လက်ရှိအခြေအနေဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ နိုင်ငံတိုင်းဟာ စုစုပေါင်းဝယ်လိုအား ကျဆင်းနေတဲ့ဖြစ်စဉ်နဲ့ ရင်ဆိုင်နေရပါတယ်။
၁၉၃၀ ကမ္ဘာ့စီးပွားပျက်လိုပဲ နိုင်ငံတိုင်းဟာ မိမိတို့နိုင်ငံရဲ့ Trade ကို ပြန်စိစစ်လာကြတယ်။
နိုင်ငံခြားငွေယိုပေါက်ဖြစ်မယ့် သွင်းကုန်တွေကို နိုင်ငံအလိုက် ကန့်သတ်တာမျိုး၊ တစ်ဖက်မှာတော့ စီးပွားရေးကိုဆွဲတင်ဖို့ အစိုးရဘတ်ဂျက်လိုငွေ ဖိသုံးနေကြတယ်။ (အင်ဖလေးရှင်း အတိုင်းအတာတစ်ခုအထိ ခွင့်ပြုထားတဲ့သဘော)၊ ပုဂ္ဂလိကလုပ်ငန်းများနဲ့ပတ်သက်ပြီး ဖြေလျှော့မှုမျိုးစုံ လုပ်နေကြပါတယ်။
စီးပွားရေး၊ အုပ်ချုပ်ရေးအားလုံး ဒီဂျစ်တယ်ဘက်ကို ရွှေ့နေကြပါတယ်။ မိမိနိုင်ငံစီးပွားရေးပြဿနာ မိမိကိုင်တွယ်နေရတဲ့သဘော ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာလည်း စုစုပေါင်းဝယ်လိုအားကျဆင်းနေလို့၊ မိုက်ခရိုအဆင့်မှာ လုပ်ငန်းတွေတစ်ခုပြီးတစ်ခု ပိတ်သိမ်းပြိုကျနေတာ တွေ့ရတယ်။
စုစုပေါင်းဝယ်လိုအားကျဆင်း၊ လုပ်ငန်းတွေ ရှင်သန်ရခက်ခဲ၊ ဘဏ်အကျပ်အတည်းဖြစ်ပေါ်၊ စျေးကွက်ယုံကြည်မှုကျဆင်း ဒီလိုအခြေအနေမှာ အစိုးရဟာ ဘတ်ဂျက်နဲ့ပတ်သက်ပြီး PSBR သုံးနေတာလည်း မတွေ့ရဘူး။ အခွန်အကောက်နဲ့ပတ်သက်ပြီး မက်လုံးတွေ မရှိတဲ့အပြင် ရနိုင်သမျှ အတင်းအကျပ်ဖိကောက်နေတာ တွေ့ရတယ်။
စီးပွားရေးကိုဆွဲတင်ဖို့ ပြိုကျလုနီးပါးဖြစ်နေတဲ့ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများနဲ့ပတ်သက်ပြီး Bailout လုပ်တာမတွေ့ရဘူး။ သဘောက စီးပွားရေးကုစားမှုနည်းလမ်းတွေလည်း မတွေ့ရသေးဘူးလို့ ယူဆပါတယ်။
ငွေကြေး၊ ဘဏ်လုပ်ငန်းများနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်ဟာ နေ့စဉ် Monetary Tools တွေ ထုတ်သုံးပြီး Monetary Management ဘက်ကိုပဲ အားသန်နေတာတွေ့ရတယ်။ Monetary Policy ဘယ်လို သွားနေတယ်ဆိုတာ ခန့်မှန်းရခက်နေတယ်။
အစိုးရဘတ်ဂျက်ကနေ စုစုပေါင်းဝယ်လိုအားကို ဆွဲတင်ဖို့ Fiscal Expansionary နဲ့ သွားနေတာလား၊ ဒါလည်းမသဲမကွဲပါ။ အစိုးရကိုယ်တိုင် ငွေကျပ်နေတာလည်း ငွေတွေပေါပေါများများ ထုတ်သုံးရန် အင်ဖလေးရှင်းကို ကြောက်နေတာလား စဉ်းစားရကျပ်နေပါတယ်။
