၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်ကာလ စာရေးသူသည် ကုလသမဂ္ဂလက်အောက်ခံ ပရိုဂရမ်တစ်ခုတွင် တာဝန်ထမ်းဆောင်လျက်ရှိစဉ် မိမိတို့တိုင်းပြည် နိုင်ငံနှင့် ပတ်သက်သည့် မူဝါဒအသစ်တစ်ရပ်ချမှတ် ဆောင်ရွက်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်သည့် အကြောင်းအရာအခြေအနေတွင် ပါ ဝင်ဆောင်ရွက်ခွင့် ရရှိခဲ့ပါသည်။ စာရေးသူ အနေနှင့် မူဝါဒအဟောင်းများကို မွမ်းမံပြင် ဆင်ဆောင်ရွက်မှုများတွင်မူ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်သည့် အတွေ့အကြုံ လုံးဝမရှိခဲ့ပါ။
စီးပွားရေးတက္ကသိုလ်များတွင် နည်းပြမှ ပါမောက္ခ(ဌာနမှူး) ဖြစ်သည်အထိ လုပ်သက် ၂၆ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ရပါသော်လည်း မူဝါဒအသစ်တစ်ရပ်ချမှတ်ရာတွင်သော်လည်းကောင်း၊ မူဝါဒအဟောင်းကို ပြင်ဆင်မွမ်းမံရာတွင်သော်လည်းကောင်း ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ဖူးခြင်း မရှိခဲ့ပါ။ အစည်းအဝေးပွဲအချို့နှင့် အလုပ်ရုံဆွေးနွေးပွဲ အချို့တွင် တာဝန်ရှိသူများအဖြစ် ကြိုတင် သတ်မှတ်ထားရှိသူများ၏ ပြောကြားချက်များ၊ စာဖတ်ပြသည်များကို နားထောင်၊ လက်ခုပ်တီးအဆင့်သာ ပါဝင်ခွင့်ရရှိခဲ့ပါသည်။ မူဝါဒအဖြစ် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား လူသိထင်ရှားဖြစ်စေရန် အသိပေးအ ကြောင်းကြားကြေညာသည့် အဆင့်မျိုးလည်း မတွေ့ရှိခဲ့ရပါ။
စာရေးသူမှာ မူဝါဒအသစ်ချမှတ်ခြင်းနှင့် မူဝါဒအဟောင်းကို ပြင်ဆင်မွမ်းမံခြင်းတို့နှင့် ပတ်သက်ပြီး စိတ်ဝင်စားမိပါသဖြင့် စာရေးသူတို့အား အစစအရာရာ သွန်သင်ဆုံးမ သင်ကြားပေးလျက်ရှိသည့် ဆရာကြီးတို့ထံ မေးမြန်းပြီး ဆည်းပူးလေ့လာခဲ့ရာ ဆရာကြီးတို့၏ ရှင်းလင်းပြောပြချက်များမှာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။
ဆရာကြီးတို့၏ ပြောပြချက်မှာ “ဒီနိုင်ငံ မှာက ဘာမူဝါဒမှ စနစ်တကျ သေသေချာချာ သတ်သတ်မှတ်မှတ် မရှိတာကိုက ဒီနိုင်ငံရဲ့ မူဝါဒ ဖြစ်ပါတယ်” ဖြစ်ပါသည်။ စာဖတ်သူတို့ အနေနှင့်လည်း စိတ်ဝင်စားပြီး တည်ဆဲ တည် ရှိနေနိုင်သည့် မူဝါဒများကို စုံစမ်းလေ့လာရှာ ဖွေမည်ဆိုပါက သိမြင်နားလည်နိုင်မည်ဟု ယုံကြည်ပါသည်။
အထက်တွင်ဖော်ပြခဲ့သော မူဝါဒအသစ်တစ်ရပ်ချမှတ် ဆောင်ရွက်နိုင်ရန် အကောင် အထည်ဖော်ဆောင်ရွက်သည့် အတွေ့အကြုံကို တင်ပြပါမည်။ မိမိတို့ တိုင်းပြည် နိုင်ငံတွင် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်သည့်အကြောင်းအရာကို ၂၀၁၂ ခုနှစ်တွင် ပထမအကြိမ် အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေးညီလာခံက စတင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။
