၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကုန်အထိ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှာ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ တစ်ရာခိုင်နှုန်းအောက်သာရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေတဲ့ ကဏ္ဍများအနက် လယ်ယာစိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးရေးနဲ့ ရေလုပ်ငန်းကဏ္ဍတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုက နှစ်အလိုက် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ နှစ်ရာခိုင်နှုန်းအောက် ရောက်ရှိနေတာကို ကျွန်တော်တို့ဌာနရဲ့ စာရင်းဇယားများအရ သိရပါတယ်။ ဒါကြောင့် နိုင်ငံရဲ့အရေးပါတဲ့ ကဏ္ဍဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်စေရေး နည်းလမ်း များ ရှာဖွေပြုပြင်ပြောင်းလဲပြုလုပ်ခြင်းဖြင့် ၎င်းကဏ္ဍတွေအတွက် ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးသန့် စင်လွင်က ပြောကြားထားသည်။
မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နှစ်အလိုက် ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခဲ့သည့် အခြေအနေကို လေ့လာကြည့်ပါက ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာအထိ ခြောက်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁၀ ဒသမ ၆၅၀ သန်းသာရှိသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်းက လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဒေါ်လာ ၁၃၄ ဒသမ ၄၈၅ သန်းဝင်ရောက်ခဲ့သော်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာတွင်မူ လယ်ယာ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု မဝင်ရောက်ခဲ့ပေ။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၇ ဒသမ ၁ သန်းကျော်၊၂၀၁၄- ၂၀၁၅ ဘဏ္ဍာ နှစ်တွင် ဒေါ်လာ ၃၉ ဒသမ ၆၆ သန်းကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂၀ ဒသမ ၂ သန်းကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာ နှစ်တွင် ဒေါ်လာ ၉ ဒသမ ၆ သန်းကျော် ဝင်ရောက်ခဲ့ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင်မူ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းမရှိခဲ့ပေ။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ ခု နှစ် စက်တင်ဘာကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၇၇ ဒသမ ၇ ဘီလျံကျော်အထိ ဝင်ရောက်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၃၉၅ သန်း ကျော်ဝင်ရောက်ခဲ့ပြီး စုစုပေါင်းဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၀ ဒသမ ၅၁ ရာခိုင်နှုန်းသာ ရှိခဲ့သည်။
“မြန်မာနိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့နိုင်ငံဖြစ်တဲ့အားလျော်စွာ စိုက်ပျိုး ရေးအခြေခံစီးပွားရေးစနစ်ကို ရောက်ရှိစေနိုင်ဖို့အတွက် စိုက်ပျိုးရေးကုန်ထုတ်စွမ်းအားနဲ့ အရည်အသွေး တိုးတက်မှုရှိစေရေး အရေးတကြီး လိုအပ်နေတာ အားလုံးအသိပဲ ဖြစ်ပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၏လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၄၁ ဒသမ ၈၃၈ သန်းသာ ဝင်ရောက်ထားသည်။ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၉၂၆ ဒသမ ၂၁၈ သန်း ဝင်ရောက်ထားသည်။
မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးအခြေခံ စီးပွားရေးစနစ်ကို ရောက်ရှိနိုင်ရန် စိုက်ပျိုးရေးကုန်ထုတ်စွမ်းအားနှင့် အရည်အသွေးတိုးတက်မှုရှိစေရေး အရေးတကြီးလိုအပ်နေကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ဆိုသည်။
မြန်မာနိုင်ငံ၏စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို သိရှိနိုင်ရန်အတွက် အခွင့်အရေးတစ်ရပ်ဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု စကားဝိုင်းဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဦးဆောင်၍ ဇန်နဝါရီ ၂၈ ရက်ကကျင်းပခဲ့သည်။










