သတင်းစာများတွင် အမွေပြတ်ကြေညာရုံဖြင့် အမွေဆက်ခံခွင့်မဆုံးရှုံးသဖြင့် ဥပဒေအရ တရားမဝင်ဘဲ တရားရုံးဆုံးဖြတ်ချက်မှသာ တရားဝင်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ပြောကြား

သတင်းစာများတွင် အမွေပြတ်ကြေညာရုံဖြင့် အမွေဆက်ခံခွင့်မဆုံးရှုံးသဖြင့် ဥပဒေအရ တရားမဝင်ဘဲ တရားရုံးဆုံးဖြတ်ချက်မှသာ တရားဝင်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ပြောကြား
Published 26 November 2021

သတင်းစာများတွင် အမွေပြတ်ကြေညာရုံဖြင့် အမွေဆက်ခံခွင့်မဆုံးရှုံးသဖြင့် ဥပဒေအရ တရားမဝင်ဘဲ တရားရုံးဆုံးဖြတ်ချက်မှသာ တရားဝင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နိုဝင်ဘာ ၂၆ ရက် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် NUG၊ CRPH၊ PDF တို့နှင့်ပတ်သက်ဆက်နွှယ်နေသည့် လူငယ်များအား ၎င်းတို့၏မိသားစုက သတင်းစာတွင် အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာမှုများတွေ့နေရသဖြင့် ထိုသို့ကြေညာမှုသည်  တရားဥပဒေအရ အမွေဆက်ဆံခွင့် ဆုံးရှုံးခြင်းရှိ မရှိ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“အခုရက်ပိုင်းတွေအတွင်းမှာလည်း ကျွန်တော်တို့ သတင်းစာတွေထဲမှာပေါ့လေ။ သတင်းစာတွေထဲမှာတော့ အမွေဖြတ်ကြေညာတာတွေ တော်တော်များများတော့ တွေ့ရပါတယ်။ တစ်ချို့လည်းအွန်လိုင်းမီဒီယာများပေါ်မှာလည်းတွေ့ရတယ်။ အွန်လိုင်းမီဒီယာပေါ်မှာတော့ ဒီလိုမျိုးအမွေဖြတ်ကြေညာတာ အယူအဆပေါင်းစုံနဲ့ပေါ့လေ။ အွန်လိုင်းမီဒီယာပေါ်မှာ ဒီအမွေဖြတ်ကြေညာတာက ကြိုတင်ကာကွယ်တဲ့ ပုံစံမျိုးလုပ်တယ်ဆိုတဲ့ဟာမျိုးလည်းတွေ့ရပါတယ်။ ကျွန်တော်ပြောလိုတာတော့ ဒါတွေဟာဥပဒေကြောင်းအရ တရားမဝင်ပါဘူး။ သတင်းစာမှာကြေညာရုံမျှဖြင့်တော့အမွေဆက်ခံခွင့်မဆုံးရှုံးဘူးဆိုတာလည်း သိရပါတယ်။ တရားရုံးမှာတော့ သွာနုတ္တရသားသမီးအဖြစ်လျှောက်ထားပြီး တရားရုံးက ဆုံးဖြတ်မှသာတရားဝင်နိုင်တယ်လို့ ဒါဥပဒေကြောင်းအရ ကျွန်တော်တို့သိရှိရပါတယ်။ ဒီလိုသတင်းစာထဲမှာထည့်ထားပြီးတော့ အကြမ်းဖက်သမားတွေကို တိုက်ရိုက်သွယ်ဝှိက် အားပေးထောက်ပံ့နေရင်လည်း သက်ဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် NUG၊ CRPH၊ PDF အဖွဲ့များ၏ လှုံ့ဆော်မှုများကြောင့် ရှောင်တိမ်းသွားသည့် လူငယ်များအနေဖြင့်  မိမိတို့ကိုယ်တိုင်သာအဓိကကျကြောင်း၊ ၎င်းတို့အနေဖြင့် ရာဇဝတ်မှုကျူးလွန်ခြင်းမရှိပါက ပြန်လည်ဝင်ရောက်နိုင်ကြောင်းနှင့်  ဥပဒေဘောင်အတွင်း ဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။

အလားတူ NUG က ငွေတိုက်စာချုပ်များ ရောင်းချနေမှုအပေါ် ဝယ်ယူသူများအနေဖြင့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ငြိစွန်းကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားသည်။

“ဒီမှာတော့ဒါနဲ့ပတ်သက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ပဲဆက်စပ်ပြီးတော့ ပြောလိုပါတယ်။ အကြမ်းဖက်တွေကို ငွေကြေးထောက်ပံ့ပေးတာတွေ၊ အားပေးကူညီတာတွေဟာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ပြဋ္ဌာန်းချက်များနဲ့ အရေးယူနိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ပြစ်မှုကျူးလွန်သူဟာ အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံးထောင်ဒဏ် တစ်သက်ဖြစ်စေ၊ သေဒဏ်ဖြစ်စေချမှတ်ရမယ်။ ငွေဒဏ်လည်းပါပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက်အဖွဲ့အစည်း၊ တရားမဝင်အဖွဲ့အစည်းတွေက ဖွဲ့စည်းထားတဲ့ ငွေတိုက်စာချုပ်ဝယ်ယူသူများသည်လည်း အားပေးကူညီရာရောက်မယ်လို့ပြောလိုပါတယ်။ ကျွန်တော်သိရသလောက် ဒီနိုင်ငံအတွင်းကနေ ဝယ်ယူသူကရှားပါတယ်။ သူ့ဘာသာသူ ပြည်ပကနေထောက်ပံ့တဲ့ဟာကို တစ်နည်းအားဖြင့် ငွေမဲကို ငွေဖြူလုပ်ဖို့အတွက် အဓိကရည်ရွယ်တယ်လို့ပဲယူဆပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထိုသို့ NUG ၏မှ ရောင်းချသည့် ငွေတိုက်စာချုပ်ဝယ်ယူခြင်းသည် ဥပဒေနှင့်ငြိစွန်းကြောင်း သိလျက်ဖြင့် လုပ်နေသည့်ပုဂ္ဂိုလ်များရှိကြောင်း၊ ငွေတိုက်စာချုပ်အား K Pay ကဲ့သို့ နေရာများမှ ငွေကြေးလွှဲပြောင်းခြင်းသည်လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ငြိစွန်းကြောင်း ၎င်းကဆိုသည်။

Most Read

Most Recent