COVID-19 ကပ်ရောဂါသည် ကမ္ဘာတစ်လွှား၌ အလွန်ကြီးမားသည့် စီးပွားရေးတုန်ခါမှုကြီးကို ဖြစ်ပွားစေခဲ့သည်။
ကမ္ဘာတွင် COVID-19 ကြောင့် လူသန်းနှင့်ချီ၍ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း လူအသေအပျောက်များခဲ့သည်။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် COVID-19 ရောဂါကူးစက်မှု တတိယလှိုင်းကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်လာနိုင်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယင်းအတွက် ရောဂါထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်များ တစ်ဆင့်ချင်း ဖြေလျှော့ပေးလျက်ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် သက်ဆိုင်ရာမြို့နယ်များအား မိမိနေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်မှ ပယ်ဖျက်ပေးလျက်ရှိသည်။
ကုလသမဂ္ဂက ထုတ်ပြန်သည့် COVID-19 အကျပ်အတည်းကို လူမှုစီးပွားဆိုင်ရာ ချက်ချင်းတုံ့ပြန်မှုဆိုင်ရာ မူဘောင်က COVID-19 သည် ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းတစ်ရပ်ထက် များစွာပိုကြောင်းနှင့် ယင်းသည် လူ့အဖွဲ့အစည်းများနှင့် စီးပွားရေးများ၏ မဏ္ဍိုင်အပေါ် သက်ရောက်မှုရှိကြောင်း သတိပေးခဲ့သည်။
အကျပ်အတည်းကြားမှ ရုန်းကန်နေရသည့် မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများသည်လည်း COVID-19 နှင့် နိုင်ငံရေး အပြောင်းအလဲကြောင့် ဖြစ်ပေါ်ခဲ့သည့် နောက်ဆက်တွဲ အခြေအနေများကြောင့် ပြန်လည်နာလန်ထူနိုင်ရေး အတော်ရုန်းကန်နေရသည်ဟု လုပ်ငန်းရှင်များ အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
ခရီးသွားလုပ်ငန်း အပါအဝင် လုပ်ငန်းပေါင်းများစွာတို့မှာ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ပျက်စီးခဲ့သည်။ ထို့ပြင် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ၊ အထူးသဖြင့် လက်ခစားစနစ်ဖြင့် ဆောင်ရွက်ရသည့် CMP အထည်ချုပ်လုပ်ငန်းများမှာ COVID-19 ၏ သက်ရောက်မှုကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်။
COVID-19 ကပ်ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်များ စသည့်နှစ်ထပ်ကွမ်း သက်ရောက်မှုများက မြန်မာ့စီးပွားရေး ဝန်းကျင်တစ်ခုလုံးကို ဂယက်ကြီးစွာ ရိုက်ခတ်ခဲ့သည်။
အထူးသဖြင့် ကိုဗစ်ပထမလှိုင်းကပင် ထိခိုက်ခဲ့သည့် လုပ်ငန်းများအနက် ခရီးသွားလုပ်ငန်းသည်လည်း ပြန်လည်ထူထောင်ရန်ပင် ခက်ခဲနေဆဲဖြစ်ပြီး အသေးစားနှင် ့ အလတ်စားစီးပွားရေးလုပ်ငန်းများ ပုံမှန်ပြန်လည်လုပ်ကိုင်နိုင်ရေး မျှော်လင့်ချက်မှာ ဝေ၀ါးနေဆဲဖြစ်ကြောင်း လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။
(၁)
