ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေခြင်းကြောင့် စစ်ကိုင်း၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေခြင်းကြောင့် စစ်ကိုင်း၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်
Published 20 November 2021

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၌ တိမ်အနည်းငယ် ဖြစ်ထွန်းနေခြင်းကြောင့် စစ်ကိုင်း၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၀ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။

ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကြောင်း သိရသည်။

ယင်းအတွက်ကြောင့် နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းအထိ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း၊ ရွာရန်ရာနှုန်း ၈၀  ဖြစ်ကြောင်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်းကလည်း တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ညအပူချိန်များမှာ ကယားပြည်နယ်တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် သုံးဒီဂရီစင်တီဂရိတ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် နှစ်ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် နှစ်ဒီဂရီစင်တီဂရိတ်နှင့် မွန်ပြည်နယ်တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ထက် သုံးဒီဂရီစင်တီဂရိတ်ပိုခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။

ထူးခြားသည့် ညအပူချိန်များမှာ ပူတာအိုမြို့၊ ကျောက်မဲမြို့၊ နမ့်စန်မြို့၊ ပင်လောင်းမြို့၊ ဟဲဟိုးမြို့၊ ဟားခါးမြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် ကိုးဒီဂရီစင်တီဂရိတ်စီ ဖြစ်ကြကြောင်း၊ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ကျိုက်ဒုံမြို့တွင် ၁ ဒသမ ၂၄ လက်မ၊ မုဒုံမြို့တွင် သုည ဒသမ ၇၅ လက်မ၊ ကျိုက္ခမီမြို့နှင့် ကော့သောင်းမြို့တွင် သုည ဒသမ ၁၉ လက်မစီတို့ ဖြစ်ကြကြောင်း သိရသည်။

ယင်းအပြင် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေးပေမှ ခုနစ်ပေခန့်ရှိနိုင်ကြောင်း၊ လာမည့်နှစ်ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

နေပြည်တော်အနီးတစ်ဝိုက်၊ ရန်ကုန်မြို့ အနီးတစ်ဝိုက်နှင့် မန္တလေးမြို့အနီးတစ်ဝိုက်တွင် နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းအထိ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent