ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီ MTSH က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဝင်ငွေမှာအခွန်ဆောင်ပြီး ကျပ် ၄ ဒသမ ၅၇၇ ဘီလျံမှ ကျပ် ၈ ဒသမ ၈၄၆ ဘီလျံအထိရှိပြီး ၉၃ ရာခိုင်နှုန်း တိုးတက်လာကြောင်း MTSH ၏ ၂၀၂၀-၂၀၂၁ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။
“၂၀၂၀-၂၀၂၁ ခုနှစ် ဝင်ငွေမှာ အခွန်ဆောင်ပြီး ကျပ် ၄ ဒသမ ၅၇၇ ဘီလျံ မှ ကျပ် ၈ ဒသမ ၈၄၆ ဘီလျံအထိဖြစ်လာပြီး ၉၃ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ကုမ္ပဏီရဲ့အရန်ငွေများအပေါ် ကောင်းမွန်လျင်မြန်တဲ့ စုပေါင်းဆုံးဖြတ်တဲ့ငွေကြေးစီမံခန့်ခွဲမှုကြောင့် ယခုနှစ်မှာ ကျွန်တော်တို့ရဲ့ အစုရှယ်ယာ တစ်ခုလျှင် ဝင်ငွေ ၂၁၈ ကျပ်ရှိခဲ့ပြီး ယခင်နှစ်ထက် နှစ်ဆနီးပါး မြင့်တက်ခဲ့ပါတယ်။ ကုမ္ပဏီအတွင်း ကုန်ကျစရိတ်များကိုလည်း လျှော့ချနိုင်တဲ့အားလျော်စွာ စီမံခန့်ခွဲမှုစရိတ်များမှ ၂၄ ရာခိုင်နှုန်း သက်သာပြီး အကျိုး ပိုမိုဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်”ဟု ဥက္ကဋ္ဌဦးဝင်းအောင်က ပြောကြားခဲ့သည်။
MTSH သည် သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Myanmar Japan Thilawa Development Company Limited (MJTD) အဖြစ် ဖက်စပ်ကုမ္ပဏီဖွဲ့စည်းကာ ရင်းနှီးမြှုပ်နှံမှုသက် သက်သာမဟုတ်ဘဲ စီမံခန့်ခွဲမှုများကိုပါ ဒါရိုက်တာအဖွဲ့ဝင်အချို့နှင့် ဝန်ထမ်းအချို့ကိုပါ တာဝန်ပေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ရဲ့ နောက်ထပ်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Thilawa Property Development Company Limited (TPD) ဟာ ယခုနှစ်ဝင်ငွေကျပ် ၁ ဒသမ ၉ ဘီလျံကျပ်ရရှိပြီး ယခင်နှစ်အရှုံးကျပ်သန်း ၆၃၅ နှင့် နှိုင်းယှဉ်ပါက ယခုနှစ် အသားတင်အမြတ်ငွေ ကျပ် ၁ ဒသမ ၇၉ ဘီလျံကျပ်အထိ ရရှိခဲ့တဲ့အတွက် ဝင်ငွေ ၂၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါတယ်”ဟု ဦးဝင်းအောင်က ဆက်လက် ပြောကြားခဲ့သည်။
ယင်းသို့ရရှိသည့် ဝင်ငွေတွင် နှစ်ရှည် မြေငှားရမ်းခမှ ၇၂ ရာခိုင်နှုန်း၊ အဆောက်အဦငှားရမ်းမှုများမှ ၁၃ ရာခိုင်နှုန်းနှင့်လုပ်ငန်းသုံး ဝန်ဆောင်မှုလုပ်ငန်းနှင့် အခြားဝန်ဆောင်မှုများမှ ၁၅ ရာခိုင်နှုန်း အသီးသီးရရှိ ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် စနစ်တကျစီမံ ခန့်ခွဲမှုဖြင့် TPD ၏ ဖွဲ့စည်းပုံအား ပြန်လည် ဖွဲ့စည်း၍ ဝန်ထမ်းများအား ကျွမ်းကျင်မှု သင်တန်းများပေးပြီး မိမိတို့ဝန်ထမ်းများဖြင့် လုပ်ငန်းတာဝန်များ ချထားပေးနိုင်ခဲ့ ခြင်းတို့ကြောင့် စီမံခန့်ခွဲမှုကုန်ကျစရိတ်မှာ ၃၉ ရာခိုင်နငန်းအထိ လျှော့ချနိုင်ခဲ့ကြောင်း ၊ သီလဝါဥယျာဉ်မြို့တော်တွင် လာရောက် ရင်းနှီးမြှုပ်နှံနေထိုင်သူများနှင့် ရန်ကုန်မြို့မှ လူများ အပန်းဖြေအနားယူနိုင်ရန်နှင့် စက်မှုဇုန်ထုတ်လူအသုံးအဆောင်ပစ္စည်းများကို စျေးနှုန်းသင့်တင့်စွာဖြင့် လာရောက်ဝယ်ယူနိုင်ရေးအတွက် အစီအစဉ်များ ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
သီလဝါအထူးစီးပွားရေးဇုန် A ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နည်းတူ ဇုန်B ကိုလည်း အပိုင်းလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်အထိ စက်ရုံပေါင်း ၁၂၂ ခုနှင့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်းဒေါ်လာ ၂၁၄၉ သန်းကျော်ရှိနေပြီဖြစ်ကြောင်း၊ လက်ရှိတွင် စက်ရုံပေါင်း ၁၀၂ ခု လည်ပတ်လျက်ရှိကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟို လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာပွင့်ဆန်းက ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလအကုန်ထိ သီလဝါအထူးစီးပွားရေးဇုန်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂ ဒသမ ၁၇၂ ဘီလျံ(၂၁၇၂ ဒသမ ၉၀၂ သန်း) အထိ ခွင့်ပြုပေးထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန (DICA) မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၂၂ ခုအထိ ခွင့်ပြုပေးထားပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂ ဒသမ ၁၇၂ ဘီလျံ အထိ ရှိသည်။
အထူးစီးပွားရေးဇုန်များအတွင်း ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးရာတွင် အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီက ခွင့်ပြုပေးခြင်း ဖြစ်ကြောင်း သိရသည်။