သို့သော်လည်း စာရေးသူအနေဖြင့် အဆိုပါညီလာခံကိုမူ ပါဝင်တက်ရောက်ခွင့် မရရှိခဲ့ပါ။ ဤနေရာတွင် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်ပြီး စာရေးသူပါဝင်ခဲ့ ရသည့် အတွေ့အကြုံသက်သက်ကိုသာ တင် ပြမည်ဖြစ်ပြီး စာရေးသူပါဝင်ခွင့်မရရှိခဲ့သည့် အပိုင်းများကိုမူ တင်ပြနိုင်မည်မဟုတ်ပါ။
လူမှုကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်သည့်အကြောင်းအရာကို ၂၀၁၂ ခုနှစ် တွင် စတင်ခဲ့ပါသော်လည်း စာရေးသူပါဝင်ခွင့် ရခဲ့သည်မှာ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် ကျင်းပခဲ့သည့် ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် “ဖွံ့ ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးတွင် ထိရောက်မှုရှိစေမည့် နေပြည်တော်သဘောတူညီချက်” (Nay Pyi Taw Accord fir Effective Development Cooperation) အတွက် ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် Framework and Social Reforms (FESR) ကို တင်သွင်းခဲ့ ပါသည်။
အဆိုပါ FESR တွင် Section 6 Social Environmental and Cultural Dimensions of Development အောက်တွင် Section 6.2 Worker’s Right and Social Protection ခေါင်းစဉ်နှင့် အပိုဒ်ခွဲ ၉၄ ဖော်ပြထားချက်အရ မိမိတို့ တိုင်းပြည် နိုင်ငံတွင် လူမှုကာကွယ် စောင့်ရှောက်ရေးစနစ်တစ်ရပ် (a social protection system) တည်ဆောက် ထူထောင်ရန် လိုအပ်ကြောင်း အတိအလင်း ဖော်ပြထားပါသည်။
အထက်ပါဖော်ပြထားချက်အရ နိုင်ငံတကာအသိုင်းအဝိုင်းတွင်ရှိ လူမှုကာကွယ် စောင့်ရှောက်ရေးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများ အေဂျင်စီများအနေနှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြင်ဆင်ရပါ သည်။
အထူးသဖြင့် အောက်ဖော်ပြပါ အဖွဲ့အစည်းများမှာ အဓိကနေရာမှ ပါဝင်ဆောင်ရွက်ခဲ့ကြရပါသည်။ (က) ကုလသမဂ္ဂ နိုင်ငံတကာကလေးများ အရေးပေါ်ရန်ပုံငွေအဖွဲ့ (United Nations of International children and Emergency Fund(UNICEF)) (ခ) ကမ္ဘာ့ဘဏ် (The World Bank(WB)) (ဂ) အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (International Labour Organizational ) နှင့် (ဃ) ကုလသမဂ္ဂ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (United Nations World Food Programme (UN-WFP)) တို့ ဖြစ်ကြပါသည်။ နောက်ပိုင်းတွင် စကားလုံးအတိုကောက်များကိုသာ အသုံးပြုပါမည်။
နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် UNICEF က ဦးဆောင်ပြီး ငွေကြေးကုန်ကျစရိတ်နှင့် နည်းပညာအထောက်အပံ့ပေးနိုင်ရန် အဓိကတာဝန်ယူရပြီး တိုင်းပြည် နိုင်ငံတော်အနေနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်ကာ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ ပါဝင်ဆောင်ရွက်စေလျက် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများ (LNGOs)၊ နိုင်ငံတကာ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ (INGOs) များအနေနှင့် သက်ဆိုင်သည့် ပါဝင်ပတ်သက်သူအားလုံး(Stakeolders) အဖြစ် ပါဝင်ခဲ့ပါသည်။ စာရေးသူမှာ (UN-WFP) ကိုယ်စားပြု ပါဝင်ခဲ့ခြင်းဖြစ်ပါသည်။
ဤတွင် လူမှုကာကွယ်စောင့်ရှောက်ရေး နှင့်သက်ဆိုင်သည့် သဘောတရားများ၊ အကြောင်းအရာများသည် လူကိုအခြေခံပြီး စဉ်းစားကြရသည့်အတွက် တွေ့ကြုံရသည့် စိန်ခေါ်မှုများမှာ ကြီးမားကျယ်ပြန့်လှပါသည်။ ပထမစိန်ခေါ်မှုမှာ နိုင်ငံတကာ အသိုင်းအဝိုင်းတွင်ရှိသည့် အဖွဲ့အစည်းများအကြား စိန်ခေါ်မှု၊ ဒုတိယမှာ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများအကြား စိန်ခေါ်မှုနှင့် တတိယစိန်ခေါ်မှု မှာ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဝန်ကြီးဌာန၊ ဦးစီးဌာနများအကြား စိန်ခေါ်မှုတို့ ဖြစ်ကြပါသည်။
ပထမစိန်ခေါ်မှုမှာ မိမိတို့တိုင်းပြည်နိုင်ငံသည် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်ပြီး ယခုအချိန်မှ စတင်ရမည်ဖြစ်သည့် အားလျော်စွာ မိမိတို့ တိုင်းပြည်နိုင်ငံတော်၏ ပကတိအခြေအနေကို အခြေခံကာ နိုင်ငံတကာစံချိန်၊ စံနှုန်းများနှင့် ကိုက်ညီ သင့်သည်ဟု သဘောတရားအရ (UNICEF) ကလည်း ၎င်း၏ ချဉ်းကပ်ပုံနှင့် ဒီဇိုင်းပုံစံသည် နိုင်ငံတကာ စံချိန်စံနှုန်းဖြစ်သည်။ (WB) ကလည်း ၎င်း၏ ချဉ်းကပ်ပုံနှင့် ဒီဇိုင်းပုံစံသည် နိုင်ငံတကာ စံချိန်၊ စံနှုန်းဖြစ်သည်။ (ILO) ကလည်း ၎င်း၏ ချဉ်းကပ်ပုံ နှင့် ဒီဇိုင်းပုံစံသည် နိုင်ငံတကာ စံချိန်၊ စံနှုန်းဖြစ်သည် စသည်ဖြင့် အငြင်းပွားလျက်ရှိကြရာ စာရေးသူက နိုင်ငံတကာ စံချိန်၊ စံနှုန်း ဆိုသည်မှာ ဘယ်အချက်များကို ခေါ်ဆိုကြပါသလဲဆိုသည့်မေးခွန်း မေးခဲ့ပါသော်လည်း ကျေနပ်စရာ အဖြေ မရရှိခဲ့ပါ။
စာရေးသူ၏စိတ်တွင် အဆိုပါမေးခွန်းအတွက် တိကျသည့် အဖြေရရှိနိုင်ရန် အမြဲကြိုးပမ်းခဲ့ရာ ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် မိမိတို့ တိုင်းပြည်နိုင်ငံသို့ ရောက်ရှိချိန် လိုက်ပါလာသည့် ဆရာကြီးက ရှင်းပြသည်မှာ “နိုင်ငံတကာ စံချိန်၊ စံနှုန်းဆိုသည်မှာ နိုင်ငံတကာအသိုင်းအဝိုင်းက သတ်မှတ်ပြ ဋ္ဌာန်းထားရှိသည့် သဘောတူညီချက်များ၊ စာချုပ်များ၊ ပဋိညာဉ်စာတမ်းများကို ပါဝင်လက် မှတ်ရေးထိုးခြင်းဖြစ်ပြီး ကုလသမဂ္ဂလက် အောက်တွင်ရှိ အဖွဲ့အစည်းများ၊ အေဂျင်စီများက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ချဉ်းကပ်ပုံများ၊ လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများအပေါ်တွင် တိုက်ရိုက်သတ်မှတ်ပြဋ္ဌာန်းထားခြင်း မရှိပါကြောင်း” ရှင်းပြပါသည်။
