမ့်မယ်။
ဒီ ၃၇ ဧကကျော်အတွက်တော့ Yangon Petro ကုမ္ပဏီဘက်က နိုင်ငံတော်ကိုပေးအပ်မယ့် ပမာဏဟာ ကျပ် ၃၃၀၁၈ သိန်းခန့်ပဲ ရှိနိုင်တယ်လို့ ခန့်မှန်းတွက်ချက်သိရှိရပါတယ်။ Yangon Petro က ဝယ်ယူ ခွင့် လျှောက်ထားလာတဲ့ ဒီမြေတွေ ရဲ့ ပကတိပြင်ပပေါက်စျေးကို အသာထားပြီး ပြည်တွင်းအခွန်များဦး စီးဌာနရဲ့ ကာလတန်ဖိုး စိစစ်သတ် မှတ်ရေးအဖွဲ့က ၂၀၁၈ ခုနှစ်အ တွက် ထုတ်ပြန်ထားတဲ့ ရန်ကုန်တိုင်း ဒေသကြီးရဲ့ မြို့နယ်အလိုက် အိမ်ခြံ မြေစံနှုန်းနဲ့တွက်ရင်ကိုပဲ မြေ ၂၆ ကွက်ရဲ့ ဧကမှာ ကျပ်ဘီလျံရာနဲ့ချီ နစ်နာနိုင်တာကို တွေ့ရပါတယ်။
ဥပမာဆိုရင် ၂၀၁၉ ခုနှစ်တုန်းက ဆောက်လုပ်ရေးဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့တဲ့ ဦးဟန်ဇော်ရဲ့ မြို့ရွာ နှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနက တော့ ဒဂုံဆိပ်ကမ်းမြို့နယ်ထဲက ၁ ဒသမ ၁၃၃ ဧကကျယ်တဲ့ မြေကွက်နဲ့ သာကေတမြို့နယ် ရှုခင်းသာမြို့ ပတ်လမ်းနေရာက ၁ ဒသမ ၆၄၇ ဧက ကျယ်ဝန်းတဲ့ မြေကွက်ကို တစ် ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ Yangon Petro ဆီဆိုင်ကို လွှဲပြောင်းပေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။ ခန့်မှန်း စတုရန်းပေ ၁၂၁ယဝ၉၆ ရှိတဲ့ မြေကွက်ကြီးနှစ်ကွက်အတွက် နိုင်ငံတော်က ရခဲ့တာ ဟာ ကျပ် ၂၃၄၁ သိန်းလို့ပဲ စုံစမ်းသိရှိရပြီး အဲဒီပမာဏဟာ တစ်ပေပတ် လည် ကျပ် ၂၀၀၀ အောက်နည်းတဲ့ နှုန်းထားနဲ့ ရောင်းချလိုက်တဲ့ အခြေ အနေမျိုး ဖြစ်နေပါတယ်။
သာကေတ ရှုခင်းသာလမ်းမကြီးနေရာကို ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ ကာလတန်ဖိုး စိစစ် သတ်မှတ်ရေး အဖွဲ့က ၂၀၁၈ ခုနှစ် အတွက် ထုတ်ပြန်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးရဲ့ မြို့နယ်အလိုက် အိမ်ခြံမြေစံနှုန်းမှာ တစ်ပေပတ် လည် ကျပ် ၆၅၀၀၀ လို့ သတ်မှတ် ထားပါတယ်။ Yangon Petro က ရသွားတဲ့ အဲဒီနေရာဟာ ၁ ဒသမ ၆၄၇ ဧက ရှိတယ်လို့ စုံစမ်းသိရပြီး စတုရန်းပေ ၇၁၇၄၃ ပေနဲ့ တွက်မယ် ဆိုရင် ကျပ်သိန်း ၄၆၆၃၂ အထိ ဖြစ် နိုင်တဲ့အတွက် ဒီဆိုင်တစ်ခုတည်းက တင် ကျပ် ၄၅၁၉၈ သိန်း နစ်နာနိုင် ဖွယ် ရှိပါတယ်။
အိုးအိမ်က ရောင်းချပေးလိုက်တဲ့ အခြားမြေကွက်ဖြစ်တဲ့ ဒဂုံဆိပ်ကမ်း မြို့နယ်ထဲက ၁ ဒသမ ၁၃၃ ဧကကျယ်တဲ့ မြေကွက်ကို ကျပ် ၉၀၇ သိန်းနဲ့ Yangon Petro ကုမ္ပဏီကို ရောင်းချပေးလိုက်တာလို့ သိရပါ တယ်။ ဒီနေရာဟာ ပြင်ပစျေးကွက် အရ တစ်ပေပတ်လည်ခန့်မှန်း ကျပ် ၈၀၀၀၀ လောက်ပါ။ အဲဒီတော့ ၁ ဒသမ ၁၃၃ ဧကအတွက် ကျပ် ၃၉၄၈၂ သိန်း ကျနိုင်ပါတယ်။
