နှစ်နှစ်ကြာ စစ်ပွဲဒဏ်၊ ကိုဗစ်ဒဏ်တွေကြောင့် တိတ်ဆိတ်ခဲ့ရသည့် ရခိုင်ပြည်နယ်ထဲက ပင်လယ်ကမ်းခြေများသည် ၂၀၂၁ ခုနှစ် ပွင့်လင်းရာသီစကတည်းက သက်ဝင်လှုပ်ရှား၍ လာခဲ့သည်ဟုဆိုလျှင် မှားမည်မဟုတ်ပေ။
ငပလီ ကမ်းခြေညနေဆည်းဆာချိန်ဆိုလျှင် ကမ်းခြေကို ရွှေရောင်ဆမ်းထားသကဲ့သို့ဖြစ်နေသည့် ငပလီကမ်းခြေ သဲသောင်ပြင်သို့ လှိုင်းတွန်းလေးများက တက်လိုက် ဆင်းလိုက် ရှိနေသည်။ ကမ်းခြေရေစပ်တွင် လှိုင်းစီးသူများ၊ မြင်းစီးသူများ၊ လမ်းလျှောက်သူများဖြင့် သက်ဝင်လှုပ်ရှားလျက်ရှိနေသည်ကို မြင်တွေ့ လာရပြီဖြစ်သည်။
ယခုဆိုလျှင် ငပလီကမ်းခြေသို့ အနယ်နယ်အရပ်ရပ်မှ ပြည်တွင်းခရီးသည်များ အဝင်ရှိနေပြီဖြစ်သည့်အတွက် ဟိုတယ်များ၊ တည်းခိုခန်းများတွင် ဧည့်သည်မပြတ် ဖြစ်နေပြီ။
ယခင်က နိုင်ငံခြားသားများသာ တည်းခိုခဲ့ရသည့် ဟိုတယ်တချို့မှာလည်း စျေးနှုန်းများ၊ ဝန်ဆောင်မှုများကိုလျှော့ပြီး ပြည်တွင်း ခရီးသွားများ ပိုမိုအဆင်ပြေစေရန် ဆောင်ရွက်လာကြသည်။
ရခိုင်ပြည်နယ်၏ အလှဆုံးကမ်းခြေဖြစ်သည့် ငပလီကမ်းခြေကို ကိုဗစ်ကာလအသွားအလာ ကန့်သတ်ပင်ထားခဲ့ရာမှ သီတင်းကျွတ်ပွဲတော်ကာလမှ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သံတွဲမြို့နယ်တွင် ဟိုတယ်အလုံးပေါင်း ၆၀ အထိရှိကာ လက်ရှိတွင် ဟိုတယ် ၃၁ လုံး အထိ ဖွင့်ခွင့်ရရှိနေပြီလည်းဖြစ်သည်။
ထို့ပြင် လေကြောင်းလိုင်းများကလည်း ရန်ကုန်-ငပလီကို နေ့စဉ်ပြေးဆွဲပေးနေသဖြင့် ခရီးသွားများအလွယ်တကူ သွားလာနိုင်နေပြီ ဖြစ်သည်။ အလားတူ ငသိုင်းချောင်း-ဂွလမ်း မှလည်း မော်တော်ကားဖြင့် သွားရောက်နိုင်သည်။ ငပလီသို့ ခရီးသွားဧည့်သည် အဝင်များစေရေးအတွက် ကမ်းခြေအဖွင့်တွင် ငပလီကမ်းခြေ ဆောင်းဦးပွဲတော်အမည်ဖြင့် ဖွင့်လှစ်ခဲ့သည်။
ငပလီကမ်းခြေသို့ ပြည်တွင်းခရီးသွားများ မပြတ်ဝင်နေပြီဖြစ်လာသည့်အတွက် ကမ်းခြေစျေးသည်များ၊ ရေကူးဘောကွင်း ငှား ရမ်းသူများလည်း ဝမ်းရေးအတွက်အဆင်ပြေနေပြီဖြစ်သည်။
ငပလီကမ်းခြေသည် ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်းမှာတည်ရှိပြီး သံတွဲမြို့နှင့် ခုနစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။ ငပလီကမ်းခြေသည် အလျားသုံးကီလိုမီတာ (နှစ်မိုင်) ရှည်လျားသည်။
လက်ရှိ ငပလီကမ်းခြေသို့ အလည်အပတ်ရောက်ရှိလာသူများသည် ပုလဲကျွန်းသို့ သွားရောက်လည်ပတ်သူ များပြားကြောင်း ပြောဆိုကြသည်။ ပုလဲကျွန်းမှာ ငပလီဂျိတ်တောမှ မိနစ် ၂၀ ခန့်စက်လှေဖြင့် သွားရောက် လျှင် ရောက်နိုင်သည့်ကျွန်းဖြစ်ကာ ယခင်က ပုလဲမွေးမြူရေးလုပ်ကိုင်ခဲ့သည့် ကျွန်းဖြစ်သည်။