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး အဆင့်အတန်းသည် SME အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများအပေါ် အစိုးရ၏ အားပေးကူညီမှုနှင့် ယင်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ်ကြည့်လျှင် သိနိုင်ပေသည်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်သော မြန်မာနိုင်ငံတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ အခန်းကဏ္ဍသည် များစွာအရေးပါသည်။
မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော စီးပွားရေးလုပ်ငန်းများ၏ ရာခိုင်နှုန်း ၉၀ ကျော်သည် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းကဏ္ဍများဖြစ်နေရာ ယင်းတို့၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုသည် တိုင်းပြည်စီးပွားရေး တည်ငြိမ်မှု၊ ကျဆင်းနှင့် တိုက်ရိုက်ဆက်နေမည်ဖြစ်သည်။
စီးပွားရေး ပြန်လည်ဦးမော့ရန်အတွက် ပြည်တွင်းအသေးစားနှင့် အလတ်စားလုပ်ငန်းများ ရေရှည်ရပ်တည်ရေးအပေါ် မည်သို့လုပ်ဆောင်မည်နည်းဆိုသည့် အချက်သည် စိတ်ဝင်စားစရာ ဖြစ်သည်။ အစိုးရတစ်ရပ်အတွက် ယင်းအချက်သည် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။
မြန်မာနိုင်ငံတွင် မြေပေါ်မြေအောက်သယံဇာတများ ထုတ်ယူရောင်းချပြီး စီးပွားရှာမှုများကြောင့် နိုင်ငံ၏စီးပွားရေး အခြေအနေသည် နာလန်မထူနိုင်သည့် အခြေအနေတစ်ရပ်ကို ရောက်ရှိသွားခဲ့ရသည်။
ခေတ်အဆက်ဆက်တွင် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးအောင် ရလဒ်ကောင်းများဖြင့် လုပ်ဆောင်နိုင်ခြင်းမရှိသေးသည့်အတွက် အစိုးရအဆက်ဆက် စီးပွားရေးပြုပြင် ပြောင်းလဲမှုများတွင် အောင်မြင်မှု နည်းပါးခဲ့သည်။
ပြည်တွင်း SME လုပ်ငန်းများမှာ ဒေသတွင်းအခြားနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိသည့်အပြင် ရပ်တည်ဖို့ပင် အတော်ခက်ခဲနေကြခြင်းကြောင့် ၂၀၂၀ ပြည့်နှစ် နောက်ပိုင်းတွင် အာဆီယံအသိုက်အမြုံ (AEC) ကဲ့သို့ နိုင်ငံတကာနှင့် ရင်ပေါင်တန်းရမည့်အချိန်တွင် ကုန်စည်များ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ စီးဝင်လာပါက အခက်အခဲများဖြင့် ရင်ဆိုင်ကြရမည်ဖြစ်သည်။
(၂)
အောက်တိုဘာလအတွင်း စစ်တမ်းကောက်ယူခဲ့သည့် အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံတစ်ခုတည်းသာ ကုန်ထုတ်လုပ်မှု အခြေအနေများ ဆုတ်ယုတ်လာခဲ့ကြောင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂ ရက်က ထုတ်ပြန်ထားသည့် IHS Markit အာဆီယံထုတ်လုပ်မှု PMI အညွှန်းကိန်း (Manufacturing Purchasing Manager’s Index) စစ်တမ်းတွင် ဖော်ပြထားသည်။
Purchasing Manager’s Index အညွှန်းအကိန်းများ တွက်ချက်ရာတွင် ကုန်ထုတ်လုပ်မှု၊ အော်ဒါသစ်များ၊ အလုပ်နေရာ၊ ပစ္စည်းပေးသွင်းသူများ၏ ပေးသွင်းမှုကြာမြင့်ချိန်နှင့် သိုလှောင်ထားသည့် ထည့်ကုန်များစသည့် အညွှန်းကိန်းငါးခုကို တွက်ချက်ထားခြင်း ဖြစ်သည်။