Yangon Petro ကုမ္ပဏီကို ဆောက်လုပ်ရေး ဝန်ကြီးဌာနရဲ့ မြို့ ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနက မြေကွက်နှစ်ကွက် ရောင်းချပေး လိုက်မှုကနေ နိုင်ငံ့အတွက် ကျပ် သိန်းပေါင်းများစွာ နစ်နာဖွယ်ရာရှိတဲ့ အခြေအနေ ဖြစ်တာကြောင့် ဒီနစ်နာမှုကနေ တိုင်းပြည်က ဘာပြန်ရမလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဒါ့အပြင် ဒီမြေကွက် နှစ်ကွက်ဟာလည်း နိုင်ငံပိုင်အဖြစ်ကနေ Yangon Petro ကုမ္ပ ဏီပိုင်အဖြစ် ဂရန်အမည်ပေါက် ပြောင်းလဲသွားပြီလို့ သိရပါတယ်။
ဒီနေရာမှာ မြေ ၂၆ ကွက်ရဲ့ ၃၇ ဧကကျော်အတွက် အဆိုပြုထားတဲ့ ကျပ် ၃၃၀၁၈ သိန်းဟာ အိုးအိမ်ပိုင် မြေကွက်နှစ်ကွက်ရဲ့ ကာလပေါက် စျေးအောက်တောင် လျော့နည်းနေ တဲ့အတွက် နိုင်ငံ့ဘဏ္ဍာ နစ်နာမှုဟာ အဆမတန် ကြီးမားများပြားနေပါ တယ်။
ဒီလိုရရှိမှုတွေနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်တုန်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ ဥက္ကဋ္ဌ၊ ဆိပ်ကြီးခနောင်တို မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက “တကယ်လို့သာ နိုင်ငံတော်ပိုင်ပစ္စည်းဖြစ်တဲ့ မြေ နေရာကို ၂၆ နေရာမှာ ဖွင့်ဖို့ရှိရင် ပြည်သူတွေကို ဆီစျေးလျှော့ပြီး ရောင်းချမယ်ဆိုရင် ကောင်းတဲ့ အစီ အစဉ်၊ ပြည်သူတွေအတွက် ချပေးဖို့ အစီအစဉ်ရှိရင် အားလုံးဝင်ပြိုင်နိုင်အောင် တင်ဒါမဟုတ်ရင်တောင် ကြေညာပေးရမယ်။ အခုချထားပေးတဲ့ မြေနေရာငါးခုမှာ လူအမည်နှစ်ခုတည်းနဲ့ ချထားပေးတာ သိပ်သဘာ ဝမကျဘူး” လို့ ပြောကြားခဲ့ပါတယ်။

■ တိုင်းပြည်က ဘာပြန်ရမလဲ
၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၅ ရက် မှာ NLD ပါတီရဲ့ ဗဟိုသုတေသန အဖွဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဦးမျိုး ရန်နောင်သိန်းက Yangon Petro ဆီဆိုင်နဲ့ပတ်သက်ပြီး သူ့ရဲ့လူမှုကွန်ရက် အကောင့်မှာ ပို့စ်တစ်ခုတင်ခဲ့ ပါတယ်။ ပို့စ်မှာဆိုရင် “အခု Yangon Petro က ဆီစျေးတွေကျအောင် လုပ်နေတာ ပြည်သူတွေအ တွက် အကျိုးမဖြစ်ထွန်းဘူးလား။ ခရိုနီတွေကတော့ ဘယ်ကြိုက်ပါ့မလဲဗျာ။ Yangon Petro က တင်ဒါ ခေါ်ရတဲ့ ကိစ္စမဟုတ်ပါဘူး။ အစိုးရပိုင် ငွေကြေးနှင့် ဆောင်ရွက်တဲ့ကိစ္စ မဟုတ်ပါ။ အစိုးရပိုင်မြေကို အလကား သုံးစွဲနေခြင်း မဟုတ်ပါ။ အထူး ဂရန်ပေါက်စျေး ၉၀၀ နှင့်တောင် ပေးခြင်းမဟုတ်ဘဲ 1 Sq feet ကို ၂၀၀၀ နှင့် ပေးခြင်းပါ။ ရန်ကုန်တိုင်းအစိုးရနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်လို့ G to G ဆက်သွယ်ပေးသော်လည်း အလုပ်လုပ်တဲ့အခါ B to B ဖြစ်ပါသည်။ ရန်ကုန်တိုင်းအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်မှု အဓိကအကြောင်းရင်းမှာ စျေးနှုန်းလျှော့ရောင်းရန် ဖြစ်ပါတယ်။ ရတဲ့အမြတ် ၂၀ ရာခိုင်နှုန်းကို အစိုးရကို ပေးရပါမယ်။ သတင်းအချက် မှားယွင်းဖော်ပြမှုဆိုတာ အမည်ဖျက်စေလိုခြင်း၊ ပြည်သူ အထင်အမြင် လွဲမှားအောင်လုပ်ခြင်း ဖြစ်ပါတယ်။ ပြည်သူကို မျက်နှာမူပါ” လို့ ရေးသားခဲ့တာကို တွေ့ရပါတယ်။
ဦးမျိုးရန်နောင်သိန်းရဲ့ အဆို အရ နိုင်ငံပိုင်မြေတွေကို Yangon Petro က ကျပ် ၂၀၀၀ နဲ့ ရထား တယ်။ အဓိကလုပ်မှာက ဆီစျေးကျအောင် လုပ်မှာဖြစ်တယ်။ ရန်ကုန်တိုင်းအစိုးရနဲ့ အကျိုးတူပူးပေါင်း ဆောင်ရွက်တာဖြစ်လို့ G to G ဆက်သွယ်ပေးပေမဲ့ အလုပ်လုပ်တဲ့အခါ B to B လုပ်မယ်။ ရလာတဲ့ အမြတ် ရာခိုင်နှုန်း ၂၀ ကို အစိုးရကို ပေးရမယ်ဆိုတဲ့ သဘောတွေ့ရပါတယ်။
ဒီနေရာမှာ မေးစရာဖြစ်လာတာက နိုင်ငံပိုင်မြေကို အလွန် နည်းပါးတဲ့စျေးနှုန်းနဲ့ ရောင်းချပေးလိုက် တာကြောင့် ကျပ်ဘီလျံရာပေါင်း များစွာ နစ်နာမှုပါ။ The Daily Eleven သတင်းစာရဲ့ တွက်ချက်မှု အရ နိုင်ငံပိုင်မြေတွေကို ကျပ် ၃၃၀၁၈ သိန်းခန့်နဲ့ ရယူခွင့်ပြုပေးခဲ့ မယ်ဆိုရင် ပြင်ပပေါက်စျေးရဲ့ တစ် ရာခိုင်နှုန်း၊ နှစ်ရာခိုင်နှုန်းလောက်ပဲ ရှိနေတဲ့ အပြင် ဒီလိုအခွင့်အရေးများ စွာ ရထားတဲ့ Yangon Petro ဆီဆိုင်က စျေးနှုန်းချိုသာစွာ ရောင်းချပေးမယ်ဆိုပေမဲ့ တချို့ရက်တွေမှာ ပြည်တွင်းက ကိုယ်တိုင်ငွေစိုက်ထုတ် ပြီး နိုင်ငံကို ကျပ်ဘီလျံပေါင်းများစွာ အခွန်ဆောင်ထားတဲ့ အခြားစက်သုံးဆီ ကုမ္ပဏီတွေထက် စျေးအနည်း ငယ်များနေတဲ့ အခြေအနေတွေနဲ့ လက်ရှိမှာ စတင်အသက်ဝင်နေပြီ ဖြစ်တဲ့ ယှဉ်ပြိုင်မှုဥပဒေအရ မမျှတ တဲ့ယှဉ်ပြိုင်မှု ဖြစ် မဖြစ် ဆိုတာနဲ့ စက်သုံးဆီစျေး ကျဆင်းအောင် ပုဂ္ဂလိကနဲ့ လုပ်ကိုင်တယ်ဆိုရာမှာ ပုဂ္ဂလိကပိုင်ပြုလုပ်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ မကိုက်ညီရင် တိုင်းပြည်က နစ်နာမှုအတွက် ဘယ်သူက တာဝန်ယူ၊ တာဝန်ခံမလဲ ဆိုတာ မေးခွန်း ထုတ်မှုတွေ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် နောက်လာမယ့် ငါးနှစ်မှာ၊ နောက်လာမယ့် ၁၀ နှစ်မှာ အရင်တုန်းက နိုင်ငံပိုင် စက်သုံးဆီဆိုင်တွေ ကို လွှဲပြောင်းယူခဲ့တဲ့ ကုမ္ပဏီကြီး ၂၀ လို Yangon Petro ဟာ ဆီစျေးတက်ရင် ချက်ချင်းတက်ပြီး ဆီစျေးကျရင် လိုက်မချတဲ့ အခြေအနေဖြစ် နေမယ်ဆို ဒီလိုဖြစ်လာတာကို ဘယ်သူက တာဝန်ယူမလဲဆိုတဲ့ အပေါ်ကိုလည်း မေးခွန်း ထုတ်ခဲ့ကြပါတယ်။