ထိုနည်းတူစွာ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများအကြားတွင်လည်း ဝန်ကြီးဌာန၊ ဦးစီးဌာနတစ်ခုတည်းမှာပင် ပါဝင်တက်ရောက်သည့် ဝန်ထမ်းများမှာ အစည်းအဝေး တစ်ခုတွင် တစ်ဦး၊ နောက်အစည်းအဝေး တစ်ခုတွင် နောက်တစ်ဦးနှင့် ပတ်ချာလည်လျက်ရှိပြီး ရှေ့လည်းမတိုးနိုင်၊ နောက်ဆုတ်ရန်လည်းအခက်နှင့် စိန်ခေါ်မှုများကို ကြုံ တွေ့ရလျက်ရှိနေပါသည်။
ထိုစဉ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ ဆရာကြီးက စာရေးသူ မိမိတို့ကို ရှင်းလင်း ပြောပြသည်မှာ “အစိုးရတစ်ရပ်အနေနဲ့ မူဝါဒ ချမှတ်ပြဋ္ဌာန်းထားခြင်းမရှိလျှင် လုပ်ငန်းများ ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်းနှင့် လူမှုကာကွယ်စောင့် ရှောက်ရေး သဘောတရားများနှင့်အကြောင်းအရာသည် အသစ်ဖြစ်သဖြင့် မူဝါဒအသစ် တစ်ရပ်တင်ပြရန် လိုအပ်ကြောင်း” ရှင်းပြပါ သည်။ ထို့ပြင်(UNICEF) က ဟိုတယ်ကြီးများတွင် ပြုလုပ်လေ့ရှိသည့် အစည်းအဝေးများ၊ တွေ့ဆုံခြင်းများကို ဝန်ကြီးဌာနမှာပင် ပြုလုပ်ရန် စီစဉ်ခဲ့သည်။ (LNGOs) နှင့် (INGOs) များအကြောင်းကိုမူ တင်ပြခြင်းမပြုတော့ပါ။
စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့်အကြောင်းရင်းမှာ မိမိတို့တိုင်းပြည် နိုင်ငံကို စနစ်တကျ တာဝန်ယူတည် ဆောက်မည့်သူများအနေဖြင့် မူများနှင့် မူဝါဒများကို တတ်နိုင်သမျှကွဲပြားခြားနားစေရေး အတွက် ဒီဇိုင်းမိုဒယ်ချမှတ်ပြီး တည်ဆောက်နိုင်ကြစေရန်နှင့် မူဝါဒများ၏ သဘောတရားများနှင့် အကြောင်းအရာများကို လူအများနားလည်သိမြင်နိုင်စေရန် အလို့ငှာ လက်လှမ်းမီသမျှ ရှာဖွေတင်ပြပေးမည်ဖြစ်ပြီး အုပ်ချုပ်ရေးအာဏာကို ရယူထားသူများက ပါးစပ်ဖြင့် ကြုံသလိုပြောကြားသည်များကို မူဝါဒ အဖြစ်သတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများကို တတ်နိုင်သမျှ လျော့နည်း ပပျောက်စေရန်နှင့် မိမိတို့ တိုင်းပြည်နိုင်ငံက ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် နိုင်ငံရေးစနစ် အမျိုးမျိုးအောက်တွင် တည်ရှိနေသည့် တည်ဆဲဖြစ်နေသေးသည့် မူဝါဒအဟောင်းအမြင်းများ၊ မူဝါဒ အမှိုက်များ၊ ယနေ့ကျင့်သုံးအကောင်အထည် ဖော်လျက်ရှိသည့် နိုင်ငံရေးစနစ်နှင့် ကိုက်ညီခြင်းမရှိတော့သည့် မူဝါဒ အကျိုးအပဲ့များတည်ရှိနေခဲ့ပါက စနစ်တကျ ရှင်းလင်းသုတ် သင်နိုင်စေရေးကို ရည်ရွယ်ပါသည်။
