အီဂျစ်နိုင်ငံထဲမှ အဆင်းရဲတကာ့ အဆင်းရဲဆုံးများထဲ၌ အပါအဝင် ဖြစ်ကြသည့် ‘ဇာဘလီယန်’ ဟု ခေါ်ခံရသူများသည် ကိုင်ရိုထဲရှိ ဆင်းရဲသားရပ်ကွက် တစ်ခု၌ နေထိုင်ပြီး ၎င်းတို့၏ သားသမီးများကို ကျောင်းဆက်ထားနိုင်ရေးအတွက် အမှိုက်ပုံများတွင် မွှေနှောက်ရှာဖွေမှုများ ပြုလုပ်နေကြသည်။
အက်ဇဘတ် အယ်နစ်ခယ်မြို့ စွန်တဲစုရပ်ကွက်တွင် နေထိုင်ကြသူများသည် မြို့တော်အနှံ့၌ အမှိုက်ကောက်ခြင်းနှင့် ပုဂ္ဂလိကပိုင် အမှိုက်ပြန်လည် အသုံးပြုရေး အလုပ်ရုံများ၌ အလုပ်လုပ်ခြင်းတို့ဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။
သို့သော် ကော့(ပ်)တစ်ခရစ် ယာန်အများစုနေထိုင်ကြသည့် ဇာ ဘလီယန် ရပ်ကွက်အတွင်းမှ ရွှံ့ထူ သော လမ်းသွယ်များအလယ်၌ ရှိ သည့် စာသင်ကျောင်းတစ်ကျောင်း သည် အိုအေစစ်တစ်ခုသဖွယ် ဖြစ် နေသည်မှာ ကာလရှည်ကြာရှိနေပြီ ဖြစ်သည်။ အာရပ်စကားဖြစ်သော ဇာဘလီယန် ဆိုသည်မှာ အမှိုက်လူသားဟု အဓိပ္ပာယ်ရသည်။
လွန်ခဲ့သည့် နှစ် ၃၀ ခန့်က ပြင်သစ်ခရစ်ယာန်သီလရှင် ဧမာနွေလ က စတင်ထူထောင်ခဲ့သော ထို ကျောင်းအား မေတ္တာဟု အဓိပ္ပာယ် ရသည့် အာရပ်စကားလုံးဖြစ်သည့် မာဟာဘာဟူ၍ အစွဲပြု ခေါ်ဆိုကြ သည်။ ထိုစာသင်ကျောင်းသည် ၎င်း၏သန့်ရှင်းပြီး နှစ်လိုဖွယ်ရှိသည့် ဝန်းကျင်ထဲ၌ ကျောင်းသားပေါင်း ၃၀၀၀ ကို ပြင်ပကမ္ဘာမှ ကာကွယ်ပေးထားသည်။
ဆင်းရဲသားရပ်ကွက်နေသူ များအတွက် ပရဟိတအလုပ်များ လုပ်ဆောင်ပေးခဲ့သည့် သီလရှင် ဧမာနွေလကို ဗာတီကန်က မာသာ ထရီဇာဖြင့်ပင် နှိုင်းယှဉ်ခဲ့ဖူးသည်။ ကျောင်းတည်ထောင်သူ အဆိုပါ သီလရှင်မှာမူ လွန်ခဲ့သည့် ၁၀ နှစ်က အသက် ၉၉ နှစ်အရွယ်တွင် ကွယ် လွန်သွားခဲ့ပြီဖြစ်ပြီး လက်ရှိတွင် သီ လရှင်ဒယ်မီယာနာက ကျောင်းကို ဆက်လက်ဦးဆောင်နေသည်။
စာမတတ်မြောက်မှုကို တိုက် ဖျက်ရန်အတွက် ကလေးများအား ကျောင်းအပ်ကြရန် ၎င်းနှင့်သီလရှင် ဧမာနွေလတို့က မိဘများကို တစ်အိမ်တစ်အိမ်ဆင်း တိုက်တွန်းခဲ့ရသည့် အကြောင်းများကို သီလရှင် ဒယ်မီယာနာက ပြန်လည် ပြောပြခဲ့သည်။ အီဂျစ်နိုင်ငံလူဦးရေ၏ ၂၀ ရာခိုင်နှုန်းဝန်းကျင်သည် စာမတတ်ကြကြောင်း အစိုးရပိုင် CAPMAS စာရင်းဇယားရုံးက ယမန်နှစ်တွင် ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့်နှစ်များ အတွင်းကမူ အီဂျစ်နိုင်ငံ၏ ငွေကြေးအကျပ်အတည်းကြောင့် မာဟာဘာအပါအဝင် အခြားသော ဆင်းရဲသားရပ်ကွက်မှ ကျောင်းများသည် ၎င်းတို့၏ ရည်မှန်းချက် ပြည့်မီရေးအတွက် ခက်ခဲလာခဲ့ကြသည်။
အားလုံး စျေးကြီးကြတယ်