Yangon Petro ကို နိုင်ငံပိုင် မြေတွေ ဘီလျံရာနဲ့ချီ အဆုံးရှုံးခံပြီး လွှဲပြောင်းမှုဟာ အဲဒီအချိန်တုန်းက ပြည်ထောင်စုအဆင့် လွှတ်တော် တွေမှာ ဆွေးနွေးတင်ပြထားတာ မတွေ့ရသလို ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်မှာလည်း ဆွေးနွေး တင်ပြထားမှု မရှိပါဘူး။ တစ်ဖက်မှာ ဆိုရင်လည်း လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေဘက်ကလည်း အသံ ထွက်နေသလို ဘာကြောင့် ခွင့်ပြုခဲ့ ပြီး စက်သုံးဆီစျေး ကျဆင်းမယ်ဆိုတဲ့ အာမခံချက်၊ စက်သုံးဆီစျေးကို သူများထက် ဘယ်လောက်အထိ လျှော့ပြီး ဘယ်အချိန်အထိ ရောင်းမလဲဆိုတဲ့ အာမခံချက်တွေဟာ ပြည်သူတွေသိချင်တဲ့ မေးခွန်းတွေ ဖြစ်နေပါတယ်။ အာမခံချက် မရှိဘဲ၊ ရှင်းလင်းမှု မရှိဘဲ နိုင်ငံပိုင်မြေတွေ ကို ကျပ်ဘီလျံရာနှင့်ချီ အဆုံးရှုံးခံပြီး ရောင်းချပေးလိုက်မယ်ဆိုရင် နိုင်င့ံ နစ်နာမှုအတွက် ဥပဒေလုပ်ထုံး လုပ်နည်းတွေနဲ့ ကိုက်ညီမျှတမှု ရှိ မရှိ ပြန်လည်စိစစ်ပေးဖို့ လိုအပ်တယ်လို့ အကြံပြုချင်ပါတယ်။

■ စက်သုံးဆီစျေးနှုန်း မြင့်တက်နေချိန်မှာ YP ရဲ့ စျေးနှုန်းက သက်သာသလား
YP စက်သုံးဆီဆိုင်တွေကို လုပ်ကိုင်ခွင့်ချထားပေးတာက စက်သုံးဆီပေါက်စျေးကို သက်သာတဲ့ စျေးနှုန်းနဲ့ အများသူငါကို ရောင်းချပေးဖို့ ရည်ရွယ်ခဲ့တယ်ဆိုပေမဲ့ လက်ရှိအချိန်မှာတော့ အခြားဆီဆိုင်တွေထက် အချို့စျေးတွေက ပိုများနေတာကို တွေ့ရပါတယ်။
ဥပမာ တစ်ခုအနေနဲ့ ပြောရ မယ်ဆိုရင် မတ် ၅ ရက်က စက်သုံးဆီ စျေးနှုန်းမှာ Denko နဲ့ Max ဆီဆိုင်တွေမှာ ၉၂ တစ်လီတာကို ၁၉၃၀ ကျပ်၊ ၉၅ တစ်လီတာကို ၁၉၉၅ ကျပ်၊ ပရီမီယံဒီဇယ်ကို ၂၀၃၅ ကျပ်၊ ရိုးရိုး ဒီဇယ်ကို ကျပ် ၂၀၂၅ ကျပ် သတ် မှတ်ရောင်းချပါတယ်။
ဒါပေမဲ့ YP မှာတော့ ၉၅ တစ် လီတာကိုတော့ ၂၀၁၀ ကျပ်နဲ့ ရောင်းချခဲ့ပါတယ်။ တခြားဆိုင်တွေ ထက် တစ်လီတာကို ၁၅ ကျပ်များနေတာကို တွေ့ရပါတယ်။ အခြားဆီ တွေရဲ့ စျေးနှုန်းတွေဆိုရင်လည်း အချို့ဆီဆိုင်တွေထက် နည်းပါးခြင်း မရှိတာကိုလည်း တွေ့ရပါတယ်။
“အရင်တုန်းက YP က အခြား ဆိုင်တွေထက် သက်သာတယ်။ ဒါပေမဲ့ အခုစျေးက တခြားဆိုင်ထက် မသက်သာတော့ဘူး။ အရင်က YP မှာ ထည့်ပေမဲ့ အခုတော့ တခြားကြုံ တဲ့ဆိုင်တွေမှာပဲ ထည့်တော့တယ်” ဟု ရန်ကုန်မြို့မှာ အငှားယာဉ် မောင်းနှင်သူတစ်ဦးက ဆိုပါတယ်။