ပထမဦးစွာ မူဝါဒများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ သဘောတရားများနှင့် အရေးပါပုံကို တင်ပြပါမည်။ အင်တာ နက်စာမျက်နှာများတွင် လူအများသိမြင်နိုင်စေရန် ဖော်ပြထားသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်က စတင်ပါမည်။ “Policy a course , or principle of action adopted or proposed by an organization or individual” (Internet) ဖော်ပြထားချက်မှာ “မူဝါဒဆိုသည်မှာ အဖွဲ့အစည်းတစ်ဖွဲ့ သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးက အဆိုပြု တင်ပြသည့် သို့မဟုတ် ရွေးချယ်သဘောတူလက်ခံသည့် မူဖြင့် ဆောင်ရွက်သော အလုပ်တစ်ခု သို့မဟုတ် ဦးတည်ချက် တစ်ရပ်ဖြစ်ပါသည်။ ”
စာဖတ်သူများ ပိုမို သိမြင် နားလည်နိုင်စေရေး အလို့ငှာ ဆရာကြီး ဟင်နရီကစ်ဆင်ဂျာ၏ စာအုပ် ( Reference 1 ) တွင် တင်ပြထားသည့် ၁၉ ရာစု ဗြိတိသျှ နိုင်ငံရေးခေါင်းဆောင် ဆရာကြီး လော့(ဒ်)ပေါ(လ်)မာစတုန် (Lord Palmerston) ၏ အခြေခံမူ (Basic Principle ) နှင့် ပေါ်လစီ(Policy) တို့၏ အဆက်အစပ် ဖော်ပြထားချက်အရ ဗြိတိန်နိုင်ငံအတွက် တိုင်းပြည် နိုင်ငံတော်တည်ဆောက်ရာတွင် အသုံးပြုပုံကို တိုက်ရိုက် တင်ပြပါမည်။
အခြေခံမူနှင့် ပတ်သက်၍ ဖော်ပြရာတွင် “We have no eternal allies,and we have no perpetual enemies.Our interests are eternal and perpetual,and those interests it is our duty to follow” (Reference 1: pp-27-30). ဖော်ပြထားချက်အရ “ကျွန်တော်တို့မှာ ထာဝရမိတ်ဆွေများ နှင့် အမြဲထာဝရ ရန်သူများ ဟူ၍မရှိပါ။ ကျွန်ုပ်တို့၏ အကျိုးစီးပွားများသာလျှင် ထာဝရ နှင့် ထာဝရဖြစ်ပါသည်။ အဆိုပါ အကျိုးစီးပွားများအတွက် လိုက်ပါ ဆောင်ရွက်ရန်မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်ပါသည်။ ”
မူဝါဒနှင့်ပတ်သက်သော ရှင်းလင်းတင်ပြချက်ကို တင်ပြရပါလျင် “When people ask me…. for what is called a policy,the only answer is that we mean to do what may seem to be best,upon each occasion as it arises, making the Interset of Our Country one’s guiding principle.”( Of course this deceptively simple concept worked for Britain in part because its ruling class was trained in a common, almost intuitive sense of what the country’s enduring interest were.(Reference 1;pp-30).
ရှင်းလင်းဖော်ပြထားသည်မှာ “လူအများက ကျွန်တော့်ကို မူဝါဒဆိုတာ ဘာကိုခေါ်ပါသလဲဆိုသည့် မေးခွန်း မေးလာသည့်အခါတွင် ကျွန်တော့်အဖြေကတော့ မိမိတို့ တိုင်းပြည် နိုင်ငံတွင် တည်ရှိနေသည့် တည်ဆဲ လမ်းညွှန်ထားရှိသည့် မူအရ တိုင်းပြည် နိုင်ငံအတွက် အကျိုးစီးပွားကို ဖန်တီးတည်ဆောက်နိုင်စေရန် အလို့ငှာ ဖြစ်ထွန်း ပေါ်ပေါက်လျက်ရှိနေသည့် ဖြစ်ရပ်တစ်ခုချင်းစီ အပေါ်တွင် အခြေခံကာ အကောင်းဆုံးဟု ထင်မြင်ရသည့် ဖြစ်ရပ်ကို ရွေးချယ် အကောင်အထည်ဖော်ဆောင်ရွက်ရန်ဆိုသည့် အဓိပ္ပာယ်ဖြစ်ပါသည်။