စီးပွားရေး မော်ဒယ်အရ ကိန်းအယူအဆနဲ့ စီးပွားရေးကို ဆွဲတင်မှာလား၊ ၀ါရှင်တန် သဘောတူညီချက် အယူအဆနဲ့ ဆွဲတင်မှာလား မသိရပါ။
ဒါကြောင့်စဉ်းစားစရာ အစတစ်ခုအနေနဲ့ ပုဂ္ဂလိကလုပ်ငန်းများ၊ ကုမ္ပဏီများ၊ ဘဏ်များ၊ ငွေကြေးအဖွဲ့အစည်းများနဲ့ ပတ်သက်ပြီး ဖြေရှင်းလို့ရနိုင်တဲ့ bailout အစီအစဉ်တစ်ခုကို တွေးဆမိလို့ တင်ပြလိုက်ပါတယ်။
Bailout
၂၀၀၈ ခုနှစ်ဘဏ္ဍာရေး အကျပ်အတည်းဖြစ်တော့ ဘဏ်တွေ၊ ငွေကြေးအဖွဲ့အစည်းတွေကို အစိုးရက အလုံးအရင်းနဲ့ ဘဏ္ဍာရေးကျား ကန်ပေးပြီးတဲ့နောက် ပိုပြီးလူသိများတာပဲလို့ ယူဆရမှာပဲ။
အဲဒီတုန်းက အမေရိကန်က ဒေါ်လာဘီလျံချီပြီး ငွေကြေးအဖွဲ့အစည်းတွေကို ချေးပေးခဲ့ပါတယ်။ Bailout နဲ့ပတ်သက်ပြီး ပြဿနာလေး နည်းနည်းတော့ ရှိတယ်။
အစိုးရက ဘဏ္ဍာရေးကျားကန်မှု အစီအစဉ်နဲ့တွဲပြီး သူ့ရဲ့ Function ဘယ်လောက်အထိ စျေးကွက်ထဲ ပါဝင်ပတ်သက်ရမလဲ ဆိုတာကတော့ ဗျုရိုကရက်တွေ စျေးကွက်ထဲ ဘယ်အချိုးအစားအထိ ဝင်ပါသင့်သလဲဆိုတာကတော့ နိုင်ငံအလိုက် ယူဆချက်တွေ ကွဲသွားတယ်။
Bailout ဆိုတာ အစိုးရဘဏ္ဍာရေးသီးသန့် ကျားကန်ပေးတာဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေကတော့ အစိုးရပါ စျေးကွက်ထဲ ဝင်ပါတာမျိုးဆိုရင် မအောင်မြင်နိုင်ဘူး။ Bailout မစစ်ဘူးလို့ပဲ ပြောရမှာ။ ပိုက်ဆံနဲ့ လူတွဲပါလာတာမျိုးကို စျေးကွက်က လက်မခံဘူးဆိုတဲ့သဘော။
အဲဒီတော့ အစိုးရမှာရော လုံလောက်တဲ့ငွေကြေး၊ ငွေစက္ကူရှိသလား။ ဒါလည်း ဖြေရှင်းစရာမလို၊ ဘယ်လိုပုံစံနဲ့ bailout လုပ်မလဲ။ ဖွံ့ဖြိုးပြီး နိုင်ငံတွေ အားလုံးနီးပါးကတော့ ငွေတိုက်ရိုက် ပံ့ပိုးတာမျိုး၊ ဘွန်း၊ သက်သေခံလက်မှတ်တွေ ထုတ်ရောင်းတာမျိုး၊ ပုဂ္ဂလိက အီကွေတီအားလုံး တန်ဖိုးဖြတ်သိမ်းဆည်းပြီး ငွေစက္ကူထည့်ပေးသလို လုပ်ငန်းဆက်လက်လည်ပတ်ဖို့ အာမခံပေးထားတာမျိုးနဲ့ လုပ်ကြတယ်။
အရေးကြီးတဲ့မေးခွန်း
ဒီမှာတော့ ဘဏ်တွေ ၊ငွေကြေး အကျပ်အတည်းဖြစ်နေတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေကို အစိုးရက ကမကထလုပ်ပြီး ဘယ်လို bailout လုပ်မလဲ (အရေးကြီးတဲ့မေးခွန်းပေ့ါ) ။ အစိုးရ ပိုက်ဆံမရှိဘဲ ဘယ်လို bailout လုပ်မလဲ။ ဘယ်က ပိုက်ဆံနဲ့ bailout လုပ်မလဲဆိုတာက ဒီနေရမှာ စဉ်းစားစရာရှိလာပြီ။