စက်သုံးဆီစျေးနှုန်းကို ထိန်းညှိ နိုင်ဖို့၊ စက်သုံးဆီစျေးကွက်မှာ လုပ် ငန်းရှင်တွေက လက်ဝါးကြီးအုပ်တာ ကို ထိန်းချုပ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ် ချက်တွေနဲ့ မြေနေရာတွေကို ကာလ ပေါက်စျေးထက်သက်သာတဲ့ နှုန်း ထားတွေနဲ့ YP စက်သုံးဆီဆိုင်တွေကို ချထားပေးခဲ့တာပါ။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ YP စက်သုံး ဆီဆိုင်က ရောင်းချနေတဲ့ စျေးနှုန်း က အခြားဆိုင်တွေထက် မသက်သာ တော့ပါဘူး။ အခြားဆိုင်တွေက မြေ နေရာတွေကို ကာလပေါက်စျေးတွေ နဲ့ ငှားရမ်းလုပ်ကိုင်နေရပေမဲ့ ကာလပေါက်စျေးထက် လျော့နည်းပြီး ငှား ရမ်းခွင့်ရရှိခဲ့တဲ့ YP ကတော့ အခုချိန်မှာ အခြားဆိုင်တွေနဲ့ စျေးနှုန်းက တန်းတူဖြစ်နေပါပြီ။
“ပြီးခဲ့တဲ့ အစိုးရ ကာလအတွင်းမှာ စက်သုံးဆီဆိုင်တွေကို ပုဂ္ဂလိက ကဏ္ဍကို လွှဲပြောင်းခဲ့ပါတယ်။ ဒီလွှဲပြောင်းစဉ်ကာလမှာ ပုဂ္ဂလိက ကုမ္ပဏီတော်တော်များများကို ဈေးနှုန်းသက်သာတဲ့ နှုန်းထားနဲ့ ရောင်းပေး စေချင်တဲ့အတွက် စက်သုံးဆီ ဆိုင်တွေတန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းပဲယူပြီး ပေးခဲ့တဲ့ဆိုင်တွေ အများကြီး ရှိပါတယ်။ ဥပမာ သိန်း ၁၀၀၀ တန်တယ်ဆိုရင် သိန်း ၁၀၀ နဲ့ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစက်သုံးဆီဆိုင်တွေကနေ ဈေးနှုန်းကျဆင်းရေး ကိစ္စရပ်တွေက အခုအခြေအနေအထိ မေးခွန်းထုတ်စရာတွေ ရှိနေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေရတဲ့ ဒီဆိုင်အသစ်တွေက ဒီအခွင့်အလမ်းမျိုး အထူးအခွင့်အရေးတွေ ရှိထားပေးနိုင်ခဲ့တဲ့ အခြေအနေ မရှိပါဘူး။ ကျွန်တော်တို့ အစိုးရသစ် လက်ထက်မှာ အထူးအခွင့်အရေး ပေးနိုင်တယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့တဲ့ အခြေအနေ ဖြစ်ပါတယ်။ အားလုံးဟာ ပွဲမှာ တန်းတူ ကစားကြရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရိုးသားပြီး စေတနာ မှန်ကန်မယ်။ သွင်းလာတဲ့ဈေးနှုန်းနဲ့ ရောင်းချတဲ့ဈေးနှုန်းကို မျှတတဲ့ အမြတ်ငွေတစ်ခု ယူပြီး လုပ်မယ်ဆိုရင် စက်သုံးဆီဈေးနှုန်းက ကမ္ဘာ့ပေါက်ဈေးနဲ့ အလှမ်းကွာနေစရာ မရှိပါဘူး။ အခု ကျွန်တော်တို့ အတော်လေး အလှမ်းကွာနေတာကို တွေ့နေရပါတယ်။ ဈေးကျပြီဆိုရင် ချက်ချင်း မကျချင်ဘူး။ ဈေးတက်ဆိုပြီ ချက်ချင်း တက်ချင်တယ်။ ဒီအခြေအနေမျိုးတွေကစပြီး ထိန်းညှိနေရတဲ့ အခြေအနေမျိုး ရှိပါတယ်” လို့ ပြောခဲ့ပါတယ် . . .
■ မေးခွန်းထုတ်ရမယ့် အဂတိ တိုက်ဖျက်ရေးကော်မရှင်လုပ်ဆောင်ချက်