(သို့သော်လည်း ဆရာကြီးက ဆက်လက်ရှင်းလင်းတင်ပြရာတွင် ယခုဖော်ပြထားရှိသည့် အဓိပ္ပာယ်အကြောင်း အရာ ဦးတည်ချက်သည် ဗြိတိန်နိုင်ငံအတွက်မူ အမြင်ပုံပန်းသဏ္ဍာန်အားဖြင့် လွယ်ကူရှင်းလင်းစွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်စေသည့် သဘောတရားများဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဗြိတိန်နိုင်ငံရှိ အုပ်ချုပ်သူ လူတန်းစားများသည် သာမန်ပုံမှန်အားဖြင့် လေ့ကျင့်သင်ကြားခြင်းကို ခံယူထားကြသူများ ဖြစ်ကြသောကြောင့် လူပုဂ္ဂိုလ်အများစုသည် ၎င်းတို့ တိုင်းပြည် နိုင်ငံ၏ ကြာရှည် အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲသော အကျိုးစီးပွားများ ဖြစ်ထွန်းပေါ်ပေါက်လာမည့် အခြေအနေကို အလိုလို သိမြင်ကြသူများ ဖြစ်ကြပါသည်)။
ဒုတိယအနေဖြင့် မူဝါဒတစ်ရပ် လည်ပတ်ရပ်တည်နေသည့် အခြေအနေကို ပုံတွင် ဖော်ပြထားပါသည်။ မူဝါဒ အသစ်တစ်ရပ် ချမှတ်ဆောင်ရွက်ရာတွင်သော်လည်းကောင်း သို့မဟုတ် မူဝါဒ အဟောင်းကို ပြင်ဆင်မွမ်းမံပြီး အသုံးပြုလိုလျင်သော်လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်ရမည့် သို့မဟုတ် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို တင်ပြထားပါသည်။ စာရေးသူ တင်ပြလိုသည့် အဓိပ္ပာယ်မှာ တိုင်းပြည် နိုင်ငံတော်ကို တည်ဆောက်ကြရာတွင် တိုင်းပြည်နိုင်ငံတော်နှင့် တိုင်းသူပြည်သားများ နိုင်ငံသားများအကျိုးအတွက် မူဝါဒအဖြစ် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ဖော်ထုတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါလျင် ပုံတွင်ဖော်ပြထားသည့် အဆင့်များကို မဖြစ်မနေ ဆောင်ရွက်ရမည်ဆိုသော အခြေအနေကို သိမြင်နားလည် အလေးထားစေလိုသည့် အချက်ဖြစ်ပါသည်။
တတိယအနေဖြင့် မူဝါဒနှင့် ပတ်သက်သည့် မိမိတို့ တိုင်းပြည် နိုင်ငံ၏ အခြေအနေကို စာရေးသူ၏ အမြင် သက်သက်ဖြင့် တင်ပြပါမည်။ စာဖတ်သူတို့ သိမြင်ပြီးဖြစ်ကြမည်ဟု ယူဆပါသည်။ စာရေးသူတို့၏ တိုင်းပြည် နိုင်ငံသည် ကမ္ဘာပေါ်တွင် ပေါ်ပေါက်ခဲ့သည့် နိုင်ငံရေးစနစ်အမျိုးမျိုးကို ကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပါသည်။
အကျဉ်းချုပ်တင်ပြရပါလျှင် သက်ဦးဆံပိုင်ဘုရင်ခေတ်၊ ကိုလိုနီခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်၊ တော်လှန်ရေးကောင်စီ စစ်အုပ်ချုပ်ရေးခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်၊ စစ်အုပ်ချုပ်ရေးခေတ်၊ ယခု ပါတီစုံဒီမိုကရေစီခေတ် စသည်ဖြင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်း ခေတ် စနစ်အမျိုးမျိုး ကို ဖြတ်သန်းခဲ့ရသည့် နိုင်ငံဖြစ်ပါသည်။
ထို့ကြောင့် တိုင်းပြည် နိုင်ငံတွင် တည်ရှိနေသည့် ပြဋ္ဌာန်းထားရှိခဲ့သည့် သို့မဟုတ် တရားဝင်ပြဋ္ဌာန်းထားရှိခြင်း မပြုခဲ့သော်လည်း အုပ်ချုပ်သူ အာဏာရှိသူများက ပါးစပ်ဖြင့် ကြုံသလို ချမှတ်ခဲ့ကြသည့် မူဝါဒများသည်လည်း ဦးတည်ထားရှိခဲ့ကြသည်မှာ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အပေါ်၊ အောက် ဖြစ်ချင်သလို ဖြစ်နေကြမည်မှာ အသေအချာပင် ဖြစ်ပါသည်။
စာရေးသူအနေဖြင့် အဆိုပြုတင်ပြလိုသည်မှာ အထက်ဖော်ပြပါ မူဝါဒ မီးကျိုး မောင်းပျက် အမှိုက်ပုံကြီးကို ရှင်းလင်းရန်ဖြစ်ပြီး သန့်ရှင်းလတ်ဆတ်သော မူဝါဒအသစ်များ နှင့် မူဝါဒအဟောင်းများကိုလည်း ခေတ်စနစ်နှင့် ကိုက်ညီစေရန် စနစ်တကျ မွမ်းမံပြင်ဆင်ပြီး တိုင်းပြည် နိုင်ငံတော်အကျိုးနှင့် ပြည်သူ ပြည်သားများ နိုင်ငံသားများအကျိုးကို ဦးတည်ကာ ရှင်းလင်းပြတ်သားရမည့်အပြင် လူအများ အလွယ်တကူ သိမြင်နားလည် သဘောပေါက် လိုက်ပါဆောင်ရွက်နိုင်စေမည့် အချက်များနှင့် ပြည့်စုံစေရေးကို ဦးစားပေး ချမှတ် ပြဋ္ဌာန်းရန်ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ မိမိတို့ တိုင်းပြည်နိုင်ငံကို စနစ်တကျ တာဝန်ယူတည်ဆောက်ကြမည့် သူများအနေဖြင့် မူများနှင့် မူဝါဒများကို တတ်နိုင်သမျှကွဲပြားခြားနားစေရေးအတွက် ဒီဇိုင်း မိုဒယ်ချမှတ်ပြီး တည်ဆောက် ပြဋ္ဌာန်းနိုင်ကြပါစေကြောင်းနှင့် အုပ်ချုပ်ရေးအာဏာကို ရယူထားသူများ အနေဖြင့် ပါးစပ်ဖြင့် ကြုံသလို ပြောကြားသည်များကို မူဝါဒအဖြစ် သတ်မှတ်ပြီး အကောင်အထည် ဖော်ဆောင်ရွက်ခြင်းများကို တတ်နိုင်သမျှ လျော့နည်း ပပျောက်စေရန် ကြိုးစားသတိပြု ပြင်ဆင်နိုင်ကြပါစေရန်နှင့် မိမိတို့ တိုင်းပြည် နိုင်ငံက ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် နိုင်ငံရေးစနစ် အမျိုးမျိုးအောက်တွင် တည်ရှိနေသည့် တည်ဆဲဖြစ်နေသေးသည့် မူဝါဒ အဟောင်းအမြင်းများ၊ မူဝါဒ အမှိုက်များ၊ ယနေ့ ကျင့်သုံးအကောင်အထည် ဖော်လျက်ရှိသည့် နိုင်ငံရေးစနစ်နှင့် ကိုက်ညီခြင်း မရှိတော့သည့် မူဝါဒ အကျိုးအပဲ့များ တည်ရှိနေခဲ့ပါက စနစ်တကျ သုတ်သင်ရှင်းလင်း နိုင်ပြီးလျင် သန့်ရှင်းလတ်ဆပ်သော မူဝါဒအသစ်များ နှင့် မူဝါဒအဟောင်း များကိုလည်း ခေတ် စနစ်နှင့် ကိုက်ညီစေရန် စနစ်တကျ မွမ်းမံပြင်ဆင်ပြီး တိုင်းပြည် နိုင်ငံတော်အကျိုးနှင့် ပြည်သူ ပြည်သားများ နိုင်ငံသားများအကျိုးကို ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။
Reference:1 “World Order” ,Reflections on the Chaeacter of Nations and the Course of History,by Henry Kissinger,2014.