လက်ရှိတွင် ခရီးသွားဧည့်သည်များဖြင့် စည်ကားလာပြီး ပုလဲကျွန်းတွင် ဖြူလွှလွှသဲ သောင်ပြင်တွင် လမ်းလျှောက်နိုင်သလို ရေငုပ်ပြီး ငါးကြည့်နိုင်ပြီလည်းဖြစ်သည်။
■ စစ်တွေပွိုင့်ကမ်းခြေ
ကုလားတန်မြစ်နှင့် ဘင်္ဂလားပင်လယ်အော်တို့ဆုံရာ စစ်တွေပွိုင့်ကမ်းခြေမှာလည်း ရခိုင်ကိုလည်ပတ်လာသူများ၊ ဒေသခံများဖြင့် စည်ကားနေသည်။ စစ်တွေပွိုင့်ကမ်းခြေသည် စစ်တွေမြို့၏ တောင်ဘက်အစွန်ဆုံးတွင် တည်ရှိပြီး မီးပြတိုက်တည်ရှိသည်။ ထို့ပြင် ညမီးအလှဖြင့် တန်ဆာဆင်ထားပြီး ရခိုင့်ရိုးရာ အထိမ်းအမှတ် ရုပ်တုများဖြစ်သော ပုလွေမှုတ်နေသည့် ရုပ်တု၊ ကျင်ကိုင်နေသည့် ရုပ်တု၊ ဗျာလရုပ်တုများကို လေ့လာနိုင်သည်။ ထို့ ပြင်မျှော်စင်ထက်ကိုတက်ကာ ဘင်္ဂလားပင်လယ် ပြင်ထဲက ဖရုံကာကျွန်းများ၊ လေးညှင်း တောင်မီးပြတိုက်ကို လှမ်းမျှော်ကြည့်ရှုနိုင်သည်။
ညနေ ဘင်္ဂလားပင်လယ်ထဲ နေဝင်ချိန်ကိုလည်း စောင့်ကြည့်နိုင်သည်။ ပွိုင့်ကမ်းခြေသွားလမ်း ရှုခင်းသာလမ်းတွင်လည်း စားသောက်ဆိုင်များရှိနေပြီး လမ်းဘေး အသုပ်ဆိုင်များက စားသောက်စရာများကို ဝယ်စား နိုင်သေးသည်။
စစ်တွေဟိုတယ်နှင့် ပွိုင့်အငူအစွန် အကြားရှိကမ်းခြေတွင် ရေလှိုင်းစီးသူ၊ လမ်းလျှောက်သူ၊ လေညင်းခံရင်း အပန်းဖြေသူများဖြင့် စည်ကားနေတတ်သည်။
ကိုဗစ်ကာလတွင် စစ်တွေကမ်းခြေဆင်းလမ်းကို ပိတ်ထားခဲ့ပြီး ကမ်းခြေစားသောက်ဆိုင်များကိုလည်း ပိတ်ထားခဲ့ရသည်။ သို့သော် ကိုဗစ်ဖြစ်ပွားမှု ကျဆင်းလာသည့်အတွက် စစ်တွေကမ်းခြေကို ဖွင့်ပေးပြီဖြစ်သ ဖြင့် ရခိုင်ကိုလာလည်သူတိုင်း မဖြစ်မနေသွား ရောက်အပန်းဖြေရမည့် ကမ်းခြေတစ်ခုအဖြစ် ဖြစ်လာခဲ့သည်။
■ မောင်တော ကျောက်ပန်းတူကမ်းခြေ
ပဋိပက္ခများကြောင့် ခရီးသွားများ ရှောင်ရှားခဲ့ရသည့် မောင်တောဒေသသည် လှပသည့် ပင်လယ်ကမ်းခြေများကို ပိုင်ဆိုင်ထားသည်ကို သိသူနည်းလှပါသည်။ နတ်မြစ်ဝမှစ၍ မယူတောင်တန်းအဆုံး၊ ရသေ့တောင်မြို့နယ် အငူမော်ကမ်းအထိ ရှည်လျားလှပသည့် ပင်လယ်ကမ်းခြေ တည်ရှိနေသည်။
ယခင်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ကျောက်ပန်းတူကမ်းခြေသည် ဟိန္ဒူဘာသာဝင်တို့၏ ဘာသာရေးအထိမ်း အမှတ်နေရာတစ်ခုအဖြစ်သာရှိခဲ့ရာမှ ယခုဆိုလျှင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် ပြီဖြစ်သဖြင့် အားလပ်ရက်များတွင် ဒေသတွင်း ခရီးသွားများဖြင့် စည်ကားလာသည့် ကမ်းခြေတစ်ခုဖြစ်လာခဲ့သည်။ ကျောက်ပန်းတူကမ်းခြေဟု ခေါ်ရခြင်းမှာ ဆေးတံ (ရခိုင် အခေါ် ပန်းတူ) နှင့် သဏ္ဌာန်တူသည့် ကျောက်ဆောင်ကြီးတစ်ခု တည်ရှိနေခြင်းဖြစ်သည်။