ဒီအဖြေမထုတ်ခင် မေးခွန်းတွေ မေးကြည့်ရအောင်၊ ပြည်တွင်းငွေစက္ကူ ဘယ်လောက် ထုတ်ထားသလဲ။ အဲဒီငွေစက္ကူအချိုးအစားမှာ လူတွေလက်ထဲ လှည့်ပတ်နေတဲ့ ပိုက်ဆံက ဘယ်လောက်လဲ။ ဘဏ်တွေထဲ သေနေတာက ဘယ်လောက်လဲ။ ဂိုဒေါင်ထဲ သိမ်းထားတာက ဘယ်လောက်လဲ မေးခွန်းထုတ်ကြည့်ရမယ်။
ဒီမေးခွန်းအတွက် အဖြေရှိပြီဆိုရင်တော့ ဘယ်သူလက်ထဲက ပိုက်ဆံကို ဘယ်လိုသွားမယ်။ ဘယ်သူ့လက်ထဲ သေနေတဲ့ ပိုက်ဆံကို အပြင်ရောက်လာအောင် ဘယ်လိုနည်းလမ်းနဲ့ စွမ်းဆောင်မလဲဆိုတဲ့ tools ထွက်လာလိမ့်မယ်။ ဂိုဒေါင်ထဲ သိမ်းဆည်းပြီး သေနေတဲ့ငွေတွေကို အာမခံချက်နဲ့ ထွက်ပေါက်ပေးလိုက်တဲ့ သဘော။
ဘယ်ကနေ bailout လုပ်မလဲ
လက်ရှိအခြေအနေအရ အစိုးရက စျေးကွက်ပြန်လည်ဦးမော့လာဖို့၊ စီးပွားရေး တိုးတက်လာဖို့အတွက် ဘဏ်နဲ့ငွေရေးကြေးရေး အဖွဲ့အစည်းအားလုံး၊ ပုဂ္ဂလိကလုပ်ငန်း အားလုံးအတွက် bailout ကတော့ မဖြစ်မနေ လုပ်ရမယ်။ အစိုးရ ပိုက်ဆံမရှိဘူးဆိုရင် ဂိုဒေါင်ထဲ သေနေတဲ့ငွေတွေကို အာမခံနဲ့ထုတ်ယူ၊ နည်းလမ်းအမျိုးမျိုးသုံးပြီး ထုတ်ယူ၊ အာမခံမှု အပြည့်နဲ့ထုတ်ယူပြီး ခုနကပြိုကျလုနီးနီးဖြစ်နေတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေ၊ ဘဏ်နဲ့ ငွေကြေးအဖွဲ့အစည်းတွေကို bailout လုပ်ပေးလိုက်ဖို့ပါပဲ။
သေနေတဲ့ ဂိုဒေါင်ထဲက ငွေတွေ အပြင်ထွက်လာဖို့ အစိုးရက မက်လုံးပေါ်လစီ၊ အာမခံမှုပေါ်လစီ၊ မလိုက်နာတဲ့သူတွေကို အတင်းအကျပ် ဖိအားပေးသုံးတဲ့ ပေါ်လစီနဲ့ ကိုင်တွယ်ရပါလိမ့်မယ်။ ဒါက ငွေသေတွေ ဂိုဒေါင်ထဲ ငွေသေတွေနဲ့ ပတ်သက်ပြီး သုံးတဲ့နည်းပါ။
ဘဏ္ဍာရေး အထောက်အပံ့ရတဲ့ ပုဂ္ဂလိကလုပ်ငန်း၊ ဘဏ်နဲ့ ငွေကြေးအဖွဲ့အစည်းကလည်း မိသားစုစီးပွားရေးလုပ်ငန်းကနေ ကော်ပိုရိတ်စီးပွားရေး အသွင်ပြောင်းပေးဖို့ အများပိုင်လုပ်ငန်းများအဖြစ် အသွင်ပြောင်းဖို့ Business Plan ရှိကို ရှိရမယ်။
