နေမာအား ပြန်လည်ခေါ်ယူရန်အစီအစဉ်မရှိဟု ဘာစီလိုနာအသင်းဒုဥက္ကဋ္ဌ ကာဒိုနာ တုံ့ပြန်

နေမာအား ပြန်လည်ခေါ်ယူရန်အစီအစဉ်မရှိဟု ဘာစီလိုနာအသင်းဒုဥက္ကဋ္ဌ ကာဒိုနာ တုံ့ပြန်
Published 21 October 2018

 

ဘာစီလိုနာအသင်းဒုဥက္ကဋ္ဌ ယော်ဒီကာဒိုနာက မိမိတို့အနေဖြင့် ကစားသမားဟောင်းဖြစ်သည့် PSG အသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး နေမာကို ပြန်လည်ခေါ်ယူရန် အစီ အစဉ်မရှိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

နေမာသည် ၂၀၁၇ ခုနှစ် နွေရာသီတွင် ဘာစီလိုနာအသင်းအား ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် စာချုပ်လျော်ကြေး ယူရို (၂၂၂) သန်းပေးချေ၍ PSG အသင်းထံ ပြောင်းရွှေ့သွားခြင်းဖြစ်သည်။ ယခုအခါ ဘာစီလိုနာအသင်းက ၎င်းအား ယူရိုသန်း (၂၀၀) ဖြင့် ပြန်လည်ခေါ်ယူရန် ကြိုးပမ်းလျက်ရှိကြောင်း ကတ်တလန်အခြေစိုက် Mundo Deportivo သတင်းစာက ဖော်ပြခဲ့ရာ ဒုဥက္ကဋ္ဌ ကော်ဒိုနာက ငြင်းဆန်ပယ်ချခဲ့ ခြင်းဖြစ်သည်။

"နေမာကို ပြန်ခေါ်မယ့်အကြောင်း ဘာကာဘုတ်အဖွဲ့ဝင်တစ်ဦးမှ မပြောကြပါဘူး။ ဒီကိစ္စကို ဘယ်သူမှမပြောကြလို့ ကျွန်တော်လည်း အခုလောလောဆယ် အဖြေမပေးနိုင်သေးပါဘူး။ သူက အသင်းကနေ ထွက်သွား တဲ့သူပါ။ ကျွန်တော်တို့က သူ့ကိုယုံကြည်မှုမရှိဘဲ ထွက်ခွာခွင့်ပြု ခဲ့တာမဟုတ်လို့ ကွဲပြားခြားနားမှုတော့ရှိပါတယ်။ အခု သူ့ကိုပြန်ခေါ်ချင်တယ်ဆိုတာ မဟုတ်ပါဘူး"ဟု ၎င်းက ပြောကြားခဲ့သည်။ ဘာစီလိုနာအသင်း နည်းပြ ဗယ်လ်ဗာဒီကမူ အခြားအသင်း၏ ကစားသမားအကြောင်း မှတ်ချက်မပေးလိုကြောင်း၊ ဘာမဆိုဖြစ်နိုင်သော်လည်း အပြောင်းအရွှေ့ကာလမဖွင့်သေးကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent