
အင်းစိန်မြို့နယ်အတွင်း လွန်ခဲ့ရက်ပိုင်းက ရုပ်ရှင်ဆန်ဆန် လုယက်မှု နှစ်မှု ဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာ ၁၈ ရက်တွင် ငွေလဲလုပ်ကိုင်သူ နှစ်ဦးအား သေနတ်ဖြင့် ခြိမ်းခြောက်ကာ လုယက်ခဲ့ပြီး သေနတ်သမားက အမျိုးသားတစ်ဦးကို ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့သည်။ ဒုတိယတစ်ခုမှာ အင်းစိန်မြို့နယ်ရှိ စျေးတစ်ခုတွင် ရွှေဆိုင် ဖွင့်လှစ်ထားသည့် လင်မယား နှစ်ဦးကို ရှေ့မှကားဖြင့် ပိတ်ရပ်ကာ လူလေးဦးက ကားမှန်များကို ရိုက်ခွဲပြီး ရွှေများကို လုယက်ခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်တွင် ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးမှာ လက်တွင် ဓားဒဏ်ရာ ရရှိခဲ့သည်။ ရွှေများ လုယက်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျူးလွန်ခံရသည့် ကာယကံရှင် ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးအား The Daily Eleven သတင်းစာက ဆက်သွယ် မေးမြန်းခဲ့ပါသည်။
“ထင်လိုက်တာက ကားချင်း တိုက်မိလို့များလားပေါ့။ နောက်တော့ မဟုတ်ဘူး။ ဘေးကနေ အစ်မတို့ ပစ္စည်းထားတဲ့နေရာက ကားမှန်ကို သံတုတ်နဲ့ ရိုက်တယ်”
■ မေး - အစ်မရဲ့ နာမည်လေးနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်လေးကို ပြောပြပေးပါဦး။
■ ဖြေ - အစ်မနာမည်က ဒေါ်သူဇာအေးပါ။ အစ်မတို့က စျေးဖွင့်ရက်တွေဆို ညနေ ၄ နာရီခွဲနဲ့ ၅ နာရီကြား ပြန်နေကျ။ အစ်မတို့အိမ်က ဦးဘဦးကွင်းပိုင်းလမ်း ခဝဲခြံမျက်မမြင်ကျောင်း အကျော်လေးမှာရှိတာ။ ဆိုင်က အင်းစိန်စျေးရှေ့က ဆိုင်ပေါ့။ ဆိုင်မှာထားတော့လည်း ပစ္စည်းတွေ စိတ်မချဘူး။ အဲဒါနဲ့ အိမ်မှာ ထားမယ်ပေါ့။ ကိုဗစ် ဘာညာကြောင့်ပေါ့။ အိမ်မှာ ထားမယ်ဆိုပြီး နှစ်ထုပ်ပေါ့။ ယူလာတာ။ ဘယ်လိုမှ မထင်ထားဘူး။ တစ်နှစ်ကျော်ပြီ။ ဆိုင်မှာလည်း မီးခံသေတ္တာ ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က တနင်္ဂနွေနေ့ မတိုင်ခင်ကပေါ့။ အစ်မတို့ကား ရှေ့ကနေ ကားတစ်စီးက ပိတ်ပိတ်ရပ်တယ်။ ဒါကထူးခြားတာပေါ့။ ကြံတော့ ကြံတယ်။ အထမမြောက်တဲ့ သဘောပေါ့။ တနင်္ဂနွေနေ့က လုံးဝ ကားမပိတ်ဘူး။ မရှိတဲ့အခါကျတော့ အစ်မတို့ပြန်တော့ အင်းစိန်ခုံးတံတားက သွားပြီးသွားရင် လမ်းကျဉ်းလေး တစ်ခုရှိတယ်။ မြားပုံစံလေးပေါ့။ လမ်းက။ အဲဒီကို တက်တက်ချင်းမှာ အဲဒီကားက ပိတ်ရပ်လိုက်တယ်။ ထင်လိုက်တာက ကားချင်း တိုက်မိလို့များလားပေါ့။ နောက်တော့ မဟုတ်ဘူး။ ဘေးကနေ အစ်မတို့ ပစ္စည်းထားတဲ့ နေရာက ကားမှန်ကို သံတုတ်နဲ့ ရိုက်တယ်။ ကားကို ကျော်လို့ပဲ ရန်စတာလားလို့ ထင်နေသေးတာ။ ဘယ်ဟုတ်မလဲ။ ပြီးတော့ ဓားလည်း ပါတယ်။ အထုပ်တစ်ထုပ်ကို ဆွဲရော။ နောက်ခန်းမှာက အစ်မနဲ့ သားနဲ့။ သားက ကိုးနှစ်ပဲ ရှိသေးတယ်။ ရှေ့ခန်းမှာက အစ်မ ယောကျ်ား ရှိတယ်။ နောက်တစ်ထုပ်ကို လှမ်းဆွဲတော့ မလုပ်ပါနဲ့ဆိုပြီး နောက်တစ်ထုပ်ကို လှမ်းဆွဲတော့ လက်ကို ဓားနဲ့ထိုးတာ။ ထိုးလိုက်တော့ နောက်တစ်ထုပ်လည်း ပါသွားတာ။ နောက်ပြီး ကလေးရဲ့ ကျောပိုးအိတ်ကိုလည်း ယူသွားတယ်။ သူတို့ထင်တာက ပိုက်ဆံအိတ် ထင်တာ။ အဲဒါက သားရဲ့စာအုပ်တွေ ထည့်ထားတဲ့ အိတ်။ အစ်မရဲ့ အမျိုးသားကိုလည်း အဲဒီအချိန်မှာ လည်ပင်းကို ဓားနဲ့ ထောက်ထားတယ်။ လူလေးယောက်မှာ ကားရဲ့ တစ်ဖက်စီမှာ နှစ်ယောက်ဆီလာပြီး လုတာ။ ဓားပြတိုက်တဲ့ သဘောပေါ့။ အထုပ်တွေကို ယူပြေးတော့ အစ်မအမျိုးသားက ချက်ချင်းလိုက်တယ်။ လိုက်ပြီး ကားကို လိုက်တိုက်တော့ အစ်မတို့ကားလည်း ပိန်သွားတယ်။ သူတို့ကားလည်း ပိန်သွားတယ်။ ကား က အငှားယာဉ်ပေါ့။ အစ်မတို့ကားကလည်း Succeded ။ လာလုတဲ့ သူတွေရဲ့ကားက Probox ပေါ့။
■ မေး - ရွှေ ဘယ်လောက် ပါသွားလဲခင်ဗျ။
■ ဖြေ - ပါသွားတာကတော့ ရွှေချိန် လေးပိဿာခွဲနဲ့ ငါးပိဿာကြား ရှိတယ်။ အစ်မတို့ကလည်း အိမ်ဆိုင်ဆိုတော့ အရမ်းကွက်တိကြီး မလုပ်ထားဘူးပေါ့။ စာရင်းက။ ပါတာကတော့ အဲဒီလောက်တော့ ရှိတယ်။ စိတ်ညစ်ရတယ်။
■ မေး - အဲဒီနေရာက ပုံမှန်အချိန်ဆို ကားရှုပ်တဲ့ နေရာပဲ။ ယာဉ်လမ်းကြောင်း ရှင်းနေလို့လား အစ်မ။
■ ဖြေ - ဟုတ်တယ်။ အဲဒီနေရာက သာမန်အချိန်ဆို ကားကျပ်တယ်။ အဲဒီနေ့က ကားရှင်းတယ်။ အစ်မအမျိုးသားကလည်း အဲဒီနေ့က ကားသွားပြတယ်။ အဲဒီမှာကြာတော့ နောက်ကျသွားတာပေါ့။ ဒါပေမဲ့ တစ်ခါတလေ အလုပ်ရှိရင် အစ်မတို့ ၇ နာရီ ၈ နာရီလောက်မှ ပြန်ဖြစ်တာ။ အဲဒီလိုမျိုးလည်း ဖြစ်ချင်မှ ဖြစ်တာ။
■ မေး - အခုလက်ရှိရော ဘာတွေများ လုပ်ထားပါသေးလဲခင်ဗျ။
■ ဖြေ - လောလောဆယ်ကတော့ ရဲစခန်းမှာ အမှုဖွင့်ထားတာပေါ့။ နောက်ဆက်တွဲ ကိစ္စတွေတော့ သေချာမသိရသေးဘူး။
■ မေး - ဒဏ်ရာကရော သက်သာရဲ့လားခင်ဗျ။
■ ဖြေ - ဖြစ်ပြီးပြီးချင်းတော့ လှိုင်သာယာဆေးရုံမှာ သွားပြတယ်။ ဆေးထည့်ပေးတယ်။ နောက်တော့ မြောက်ဥက္ကလာဆေးရုံကို သွားပြဖို့ စီစဉ်သေးတယ်။ ရဲစခန်းကခေါ်တာနဲ့ မသွားဖြစ်ဘူး။ နောက်တစ်ရက်ကျတော့ ဆာကူရာဆေးရုံမှာ ဒဏ်ရာကို ချုပ်လိုက်ရတယ်။ ၁၀ ချက် ၁၅ ချက်လောက် ချုပ်လိုက်ရတယ်။
■ မေး - အခင်းဖြစ်စဉ်တုန်းက နောက်မှာ ဆိုင်ကယ်တွေလည်း ပါတယ်ပြောတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
■ ဖြေ - အခင်းဖြစ်တုန်းကတော့ နောက်မှာဘာရှိလဲဆိုတာ သတိမထားမိလိုက်ဘူး။ အစ်မက ကူညီမယ့်သူရှိမလား လှမ်းကြည့်လိုက်တော့ ဘယ်သူမှမတွေ့မိဘူး။ ဖြစ်နေတော့ အစ်မလည်း ပြာနေပြီ။ အစ်မသားဖုန်းတောင် အိတ်ထဲက ကျသွားတယ်။ အဲဒီနားက ကောင်လေးတစ်ယောက်က ကောက်ပေးထားတာ။ ကျောပိုးအိတ်ထဲကနေ ထွက်သွားတာ။ အဲဒီဖုန်းကိုတောင်ဆက်ပြီး လှမ်းပြောလို့ သွားယူရသေးတယ်။
■ မေး - ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘာများပြောချင်သေးလဲ။
■ဖြေ - ပြောချင်တာကတော့ မတရား လုပ်ထားတာလည်း မဟုတ်ဘူး။ အစ်မဆို ၁၈ နှစ်ကတည်းက မနက် ၇ နာရီထ ပင်ပင်ပန်းပန်းနဲ့ ရှာထားရတဲ့ ပစ္စည်းတွေ။ အစ်မစိတ်ထဲမှာ တော်တော်ညစ်နေပြီ။