မြန်မာပြည်စီးပွားရေးဟာ မိသားစုအသွင် စီးပွားရေးကနေ အသွင်ပြောင်းဖို့ အထူးလိုအပ်နေသလို ဒီလိုမလုပ်ရင်လည်း ရလာတဲ့ ငွေတွေကို တလွဲအသုံးချလိုက်မှာဆိုတဲ့ Risk ရှိနေလို့ ဖြစ်ပါတယ်။ ကော်ပိုရိတ်အသွင်ပြောင်းမှသာ နိုင်ငံတကာစံနှုန်း၊ နိုင်ငံတကာနဲ့ယှဉ်ပြီး ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ဘဏ္ဍာရေး အထောက်အပံ့ရတဲ့ လုပ်ငန်းအားလုံး Public ကုမ္ပဏီ ထောင်ကြဖို့၊ ကော်ပိုရိတ်လုပ်ငန်း အသွင်ပြောင်းဖို့ အာမခံချက်ကို အစိုးရက ယူထားရမှာ ဖြစ်ပါတယ်။
အစိုးရကိုယ်တိုင်က ကော်ပိုရိတ် Cultural တွေ ဖန်တီးရမယ်။ အများပိုင်လုပ်ငန်းတစ်ခုအဖြစ် အသွင်ကူးပြောင်းဖို့ လိုအပ်တဲ့ အစီအမံတွေ ကြိုတင်ချထားပေးရပါမယ်။ ပိုက်ဆံချေးပေးတဲ့ ဂိုဒေါင်ထဲ ငွေသေပိုင်ရှင်နဲ့ ပိုက်ဆံလက်ခံတဲ့ ကုမ္ပဏီတွေ နှစ်ဖက်စလုံးအတွက် အာမခံချက် အပြန်အလှန်ပေးမှသာ စျေးကွက်ထဲ ငွေပြတ်နေမှုကို ဖန်တီးပေးနိုင်မှာပါ။
ကုမ္ပဏီများရဲ့ မော်ဒယ်သစ်
ပုဂ္ဂလိကလုပ်ငန်းတွေအားလုံး အများပိုင်လုပ်ပြီးတဲ့နောက်ပိုင်း စတော့စျေးကွက်၊ အရင်းအနှီးစျေးကွက်မှာ List လုပ်ရမယ်။ စတော့စျေးကွက်မှာ List လုပ်မှသာ အဲဒီစတော့ကို လူတွေ ဝယ်စုနိုင်မှာ။ စတော့ဝယ်လိုအား မြင့်လာအောင်အစိုးရက Public ဖြစ်သွားတဲ့ကုမ္ပဏီတွေ၊ ဘဏ်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို ပရောဂျက်တွေ၊ လုပ်ငန်းကြီးတွေ ချပေးနိုင်တဲ့မော်ဒယ် ပြန်ဖန်တီးပေးရမယ်။ ဥပမာ PPP မော်ဒယ်လိုမျိုး၊ Privatization မော်ဒယ်လိုမျိုး ပြန်ဖန်တီးပေးရမယ်။
အစိုးရရဲ့ bailout လုပ်ခြင်းခံရတဲ့ကုမ္ပဏီတွေ၊ လုပ်ငန်းတွေအားလုံး ဒီလိုပရောဂျက်ဂရမ်တီရနေပြီဆိုရင် စတော့မှာ list လုပ်ထားတဲ့ သူတို့ရဲ့ ကုမ္ပဏီရှယ်ယာတွေလည်း ရောင်းလိုအားတက်လာမှာပါပဲ။
ပြည်သူတွေက စတော့တွေ ဝယ်စုပြီဆိုရင် နိုင်ငံအတွင်း Misallocation ဖြစ်နေတဲ့ တလွဲသုံးနေတဲ့ ပိုက်ဆံတွေ လမ်းကြောင်းမှန်ပေါ်တင်ပေးသလို ဖြစ်သွားပါလိမ့်မယ်။ ဒီဖြစ်စဉ်ဟာ ပုဂ္ဂလိကလက်ထဲ သေနေတဲ့ငွေသေတွေကို ပုဂ္ဂလိကလက်ထဲ ငွေရှင်ဖြစ်အောင် ပြန်လုပ်ပေးတဲ့ နည်လမ်းမှန်ဖြစ်လာနိုင်သလို ငွေစက္ကူအသစ်တွေလည်း ရိုက်နှိပ်စရာမလိုဘူးလို့ ယူဆပါတယ်။ ဒါကြောင့် ပုဂ္ဂလိကဂိုဒေါင်ထဲ ငွေသေကို ငွေလိုနေတဲ့ ပုဂ္ဂလိကလက်ထဲ ပြောင်းပေးခြင်းဖြင့် အစိုးရက အာမခံထားတဲ့ bailout အစီအစဉ်ကသာ အကျပ်အတည်းက လွန်မြောက်နိုင်မယ်ဆိုတဲ့ စီးပွားရေးမော်ဒယ်သာ ဖြစ်ပါတယ်။