ယူကရိန်းကို ရုရှား၏ကျူးကျော်မှုအား ပြစ်တင်ရှုတ်ချရန် အိမ်ဖြူတော်က တရုတ်နိုင်ငံကို ဖေဖော်ဝါရီ ၂၇ ရက်တွင် တိုက်တွန်းခဲ့သည်။
ရုရှားက အိမ်နီးချင်း ယူကရိန်းကို အပြင်းအထန် ထိုးစစ်ဆင်မှုများ ဆက်လက်လုပ်ဆောင်နေသကဲ့သို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း ၎င်း၏နျူကလီးယားတပ်ဖွဲ့ကို တပ်လှန့်ထားခဲ့သည်။
ယူကရိန်းကို ကျူးကျော်မှုနှင့်ပတ်သက်၍ ရုရှားအပေါ် အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏မဟာမိတ်များက ချမှတ်ခဲ့သော ဒဏ်ခတ်ပိတ်ဆို့မှုအချို့ကို တရုတ်နိုင်ငံက အထမြောက်စေခဲ့ပြီး ယူကရိန်း၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုလည်း ထောက်ခံပြောဆိုခဲ့သည်ဟု အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ယန်ဆာကီက MSNBC ရုပ်သံနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
သို့သော်တရုတ်အစိုးရအနေဖြင့် ယခုထက်ပိုမိုလုပ်ဆောင်သင့်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
“အခုက ဘေးကနေရပ်ကြည့်နေရမယ့် အချိန်မဟုတ်ပါဘူး။ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ လုပ်ရပ်တွေနဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအပေါ် ရုရှားက ကျူးကျော်နေမှုကို ပြတ်ပြတ်သားသား ရှုတ်ချရမယ့်အချိန်ဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။
မကြာသေးမီ ရက်ပိုင်းအတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် တရုတ်သမ္မတ ရှီကျင်းပင်နှင့် ဆွေးနွေးပြောဆိုခြင်း မရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပြီး မကြာမီတွင် ဆွေးနွေးမှုပြုလုပ်သွားမည့် အလားအလာကိုမူ ၎င်းက ပယ်ချခဲ့ခြင်း မရှိပေ။
“တရုတ်ခေါင်းဆောင်ပိုင်းအနေနဲ့ သူတို့ဘာသာ ဆန်းစစ်လေ့လာပြီး သူတို့ဟာ သမိုင်းကြောင်း အထောက်အထားတွေအတိုင်း ရပ်တည်သွားဖို့ အမှန်တကယ် ဆန္ဒရှိမရှိကို ပြန်ဆန်းစစ်ဖို့အတွက် အရေးကြီးလုပ်ဆောင်ရမယ့် အဆင့်တွေ ရှိနေပါတယ်” ဟု ယန်ဆာကီက ဆိုသည်။
တရုတ်က ရုရှား၏လုပ်ရပ်ကို ကျူးကျော်မှုဟု သုံးနှုန်းရန် ငြင်းပယ်ခဲ့ပြီး သက်ဆိုင်သူအားလုံးကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့ပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်တွင် သမ္မတဘိုင်ဒင်က တရုတ်ကို သွယ်ဝိုက်သောနည်းဖြင့် ဝေဖန်ခဲ့သည်။
“သမ္မတပူတင်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းမှာ အပယ်ခံတစ်ဦး ဖြစ်လာမှာပါ။ ရုရှားရဲ့ ဗြောင်ကျကျ ကျူးကျော်မှုကို လက်သင့်ခံတဲ့ နိုင်ငံတိုင်းဟာ သမိုင်းမှာ အမည်းစက် စွန်းထင်းသွားပါလိမ့်မယ်” ဟု ဘိုင်ဒင်က တရုတ်၏အမည်ကို ထုတ်ဖော်ခြင်းမရှိဘဲ ဝေဖန်ပြောကြားခဲ့သည်။
ယူကရိန်းအား စစ်ပွဲဆင်နွှဲမှုအပေါ် အနောက်နိုင်ငံများက ပြင်းထန်သော တုံ့ပြန်မှုများ လုပ်ဆောင်နေစဉ်တွင် ရုရှား၏နျူကလီးယားတပ်ဖွဲ့များကို အရေးပေါ် တပ်လှန့်ထားရန် သမ္မတပူတင်က ၎င်း၏စစ်တပ်ကို ညွှန်ကြားခဲ့ပြီးနောက်တွင် အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ယန်ဆာကီ၏ မှတ်ချက်စကား ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
တရုတ်သည် ပို့ကုန်သွင်းကုန် ကဏ္ဍနှစ်ခုလုံးတွင် ရုရှား၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်နေကာ ၂၀၂၀ ခုနှစ်တွင် ရုရှားက ပြည်ပသို့ တင်ပို့သည့် ရေနံစိမ်းပမာဏ စုစုပေါင်း၏ သုံးပုံတစ်ပုံကို တရုတ်က ဝယ်ယူခဲ့ပြီး ဆဲလ်ဖုန်း၊ ကွန်ပြူတာနှင့် အဝတ်အထည်ကဲ့သို့ ထုတ်ကုန်များကိုလည်း ပြန်လည်တင်ပို့ခဲ့သည်။ အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ ကနေဒါ၊ သြစတြေးလျနှင့် အီးယူတို့က ရုရှားကို ဒဏ်ခတ်မှုများ ထပ်မံပြုလုပ်ခဲ့သည်။














