မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၈၀၊ ၂၉ လမ်းနှင့် လမ်း ၃၀ ကြားရှိ ဝိန့်လီ စိန်ရွှေရတနာဆိုင်တွင် ဒီဇင်ဘာ ၁၈ ရက် (ယနေ့) ညနေပိုင်းက သေနတ်ပစ်ဖောက်၍ ငွေကျပ် သိန်း ၁၅၀၀၀ တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ လုယက်ခံရမှုဖြစ်ပွားခဲ့ကြောင်း ကနဦး စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ မန္တလေးမြို့ လမ်း ၈၀၊ ၂၉ လမ်းနှင့် လမ်း ၃၀ ကြားရှိ ဝိန့်လီ စိန်ရွှေရတနာဆိုင်တွင် ဒီဇင်ဘာ ၁၈ ရက် ညနေ ၅ နာရီကျော်ခန့်က အမျိုးသားလေးဦး ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာခဲ့ပြီးနောက် ဆိုင်အတွင်းသို့ဝင်ရောက်ပြီး သေနတ်ဖြင့် ငါးချက်ခန့် ပစ်ဖောက်ခဲ့ကြောင်း၊ ထိုသို့ သေနတ်ပစ်ဖောက်ခဲ့ပြီးနောက် ဆိုင်အတွင်းမှန်ကောင်တာထဲမှ ရွှေထည်ပစ္စည်းများကို လုယက်ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးမှတ်တမ်းများအရ စုံစမ်းသိရသည်။
"ညနေ ငါးနာရီကျော်လောက်မှာ သူတို့ ဆိုင်ထဲကိုဝင်လာတယ်။ အားလုံးဝပ်နေကြဆိုပြီးတော့ ရွှေထည်ပစ္စည်းတွေ လုယူသွားကြတယ်"ဟု အခင်းဖြစ်စဉ်အား ကြုံတွေ့ခဲ့ရသူတစ်ဦးက ဆိုသည်။
အဆိုပါ စိန်ရွှေရတနာဆိုင် သေနတ်ပစ်ခတ်ခံရ၍ ဓားပြတိုက် အနုကြမ်းစီးခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျက်ရှိပြီး ထပ်မံရရှိလာသည့် သတင်းအချက်အလက်များအား ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဆက်လက်၍ စုံစမ်းရရှိသည့် အချက်အလက်များအရ သေနတ်ပစ်ဖောက်၍ အနုကြမ်းစီးခံရသည့် ဝိန့်လီ စိန်ရွှေရတနာဆိုင်မှ ရွှေဆွဲကြိုးကုံး ၁၆၅ ကုံး၊ လက်ကောက် ၆ ကွင်း၊ ၁၅ ပဲ ဒင်္ဂါးဟမ်းချိန်း ၁၅ ခု၊ အခေါက်ဟန်းချိန်း ၃၉ ခု ၁၅ ပဲ၊ စိန်လက်ကောက် ၁၁ ကွင်း ၁၄ ပဲ၊ စိန်ဆွဲသီး ၅ ခု၊ ဒင်္ဂါးဆွဲကြိုး ၁၅ ကုံးတို့ လုယက်ခံခဲ့ရပြီး စုစုပေါင်း ငွေကျပ်တန်ဖိုး ကျပ်သိန်း ၁၅၀၀၀ ကျော်ခန့်ဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့၏ ကနဦးမှတ်တမ်းများအရ စုံစမ်းသိရသည်။ ဆက်လက်ပြီး အဆိုပါ ဓားပြတိုက်လုယက်မှုဖြစ်စဉ်နှင့်အတူ အနီးရှိ ဈေးဝယ်သူပြည်သူအမျိုးသမီးတစ်ဦးထံမှ ငွေကျပ်ဆယ်သိန်း ထပ်မံလုယူသွားခဲ့ကြောင်း စုံစမ်းသိရသည်။
မန္တလေးမြို့တွင် ခိုးဆိုးလုယက်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသည့်အပြင် ဓားခုတ်လုယက်မှုများ၊ သေနတ်ပြလုယက်မှုများနှင့် သေနတ်ပစ်ဖောက်လုယက်မှုများ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း မြို့ခံများထံမှ စုံစမ်းသိရသည်။















