မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီး၊ ပတ္တမြားမှတ်တိုင်အနီးတွင် ခရီးသည်တင် YBS ယာဉ်တစ်စီး မီးလောင်မှု နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီး၊ ပတ္တမြားမှတ်တိုင်အနီးတွင် ကား (၁) စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂) စီး၊ ပုလဲအရန်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂) စီး၊ ရေသယ်ယာဉ် (၁) စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်ငြိှမ်းသတ်ရာ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ထိုသို့ YBS ယာဉ်တစ်စီး အပူလွန်ကဲကာ မီးလောင်ကျွမ်းနေမှုအား ပြည်သူများက အကူအညီတောင်းခံမှုကြောင့် ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ယာဉ် (၂) စီးရေသယ်ယာဉ် (၁) စီး လူနာတင်ယာဉ် (၁) စီး ၊ တပ်ဖွဲ့ဝင် (၄၀) ဦးဖြင့် သွားရောက်ကူညီငြိမ်းသတ်ခဲ့ကြောင်း ၊ ခရီးသည်များ ထိခိုက်မှုမရှိကြောင်း ၊ မင်္ဂလာဒုံမြို့နယ် မီးသတ်စခန်းမှလည်း မီးငြိမ်းသတ်ယာဉ် (၂) စီး လာရောက်ပူးပေါင်း ငြိမ်းသတ်ခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးထင်လင်းအောင်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။















