ကောလင်းမြို့နယ် အထက (၁) ရှေ့ တံတားအနီးတွင် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးနှင့် ကျောင်းစောင့်တစ်ဦး မိုင်းစထိမှန်ဒဏ်ရာ ရရှိ

ကောလင်းမြို့နယ် အထက (၁) ရှေ့ တံတားအနီးတွင် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးနှင့် ကျောင်းစောင့်တစ်ဦး မိုင်းစထိမှန်ဒဏ်ရာ ရရှိ
Published 4 December 2021

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် အထက(၁)ရှေ့ တံတားအနီးတွင် လက်လုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီး လုံခြုံရေး တပ်ဖွဲ့ဝင်နှစ်ဦးနှင့် ကျောင်းစောင့်တစ်ဦး မိုင်းစ ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၃ ရက်နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ကောလင်းမြို့နယ်၊ မြို့ကုန်းမြို့မ ရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရှေ့တံတားအနီး၌ တာဝန်ကျတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်နေစဉ် အဖွဲ့တစ်ဖွဲ့က လက်လုပ်ချိန်ကိုက်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ မျက်နှာချင်းဆိုင်ရှိ ပန်းခြံမှနေ၍ လက်နက်ငယ်များဖြင့်ပစ်ခတ်၍ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့မှုဖြစ်စဉ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်နှစ်ဦးနှင့် ကျောင်းစောင့်ဖြစ်သူ ဦးမြင့်ဝင်းတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ကောလင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။

အလားတူ ဒီဇင်ဘာ ၂ ရက် နံနက် ၄ နာရီခန့်တွင် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် မြို့မ(၁)ရပ်ကွက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်း၏ ရုံးအဆောက်အဦ မီးရှို့ဖျက်ဆီးခံရကြောင်း သတင်းအရလုံခြုံ ရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် မီးလောင်မှုကြောင့် သွပ်မိုး၊ အုတ်ကာ ရုံးအဆောက်အဦတစ်လုံး မီးလောင်ပျက်စီးနေသည်ကို တွေ့ရကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

Most Read

Most Recent