NLD အစိုးရလက်ထက်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက YP စက်သုံးဆီဆိုင်မြေနေရာတွေကို ကာလပေါက်စျေးထက် လျော့နည်းပြီး လုပ်ကိုင်ခွင့်ပြုခြင်းက နိုင်ငံ့ဘဏ္ဍာ ထိခိုက်နစ်နာမှုတွေရှိခဲ့ တယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်လာ ခဲ့ပါတယ်။
ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပေမဲ့ YP စက်သုံးဆီဆိုင်တွေ လုပ်ကိုင်ခွင့်ရရှိမှုအပေါ်မှာ မည်သူကမျှ အရေးတယူ လေ့လာခြင်းလည်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီအချိန်မှာတော့ YP စက်သုံးဆီဆိုင်လုပ်ကိုင်ခွင့် ရရှိ ထားသူတွေအတွက်ကတော့ ကာလပေါက်စျေးထက် လျော့နည်းပြီး မြေငှားရမ်းလုပ်ကိုင်ခွင့်ရရှိခဲ့သလို စက်သုံးဆီစျေးကိုလည်း အခြားဆိုင်တွေရဲ့ စျေးနှုန်းအတိုင်း ရောင်းချနေပြီ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပွားအပြီးမှာတော့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ယခင် အစိုးရအဖွဲ့ဝင်တွေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွေနဲ့ အမှုဖွင့် တရားစွဲဆိုခဲ့ပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုရင် အဂတိလိုက်စားမှု ဥပဒေ၊ သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေ၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက် များဥပဒေ အစရှိတဲ့ ဥပဒေတွေနဲ့ တရားစွဲဆို ထားပြီးတော့ အမှု ၁၀ မှုကျော်ကို ရင်ဆိုင်နေရပါတယ်။ အလားတူ နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်ဆိုရင်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က အဂလိုက်စားမှုတိုက် ဖျက်ရေးဥပဒေ၊ ရွေးကောက်ပွဲကော်မရှင်ကို မလျော်သြဇာသုံးမှု အစရှိ တဲ့ ဥပဒေတွေနဲ့ တရားစွဲဆိုခံထား ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုထားတဲ့ အမှု တွေမှာ ဆိုရင် ရန်ကုန်တိုင်းဝန်ကြီး ချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ရွှေနဲ့ ဒေါ်လာ ပေးတယ်ဆိုတဲ့ အတွက်ကြောင့် တရားစွဲဆိုထားသလို ဦးဝင်းမြင့်ကို တရားစွဲဆိုထားတဲ့အမှုတွေထဲမှာ အဂတိလိုက်စားမှုတိုက်ဖျက်
ရေး ဥပဒေနဲ့ တရားစွဲဆိုထားတာဆိုရင် လူကယ်ပြန်ဝန်ကြီးဌာနက ဝယ်ယူခဲ့တဲ့ လေယာဉ်နဲ့ ပတ်သက်ပြီး တရားစွဲ ဆိုထားတာပဲ ဖြစ်ပါတယ်။
