ဗဟိုဘဏ်က ၂၀၂၂ ခုနှစ်အတွင်း ခြောက်ကြိမ်ခွဲ၍ နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် ဒေါ်လာ သန်း ၈၀ ရောင်းချထား
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၅ သန်းထပ်မံ ရောင်းချခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း လက်ရှိအချိန်အထိ ခြောက်ကြိမ်ခွဲ၍ ဒေါ်လာသန်း ၈၀ ရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။
ဇန်နဝါရီ ၇ ရက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြား ငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၅ သန်း၊ ဇန်နဝါရီ ၁၂ ရက်တွင် ဒေါ်လာ ၁၅ သန်း၊ ဇန်နဝါရီ ၁၃ ရက်တွင် ဒေါ်လာ ၁၀ သန်း၊ ဇန်နဝါရီ ၁၄ ရက်တွင် ဒေါ်လာ ၁၀ သန်း၊ ဇန်နဝါ ရီ ၂၀ ရက်တွင် ဒေါ်လာ ၁၅ သန်းဖြင့် ဇန်နဝါရီတွင် ဒေါ်လာ ၆၅ သန်း ရောင်းချခဲ့သည်။ ဖေဖော်ဝါရီ ၄ ရက်တွင် ဒေါ်လာ ၁၅ သန်းထပ်မံရောင်းချခဲ့သဖြင့် လက်ရှိအချိန်အထိ ဒေါ်လာသန်း ၈၀ အထိ ရောင်းချထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာရောင်းချခဲ့မှုအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဒေါ်လာ ၆ ဒသမ ၈ သန်းရောင်းချ ခဲ့ပြီး မတ်လအတွင်း ရောင်းချမှု မရှိခဲ့ပေ။ ဧပြီလအတွင်း ဒေါ်လာ ၁၂ သန်း၊ မေလအတွင်း ဒေါ်လာ ၂၄ သန်း၊ ဇွန်လတွင် ဒေါ်လာ ၁၂ သန်း၊ ဇူလိုင်လအတွင်း ဒေါ်လာ ၃၉ သန်း၊ သြဂုတ်လအတွင်း ၂၈ သန်း၊ စက် တင်ဘာတွင် ဒေါ်လာ ၆၃ သန်း၊ အောက်တိုဘာတွင် ဒေါ်လာ သန်း ၁၁၀၊ နိုဝင်ဘာတွင် ဒေါ်လာ ၃၁ သန်းနှင့် ဒီဇင်ဘာတွင် ဒေါ်လာ ၁၁၈ သန်းဖြင့် ၂၀၂၁ ခုနှစ်အတွင်း ဒေါ်လာ ၄၄၃ ဒသမ ၈ သန်းရောင်းချခဲ့သည်။
ကာလတိုအတွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်းအတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေဖြည့်တင်းရန် ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံ ဖွင့်လှစ်ဆောင်ရွက်နေသည်။
ဗဟိုဘဏ်စျေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များ ချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင်လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ် ငန်းလိုင်စင် (AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ် သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်း ဆောင်ရွက်ချက်များမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းအတက်၊ အကျ ကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာ ကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်း ငွေလဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသည့် ရာခိုင်နှုန်းသည်ချမှတ်ထားသည့် စည်းမျဉ်များအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ ရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန် ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံး သီးသန့်အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက် တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ လဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ(ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့်ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချရန် တင်ပြချက်များကို Refinitiv (ယခင် Thomson Reuters) ၏ လေလံအရောင်းအဝယ်စနစ်ကို အသုံးပြု၍ ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချ ခြင်းဖြစ်သည်။ ကာလတိုအတွင်း နိုင်ငံခြားငွေလဲ လှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်ဖြစ်သည်။
ယခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၇ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း
စားသောက်ကုန်နှင့် လောင်စာဆီစျေးနှုန်းများ မြင့်တက်လာသည့်အတွက် ၂၀၂၂ ခုနှစ် စက်တင်ဘာအထိ တစ်နှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၇ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်ဖြစ်သည့် ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃၀ အထိကာလအတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၈၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး တတိယသုံးလပတ် ကာလထက် ၁ ဒသမ ၈၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းအနေဖြင့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပထမသုံးလ ပတ်အတွင်း ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၁ ဒသမ ၀၈ ရာခိုင်နှုန်း၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မတ် ၃၁ ရက်အထိ ဒုတိယသုံးလပတ် အတွင်း ၁ ဒသမ ၆၃ ရာခိုင်နှုန်း၊ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ တတိယ သုံးလပတ်အတွင်း ၅ ဒသမ ၀၂ ရာခိုင်နှုန်း နှင့် ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ စတုတ္ထ သုံး လပတ်အတွင်း ၆ ဒသမ ၈၃ ရာ ခိုင် နှုန်းအထိ မြင့်တက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း သည် ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ၁၈ လ ဆက်တိုက် မြင့်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြန်လည် မြင့်တက်ခဲ့ကာ မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာ၊ ဒီဇင်ဘာတွင် ပြန်လည်ကျဆင်းခြင်းဖြစ် သည်။
တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူ စျေးဆနှုန်းအပေါ် အခြေခံတွက်ချက် ထားသော ပျမ်းမျှငွေကြေး ဖောင်းပွ မှုနှုန်းမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်ဖြစ်သည့် ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃၀ အထိ ကာလအတွင်း ၆ ဒသမ ၈၃ ရာခိုင်နှုန်း ရှိခဲ့သည်။
မြန်မာ့စီးပွားရေးသည် ၂၀၂၁ ဘဏ္ဍာနှစ်(စက်တင်ဘာလတွင် ကုန်ဆုံးသည့် ဘဏ္ဍာနှစ်) တွင် ၁၈ ရာခိုင်နှုန်း ကျုံ့သွားမည်ဟု ခန့်မှန်း ထားခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် စက် တင်ဘာလ ဘဏ္ဍာနှစ်အဆုံးတွင် GDP သည် အချို့သော တည်ငြိမ်လာမှုများ နှင့်အတူ တစ်ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ကမ္ဘာ့ဘဏ်က မျှော်မှန်းထားသည်။
ယခုမျှော်မှန်းချက်သည် လတ်တလော ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုလိုင်း (သစ်)များ ပဋိပက္ခများ၏ ကျယ်ပြန့်မှုနှင့် သက်ရောက်မှု၊ နိုင်ငံခြားငွေကြေးလဲလှယ်မှုနှင့် ဘဏ္ဍာရေးကဏ္ဍအခက်အခဲများ ဆက်လက်တည်ရှိမှုအနိမ့်အမြင့်နှင့် အတူ လျှပ်စစ်မီး၊ ကုန်စည်ပို့ဆောင်ရေးနှင့် အင်တာနက်ဝန်ဆောင်မှုကဲ့ သို့သော အတားအဆီး အခက်အခဲများအပေါ် မူတည်လိမ့်မည်ဖြစ်ကြောင်း၊ ယခုခန့်မှန်းချက်သည် နောင်လာမည့်ကာလအတွင်း ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် တည်ငြိမ်လာသည့် လက္ခဏာများ ဆက်လက်တည်ရှိနေမည် ဟူ၍လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများကို ထိခိုက်စေနိုင်သည့် ပဋိပက္ခများ ထပ်မံမြင့်တက်လာခြင်း မရှိဟူ၍လည်းကောင်း စသည့်ယူဆချက်များအပေါ် အခြေခံတွက်ဆခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၂၂ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ကာ ၁၉သိန်းနီးပါး ရောက်ရှိလာသည့် မြန်မာ့ရွှေစျေးနှုန်း
မြန်မာ့ရွှေစျေးနှုန်း ၂၀၂၂ ဇန်နဝါရီလ ဒုတိယပတ်မှစတင်ကာ ၁၉ သိန်းနီးပါးသို့ ရောက်ရှိလာကြောင်း သိရသည်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်တွင် ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ၁၈၅၉၀၀၀ ဝန်းကျင်သို့ ရောက်ရှိလာသည်။
ဖေဖော်ဝါရီ ၄ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၈၀၃ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်း ရွှေစျေးနှုန်းမှာ ၁၈၈၁၀၀၀ ဝန်းကျင်သို့ ရောက်ရှိလာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။ ဖေဖော်ဝါရီ ၄ ရက် တွင် ပြည်တွင်း ရွှေစျေးနှုန်းများမှာ ၁၆ ပဲရည်အခေါက်ရွှေ စျေးနှုန်းမှာ ၁၈၇၂၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည် ရွှေစျေးနှုန်းမှာ ၁၇၆၂၀၀၀ ဝန်းကျင်ရှိနေခြင်းဖြစ်သည်။
ဇန်နဝါရီ ၂ဝရက်တွင် ကမ္ဘာ့ ရွှေစျေး ဒေါ်လာ ၁၈၃၉ ဒေါ်လာ ဝန်းကျင်ရှိပြီး ပြည်တွင်း ရွှေစျေးနှုန်း မှာ ၁၇၆၉၅၀၀ ဝန်းကျင် ရှိနေ ကြောင်း ရွှေရောင်းဝယ်သူများ ထံမှ သိရသည်။ ရွှေဆိုင်အချို့သည် ငွေသား Cash Down စနစ်ဖြင့် ပြန်ဝယ်ဦးစားပေးစနစ်ဖြင့် ဝယ်ယူနေကြောင်း အသိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။
မြန်မာ့ရွှေစျေးနှုန်း မြန်မာ့ရွှေစျေးနှုန်းသည် ၂၀၂၁ ဒီဇင်ဘာ နောက်ဆုံးပတ်မှ စတင်ကာ ၁၈ သိန်းကျော်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
၂၀၂၁ ဒီဇင်ဘာ ၂၆ ရက်မှ စတင်ကာ မြန်မာ့ရွှေစျေးနှုန်းသည် ၁၈ သိန်းကျော်သို့ ရောက်ရှိခဲ့ပြီး ၁၈၀၂၆၀၀ ဝန်းကျင်ရှိခဲ့ခြင်းဖြစ်သည်။
ကျပ် ၂၂၅၀၀၀၀ ဝန်းကျင်ထိ စံချိန်တင်ရောက်ရှိခဲ့သည့် ပြည်တွင်းရွှေစျေးနှုန်းမှာ ၂၀၂၁ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်တွင် ပြန်လည်ကျဆင်းခဲ့ပြီး ကျပ် ၂၀၇၀၀၀၀ သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။










