အာဆီယံအနေဖြင့် မြန်မာနှင့် အာဆီယံအသိုက်အဝန်း၏ အကျိုးစီးပွားကိုရှေးရှုပြီး ငြိမ်းချမ်းစွာ အဖြေရှာမှုဖြစ်စေရန် ပံ့ပိုးကူညီရာ၌ အပြုသဘောဆောင်သည့် အခန်းကဏ္ဍ၌ ဆက်လက်ပါဝင်ရန် အရေးကြီးဟု စင်ကာပူနှင့် မလေးရှား နှစ်နိုင်ငံဝန်ကြီးချုပ်များ ပြောကြား

အာဆီယံအနေဖြင့် မြန်မာနှင့် အာဆီယံအသိုက်အဝန်း၏ အကျိုးစီးပွားကိုရှေးရှုပြီး ငြိမ်းချမ်းစွာ အဖြေရှာမှုဖြစ်စေရန် ပံ့ပိုးကူညီရာ၌ အပြုသဘောဆောင်သည့် အခန်းကဏ္ဍ၌ ဆက်လက်ပါဝင်ရန် အရေးကြီးဟု စင်ကာပူနှင့် မလေးရှား နှစ်နိုင်ငံဝန်ကြီးချုပ်များ ပြောကြား
Photo:The Straits Times
Photo:The Straits Times
Published 29 November 2021
Ref: The Straits Times

မြန်မာနိုင်ငံ၏အကျိုးစီးပွားနှင့် အာဆီယံအသိုက်အဝန်း၏ အကျိုးစီးပွားကို ရှေးရှုပြီး ရေရှည်တည်တံ့၍ ငြိမ်းချမ်းစွာ အဖြေရှာမှု ဖြစ်စေရန် ပံ့ပိုးကူညီရာတွင် အာဆီယံအနေဖြင့် အပြုသဘောဆောင်သည့် အခန်းကဏ္ဍတွင် ဆက်လက်ပါဝင်ရန် အရေးကြီးကြောင်း စင်ကာပူနှင့် မလေးရှား နှစ်နိုင်ငံ ဝန်ကြီးချုပ် များကပြောကြားခဲ့ကြောင်း The Straits Times သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

မလေးရှားဝန်ကြီးချုပ် အစ္စမေး ဆာဘရီ ယာကော့သည် စင်ကာပူနိုင်ငံသို့ ပထမဆုံး အကြိမ် လာရောက်သည့် တရားဝင် ခရီးစဉ်အတွင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး စင်ကာပူသမ္မတအိမ်တော်၌ မိန့်ခွန်းပြောကြားခဲ့ကာ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် အလွန်အရေးကြီးကြောင်းနှင့် အာဆီယံအပေါ် အများယုံကြည်လက်ခံနိုင်မှုနှင့် အာဆီယံ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်လိုအပ်မှုနှင့်ပတ်သက်ပြီး အမြင်ချင်းတူညီကြောင်းလည်း နှစ်နိုင်ငံ ဝန်ကြီးချုပ်နှစ်ဦးက ပြောကြားခဲ့သည်။

ကမ္ဘာပေါ်၌ ဖြတ်သန်းသွားလာမှုအများဆုံး နယ်စပ်ဖြတ်ကျော်လမ်းကြောင်းတစ်ခု ဖြစ်သော စင်ကာပူ-မလေးရှားနယ်စပ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချမှတ်ခဲ့ရသည့် ခရီးသွားလာမှု ကန့်သတ်ချက်များကို နှစ်နှစ်နီးပါးအကြာ နိုဝင်ဘာ ၂၉ ရက်တွင် သက်ဆိုင်ရာ အာဏာပိုင်များက ကာကွယ်ဆေး ထိုးပြီးသူများအား နယ်စပ်ဖြတ်ကျော်သွားလာခွင့်အား ဖြေလျှော့ပေးခဲ့သည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန် စင်ကာပူနိုင်ငံသို့ မလေးရှားနိုင်ငံဝန်ကြီးချုပ်က သွားရောက်ခဲ့ခြင်းဖြစ်သည်။

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် မလေးရှားဝန်ကြီးချုပ် အစ္စမေး ဆာဘရီယာ ကော့တို့၏ တွေ့ဆုံမှုအတွင်း မြန်မာ့အရေးကို ခေါင်းဆောင်နှစ်ဦးက ထည့်သွင်း ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့တပ်မတော်ခေါင်းဆောင်များအနေဖြင့် အတိုက်အခံများနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ရေးအတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူခဲ့သော ကမ္ဘောဒီးယားနိုင်ငံက ဖိအားပေးမည် ဖြစ်ကြောင်းနှင့် လာမည့်နှစ်အစောပိုင်းတွင် လုပ်ငန်းတာဝန်များ စတင်နိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ကို ခန့်အပ်မည်ဟု အောက်တိုဘာ ၂၈ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော် ပြောကြားသည်။

ကမ္ဘောဒီယားနိုင်ငံမတိုင်မီ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သော ဘရူနိုင်းနိုင်ငံက ယခုနှစ်ဧပြီလတွင် အာဆီယံ ခေါင်းဆောင်များအစည်းအဝေးတွင် ရရှိခဲ့သည့် ဘုံသဘောတူညီချက်ငါးချက်အား အကောင်အထည်ဖော်ရန် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂) အီရီဝမ်ယူဆွဖ်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့သည်။

ထို့နောက် အီရီဝမ်ကိုသက်ဆိုင်သူ အားလုံးနှင့်တွေ့ခွင့်ပေးရန် မြန်မာတပ်မတော်က ငြင်းဆန်ခဲ့သဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အောက်တိုဘာလ နောက်ဆုံးပတ်က ပြုလုပ်ခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားခဲ့ခြင်း မရှိပေ။

အလားတူ နိုဝင်ဘာလအတွင်းကျင်းပခဲ့သည် တရုတ်-အာဆီယံအထူးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့သော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က ယခင်အတိုင်း နိုင်ငံရေးရာထူးမရှိသည့် ကိုယ်စားလှယ်သာ တက်ရောက်ခွင့်ပေးရန် ဆက်လက်ကန့်ကွက်သဖြင့် မြန်မာနိုင်ငံက ပါဝင်တက်ရောက်ခြင်းမရှိသည့်အပြင် ယခုရက်ပိုင်းအတွင်း ကမ္ဘောဒီးယားကအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော အာရှ-ဥရောပ ထိပ်သီးအစည်းဝေး (ASEM) သို့လည်း မြန်မာနိုင်ငံက ပါဝင်ရောက်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။        

Most Read

Most Recent