၂၀၁၆ ခုနှစ်က အီဂျစ်အစိုးရသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ပံ့ပိုးရန်အတွက် ဒေါ်လာ ၁၂ ဘီလျံအား သုံးနှစ်ချေးယူရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် သဘောတူစာချုပ်တစ်ခု ချုပ်ဆိုခဲ့သည်။ ထိုအချိန်မှစပြီး အာဏာပိုင်တို့သည် လောင်စာစျေးနှင့် မီတာခများကို တိုးမြှင့်ခြင်း၊ ကုန်ပစ္စည်း ဝန်ဆောင်မှုအပေါ် စည်းကြပ်ခွန် (VAT) ကို စတင်ကောက်ခံခြင်း အပါအဝင် ပြင်းထန်သော ခြိုးခြံချွေတာရေး စည်းမျဉ်းများကို ထုတ်ပြန်ခဲ့သည်။ ထိုစဉ်ကုန် ပစ္စည်းစျေးနှုန်းများ မြင့်တက်လာ ကာ အမေရိကန်ဒေါ်လာနှင့် လဲ လှယ်နှုန်းတွင် အီဂျစ်ပေါင်ငွေ တန်ဖိုးသည် ထက်ဝက်ကျော် ကျဆင်းသွားခဲ့သည်။ “အကုန်လုံး စျေးကြီး လာကြပြီး လူတွေဟာ ဖိအားဒဏ်ကို ခံစားလာကြရပါတယ်” ဟု သီလရှင်ဒယ်မီယာနာက ပြောကြားခဲ့သည်။
မာဟာဘာကျောင်းသို့ တက်ရောက်နေသည့် ကလေးအများအပြားသည် အာဟာရချို့တဲ့နေကြကာ မိဘများကလည်း ၎င်းတို့ကို အဝတ်အစားနှင့် ကျောင်းသုံးပစ္စည်းများ ဝယ်ပေးရန် ရုန်းကန်နေကြသည်။ မာဟာဘာကျောင်း၏ နှစ်စဉ်ကျောင်းလခမှာ ပေါင် ၃၀၀၀ (၁၆၇ ဒေါ်လာ) ရှိသည်။ သို့သော် အဆင်းရဲဆုံး မိသားစုများသည် ကျောင်းလခပေးရန် မလိုအပ်ဘဲ ယင်းထက်အနည်းငယ် အခြေအနေကောင်းသူများကမူ တိုကင်ခသာသာသာ ပေးရသည်။
၁၉၈၀ ပြည့်နှစ်က သီလရှင် ဧမာနွေလ ထူထောင်ခဲ့သော အန်ဂျီအိုတစ်ခုဖြစ်သည့် Asmae သည် မာဟာဘာကျောင်းကို တစ်စိတ်တစ်ပိုင်းအားဖြင့် ပံ့ပိုးပေးနေသည်။ ထို့ပြင် မာဟာဘာသည် ပုဂ္ဂလိက လှူဒါန်းမှုတို့ အပေါ်တွင်လည်း မှီခိုနေရသည်။
၂၀၁၃ ခုနှစ်က အစ္စလာမ္မစ် သမ္မတမိုဟာမက်မော်စီ ဖြုတ်ချခံရပြီးနောက်ပိုင်း အီဂျစ်နိုင်ငံထဲတွင် ဂျီဟတ်တို့ စတင်ထကြွလာခဲ့သည်။ ထိုအစွန်းရောက်များသည် ပြီးခဲ့သည့်နှစ်များအတွင်းက ကော့(ပ်)တစ် ဘုရားကျောင်းများ၊ အဖွဲ့အစည်းများကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသည်။
ထိုစဉ် မာဟာဘာကျောင်းသည် အဆိုပါ အကြမ်းဖက်မှုများကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့သည့် တပည့်များအတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးရေးစနစ် တစ်ခုကိုလည်း တည်ထောင်ထားသည်။
အီဂျစ်နိုင်ငံ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသည် ကော့ပတစ်ခရစ်ယာန်များ ဖြစ်ကြသည်။
“အဓိက စိန်ခေါ်မှုကတော့ ကလေးတွေရဲ့ အထွေထွေ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ မိဘတွေ ငွေရှာရတာပဲ ဖြစ်ပါတယ်” ဟု မာဟာဘာကျောင်း စဖွင့်ကတည်းက ရှိနေသော ကျောင်းဆရာမ ဆာဘာဆိဘီက ပြောခဲ့သည်။
Ref : AFP