ကျောက်ပန်းတူကမ်းခြေသည် အငူမော်-မောင်တော ကားလမ်းဘေး ကျောက်ပန်းတူ ကျေးရွာအနီးတွင် တည်ရှိပြီး စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချလျက်ရှိသည်။ ယခင်က မောင်တော၊ ဘူးသီးတောင် ဒေသခံများသာ သွားရောက်လည်ပတ်မှုရှိခဲ့သော်လည်း လက်ရှိတွင် စစ်တွေအပါအဝင် အနယ်နယ်အရပ် ရပ်မှ ဒေသတွင်းခရီးသွားများ အလွယ်တကူသွားလာ၍ ရနေပြီဖြစ်သည်။
လတ်တလော ရခိုင်ဒေသခံအများစုမှာ ဘူးသီးတောင်မြို့နယ်ရှိ စိုင်းတင်ရေတံခွန်သို့ သွားလာလည်ပတ်လျက်ရှိကြရာ ကျောက်ပန်းတူကမ်းခြေကိုလည်း ဝင်ရောက်လည်ပတ်မှုများရှိသဖြင့် ကမ်းခြေတွင် စည်ကားစ ပြုလာပြီဖြစ်သည်။
■ မာန်အောင်ကျွန်း ကမ်းခြေ
ရခိုင်ကမ်းရိုးတန်းက သီးခြားကျွန်းမြို့နယ်တစ်ခုဖြစ်သော မာန်အောင်မြို့နယ်သို့ ခရီးသွားလာရေး အခက်အခဲရှိခဲ့စဉ် ခရီးသွားများ မရောက်နိုင်ခဲ့ကြပါ။ ယင်းသို့ လူသူ အရောက်အပေါက် နည်းပါးခြင်းကြောင့်လည်း မာန်အောင်ကျွန်းတွင် ကမ်းခြေများ မပျက်မစီးဘဲ ပကတိ သဘာဝအတိုင်းတည်ရှိနေခြင်းပင်ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်က ဆိုရှယ်မီဒီယာပေါ်တွင် အရောင်အသွေးစုံပြီး ကျယ်ပြောလှသည့် သန္တာကျောက်ပန်းကျောက်ခက်များ တည်ရှိရာ ကမ်းခြေတစ်ခု၏ ဓာတ်ပုံများပျံ့နှံ့ခဲ့သည်။ ယင်းသို့ သန္တာကျောက်တန်း ပေါ်ထွက်လာသည့်ကမ်းခြေမှာ မာန်အောင်ကျွန်းပေါ်မှ ကမ်းခြေတစ်ခုပင်ဖြစ်သည်။
သို့အတွက် သန္တာကျောက်တန်းတွေ့ရှိသည့် ပြင်ကောက်ကျေးရွာအနီးမှ ကမ်းခြေသို့ သွားရောက်လည်ပတ်သူ တစ်ရှိန်ထိုး မြင့်တက်ခဲ့သည်။ နောက်ပိုင်းတွင် လူအများက သန္တာကျောက်ပန်းကျောက်ခက်များကို ချိုးယူ ကြသည့်အတွက် ကမ်းခြေအလှ ပျက်စီးသွား မည်ကိုပင် ဒေသခံများစိုးရိမ်မကင်းဖြစ်ကြရသည်။
လက်ရှိတွင် သန္တာကျောက်တန်းတွေ့ရှိခဲ့တဲ့ ပြင်ကောက်ကျေးရွာကို လူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT) ကျေးရွာအဖြစ် ဖော်ဆောင်ရန်စီစဉ်နေပြီဖြစ်သည်။
မာန်အောင်မြို့နယ် ပြင်ကောက်ကျေးရွာအနီး ပင်လယ်ကမ်းစပ်တွင် ဒီရေကျသွားချိန် အလွန်လှပသော သဘာဝ သန္တာကျောက်တန်းတစ်ခုပေါ်ထွက်လာပြီး မာန်အောင်ကို ရောက်လာသူတိုင်း မဖြစ်မနေ သွားရောက် ကြည့်ရှုသည့် ကမ်းခြေတစ်ခုဖြစ်လာခဲ့သည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကတည်းက တည်ငြိမ်နေသည့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသဖြင့် ယခုနှစ်အတွင်း ကိုဗစ်ကာလအလွန်တွင် ခရီးသွားဧည့်သည်များဖြင့် စည်ကားစပြုလာပြီး လှပသည့်အပန်းဖြေရာ ကမ်းခြေများလည်းအသက်ဝင်နေပြီ ဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်း လက်ရှိ တည်ငြိမ်အေးချမ်းနေမှုက နှစ်နှစ်ကျော်ကြာ တိတ်ဆိတ်နေသည့် ကမ်းခြေခရီးသွားလုပ်ငန်းကို ဆောလျင်စွာဖွံ့ဖြိုးလာနိုင်သည်ဟုလည်း ဒေသခံများကပြောဆိုကြသည်။