YP စက်သုံးဆီဆိုင်တွေကို လက်ရှိအချိန်မှာ ဘယ်သူတွေက တာဝန်ယူလုပ်ကိုင်နေသလဲ။ စက်သုံးဆီ စျေးနှုန်းကို ထိန်းညှိချင်တဲ့ ရည်ရွယ်ချက်က ဘာကြောင့် အကောင်အထည်မပေါ်တာလဲ။ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက မြေနေရာချထားပေးမှုတွေမှာ သမာသမတ်ကျကျ လုပ်ကိုင်ခဲ့သလားဆိုတဲ့ အခြေအနေကတော့ မရှင်းမလင်းရှိနေတဲ့ အနေအထားပဲ ဖြစ်ပါတယ်။
အဲဒီဆီဆိုင်တွေကို မြေနေရာတွေ ချထားပေးတဲ့အချိန်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်း သိန်းက စက်သုံးဆီစျေးနှုန်းတွေ ကျဆင်းအောင်၊ ကမ္ဘာမှာ စျေးကျနေ တဲ့အချိန်မှာ မြန်မာ့စက်သုံးဆီစျေး က မြင့်တက်နေတဲ့အခြေအနေကို ထိန်းချုပ်နိုင်အောင်လို့ဆိုပြီး ပြောခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ မြေနေ ရာကို စျေးပေါပေါနဲ့ ရယူထားတဲ့ YP ဆိုင်တွေရဲ့ ဆီစျေးနှုန်းကတော့ အခြားဆိုင်တွေနဲ့ တန်းတူဖြစ်နေတဲ့ အပြင် တချို့ဆီစျေးနှုန်းတွေဆိုရင် ပိုများနေတယ်ဆိုတာ ငြင်းလို့မရတဲ့ အခြေအနေပဲဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ရုရှား- ယူကရိန်း အရေးကြောင့် စက်သုံးဆီ စျေးနှုန်းမြင့်တက်မှုက အခြေခံ လူတန်းစားတွေကို ပြင်းပြင်းထန်ထန် ထိခိုက်နေပါတယ်။ သယ်ယူ ပို့ ဆောင်စရိတ် မြင့်တက်လာမှုက ကုန်စျေးနှုန်း မြင့်တက်လာမှုရဲ့ အခြေခံအကြောင်းရင်း တစ်ချက်ထဲမှာ ပါနေတဲ့အတွက်ကြောင့် အခြေခံ လူတန်းစားတွေအတွက် ထိခိုက်မှုကြီးမားနေတဲ့ ကာလလည်း ဖြစ်ပါတယ်။
တခြားတစ်ဖက်မှာတော့ ကျပ် ဘီလျံနဲ့ချီ နစ်နာမှုတွေရှိခဲ့ပြီး နိုင်ငံ့ဘဏ္ဍာငွေ ဆုံးရှုံးနစ်နာမှု များပြားတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တဲ့ YP စက်သုံးဆီဆိုင်တွေကို မြေနေ ရာငှားရမ်းမှုနဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးမှုတွေကတော့ တိတ်ဆိတ် နေပါတယ်။ ယခင်အစိုးရအဖွဲ့ဝင်တွေကို စုံစမ်းစစ်ဆေးပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူနေတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဘက်ကလည်း အဆိုပါဖြစ်စဉ်အပေါ် စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်ပေါ် လာခြင်း မရှိသေးပါဘူး။ နိုင်ငံ့ဘဏ္ဍာ ဆုံးရှုံးမှု ကြီးမားတဲ့ ဖြစ်စဉ်တစ်ခုထဲမှာ ပါဝင်တဲ့ YP စက်သုံးဆီဆိုင်တွေကို မြေနေရာချထားပေးမှု ဖြစ်စဉ်ကတော့ အမှန်တကယ် နစ်နာတဲ့ဖြစ်စဉ်လည်းဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်က လက်ရှိ အချိန်အထိ တိတ်ဆိတ်နေတာကတော့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို မေးခွန်းထုတ်ရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။