အဆိုပါစစ်တမ်းကို အာဆီယံဒေသတွင်းရှိ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာစသည့် ခုနစ်နိုင်ငံကို စစ်တမ်း အဓိကကောက်ယူခဲ့ခြင်း ဖြစ်သည်။
“အဖွဲ့ဝင်နိုင်ငံများမှာ မြန်မာနိုင်ငံမှလွဲပြီး တိုးတက်မှုကို ကျယ်ပြန့်စွာတွေ့မြင်ခဲ့ရတယ်။ အင်ဒိုနီးရှားသည် စစ်တမ်းအတွင်း စံချိန်တင်ဖြစ်သော PMI ဖြင့် ထိပ်ဆုံးတွင် ရှိနေပြီးနောက်မှာ စင်ကာပူ၊ မလေးရှားနဲ့ ဗီယက်နမ်တို့ လိုက်ပါနေပြီး နောက်ဆုံးနှစ်နိုင်ငံတို့က မေလမှစပြီး ၎င်းတို့ရဲ့ ကုန်စည်ထုတ်လုပ်မှု အခြေအနေများ တိုးလာခြင်းကို ပထမဦးဆုံးအကြိမ် မှတ်တမ်းတင်ခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံနဲ့ ထိုင်းနိုင်ငံများလည်း အောက်တိုဘာတွင် လုပ်ကိုင်မှု အခြေအနေများ တိုးတက်လာပြီး မှတ်တမ်းတင်ခဲ့ကြပါတယ်” ဟု IHS Markit ၏ စီးပွားရေးပညာရှင် Lewis Cooper က ပြောကြားသည်။
အောက်တိုဘာလအတွင်း အာဆီယံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းမှာ ၅၃ ဒသမ ၆ အထိ တိုးတက်ခဲ့ခြင်းက အာဆီယံထုတ်လုပ်ရေး အခြေအနေများ ၂၀၂၁ ခုနှစ် မေလမှစပြီး (ငါးလတာ အချိန်ကာလ) ပထမဦးဆုံး တိုးတက်မှုကို အချက်ပြခဲ့ခြင်းဖြစ်သည်။
စစ်တမ်းအတွက် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ကိန်းဂဏန်း အချက်အလက်များ စုစည်းလာခဲ့သော အချိန်မှစ၍ အမြန်ဆုံးနှုန်းများထဲမှတစ်ခု ဖြစ်လာခဲ့ကြောင်း ဖော်ပြထားသည်။
အောက်တိုဘာအလအတွင်း အာဆီယံနိုင်ငံများ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းများမှာ အင်ဒိုနီးရှားသည် PMI အညွှန်းကိန်း ၅၇ ဒသမ ၂ ဖြင့် စံချိန်တင်၍ ထိပ်ဆုံးအဆင့်တွင်ရှိနေသည်။
စင်ကာပူနိုင်ငံသည် PMI အညွှန်းကိန်း ၅၄ ဒသမ ၅ ဖြင့် ဆက်တိုက်တိုးထုတ်လုပ်ရေး နယ်ပယ်ထဲတွင် အခိုင်အမာ ရပ်တည်နေကြောင်း ဖော်ပြထားသည်။
မလေးရှားနိုင်ငံသည် PMI အညွှန်းကိန်း ၅၂ ဒသမ ၂ ရှိပြီး ၂၀၁၄ ခုနှစ် ဧပြီမှစ၍ အမြန်ဆုံးတိုးတက်မှုကို ဖော်ပြနေကြောင်း ဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံသည် PMI အညွှန်းကိန်း ၅၂ ဒသမ ၁ ဖြင့် ၂၀၂၁ ခုနှစ် မေလမှစပြီး အခြေအနေများ ပထမအကြိမ် အသင့်အတင့် တိုးတက်မှုကို ပြသလာခဲ့ခြင်း ဖြစ်သည်။
ဖိလစ်ပိုင်နှင့်ထိုင်းနိုင်ငံတို့မှာ ၎င်းတို့၏ ကုန်စည်ထုတ်လုပ်ရေးကဏ္ဍများ ဒသမဂဏန်းမျှသာ တိုးတက်လာကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် PMI အညွှန်းကိန်း ၅၁ နှင့် ထိုင်းနိုင်ငံသည် PMI အညွှန်းကိန်း ၅၀ ဒသမ ၉ ဖြင့် အသီးသီးရှိသည်။
နောက်ဆုံးအနေဖြင့် မြန်မာနိုင်ငံသည် အောက်တိုဘာလတွင် လုပ်ကိုင်မှုအခြေအနေများ ဆုတ်ယုတ်ခဲ့မှုကို ပြသနေသည့် အာဆီယံထဲမှ တစ်ခုတည်းသော နိုင်ငံဖြစ်သည်။
မြန်မာနိုင်ငံသည် PMI အညွှန်းကိန်း ၄၃ ဒသမ ၃ မှာ ဇန်နဝါရီမှစပြီး ၁၀ လအတွင်း အားအနည်းဆုံးကျဆင်းမှုကို ညွှန်းပြနေသော်လည်း အပြင်းထန်သည့် ကျဆင်းမှုဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။
(၃)
မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် အာရှတိုက်အတွင်း အပြင်းထန်ဆုံး ထိုးနှက်ခံခဲ့ရသည့် စီးပွားရေးများအနက်တစ်ခုအဖြစ် ကျန်ရှိနေကြောင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက်က ထုတ်ပြန်ထားသည့် IHS Markit မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းများအရ သိရသည်။
“မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ၂၀၂၁ ခုနှစ်တွင် အာရှတိုက်ထဲက အပြင်းထန်ဆုံး ထိုးနှက်ခံခဲ့ရသည့် စီးပွားရေးများထဲကတစ်ခုအဖြစ် ကျန်ရှိနေပါတယ်” ဟု IHS Markit မှ စီးပွားရေးပညာရှင် Shreeya Patel က ပြောကြားသည်။
အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ၏ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းမှာ ၄၃ ဒသမ ၃ ရှိ၍ ပြီးခဲ့သည့် စက်တင်ဘာလ၏ PMI အညွှန်းကိန်း ၄၁ ဒသမ ၁ ထက် မြင့်တက်ခဲ့သည်။ သို့သော်လည်း အရေးကြီးသည့် အပြောင်းအလဲမရှိ အမှတ် ၅၀ အောက်သာ သိသာစွာနိမ့်ကျနေသည်။
အောက်တိုဘာလအတွင်း ထုတ်လုပ်မှုစရိတ် ဖောင်းပွမှုမှာ ငါးလအတွင်း အမြင့်ဆုံးဖြစ်လာပြီး မှတ်တမ်းတွင် ဒုတိယအများဆုံး ဖြစ်သည်။
ကုန်ကြမ်းများနှင့် ပို့ဆောင်ရေး ကုန်ကျစရိတ်များ မြင့်တက်လာခြင်းနှင့်အတူ ငွေလဲနှုန်း ဆိုးရွားလာခြင်းက ထုတ်လုပ်မှုစရိတ်များကို မြှင့်တင်ရန် ဖိအားများဖြစ်လာကြောင်း၊ စက်ရုံများ၏ ရောင်းစျေးများပါ အလားတူအရှိန်ဖြင့် မြင့်တက်လာခဲ့ပြီး စစ်တမ်းကောက်ယူမှု သမိုင်းတွင် တတိယအားအကောင်းဆုံး ထိုးတက်မှုဖြစ်သည်။
ထို့ပြင် အောက်တိုဘာလအတွင်း ဝယ်လိုအားပျော့လာခြင်း၊ ကုန်ကြမ်းရှားပါးမှုနှင့် ကျွမ်းကျင်လုပ်သား မလုံလောက်မှုကြောင့် ထပ်မံထိုးနှက်ခံခဲ့ရကြောင်း သိရသည်။
နိုင်ငံတကာ ကုန်ကြမ်းရှားပါးမှုကပါ မပြီးဘဲကျန်ရှိခဲ့သည့် အလုပ်များ စံချိန်တင် စုစည်းမှုကို ပံ့ပိုးခဲ့ကြောင်း၊ ပစ္စည်းပေးသွင်းရေး ကွင်းဆက်များမှာ ကူးစက်မြန်ကပ်ရောဂါကြောင့် ပြတ်တောက်သွားကြပြီး ဆုတ်ယုတ်မှုလက္ခဏာများကို ဖြစ်ပေါ်စေခဲ့သည်။
ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များမှာ အောက်တိုဘာလတွင် စစ်တမ်းအတွင်း တတိယအကြာရှည်ဆုံးကာလ ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံ ကုန်ထုတ်လုပ်မှုသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာမှစတင်ပြီး လစဉ်တိုင်း ဆုတ်ယုတ်လျက်ရှိကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။
(၄)
မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေ ယိုင်နဲ့နေသည် သို့မဟုတ် ကျဆင်းနေသည်မှာ ကာလအတန်ကြာလာခဲ့ပြီ ဖြစ်သည်။ SME များ အပါအဝင် လုပ်ငန်းအများစု ရပ်ဆိုင်းခြင်း၊ လုံးဝပိတ်သိမ်းခြင်းနှင့် ဆက်လက်လည်ပတ် လိုသော်လည်း အရင်းပြန်ရရန်ပင် မသေချာသည့် အခြေအနေဖြစ်သည့်အတွက် ရပ်သွားသည့်လုပ်ငန်းများလည်း ရှိနေသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။
“လုပ်ငန်းတော်တော်များများ ရပ်သွားပြီ။ အခုအခြေအနေတွေက တောင့်ခံဖို့ ခက်သွားပြီလေ။ အရင်က ပြောနေကျစကားက နည်းပညာနဲ့ ငွေကြေးအရင်းအနှီး အခက်အခဲကြောင့် SME တွေ မရှင်သန်တာပေါ့။ အခုက အဲဒါတွေတင် မကတော့ဘူး။ အခု ဖြစ်ပျက်နေတာတွေ အားလုံးလည်း သိနေကြတာပဲဗျာ။ အရင်ကျွန်တော် ပြောဖူးပါတယ် မလုပ်ဘဲ ထိုင်စားရင် တော်သေးတယ်။ ထလုပ်ရင် ထပ်ရှုံးပဲ။ ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါ။ ကိုယ့်ရှိတဲ့ ပိုက်ဆံတောင် ထုတ်ချင်တိုင်းထုတ်မရတဲ့ အခြေအနေမှာ ဘာလုပ်ငန်းလုပ်ဖို့ အဆင်ပြေနိုင်ပါ့မလဲဗျာ” ဟု ရန်ကုန်မြို့ရှိ လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
စီးပွားရေးပြန်လည် နာလန်ထူလာရေး လုပ်ဆောင်ရာတွင် အရေးကြီးဆုံးမှာ SME များ၏ အခန်းကဏ္ဍ ဖြစ်သည်။ ပြည်တွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကို အရင်ဆုံးပြန်လည် နာလန်ထူလာရန် ဆောင်ရွက်ရမည်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ရာခိုင်နှုန်း ၉၀ ကျော်ရှိသော အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ တိုးတက်မှုမရှိခြင်းသည် နိုင်ငံစီးပွားရေးကိုများစွာ ထိခိုက်စေသည့် အချက်ကိုမူ မငြင်းနိုင်ပေ။
ခေတ်အဆက်ဆက်တွင် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ခြင်း မရှိသေးသည့်အတွက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အားနည်းခဲ့ရသကဲ့သို့ပင် လက်ရှိအချိန်တွင်လည်း ပြည်တွင်းအသေးစားနှင့် အလတ်စားလုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရန် မည်သို့လုပ်ဆောင်မည်ဆိုသည့် အချက်သည် များစွာအရေးကြီးနေသည်။
COVID-19 အကျပ်အတည်း၏ လူမှုစီးပွားအနေအထားအပေါ် သက်ရောက်မှုများနှင့် လတ်တလော အခြေအနေများကို မှန်မှန်ကန်ကန် သုံးသပ်လျက် မှန်ကန်သည့် တုံ့ပြန်မှုများကို စနစ်တကျ လုပ်ဆောင်ရမည်ဖြစ်သည်။
ယင်းအချက်သည် အဓိကစိန်ခေါ်မှုဖြစ်ပြီး စီးပွားရေးအမှန်တကယ် ကျပ်တည်းခြင်းရှိမရှိအပေါ် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ၏ မျက်မှောက် အခြေအနေများဖြင့် ချိန်ထိုးသုံးသပ်ရန် လိုအပ်လျက်ရှိသည်။
သို့မဟုတ်ပါက ရာခိုင်နှုန်း ၉၀ ကျော်ရှိသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ တဖြည်းဖြည်း ထိခိုက်ကျဆုံးသွားပါက နိုင်ငံ၏ စီးပွားရေးသည်လည်း နာလန်ပြန်ထူရန် စိန်ခေါ်မှုများစွာ ရှိနေမည်ဖြစ်သည်။