မွန်ပြည်နယ်အတွင်း COVID – 19 ကာကွယ်ဆေး ထိုးနှံရမည့် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းနီးပါး ကာကွယ်ဆေးထိုးနှံပြီးစီး

မွန်ပြည်နယ်အတွင်း COVID – 19 ကာကွယ်ဆေး ထိုးနှံရမည့် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းနီးပါး ကာကွယ်ဆေးထိုးနှံပြီးစီး
Published 20 November 2021
ဘိုဘိုမြင့်

ပုံစာ - မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံနေသည်ကို တွေ့ရစဉ်   Photo  - ကိုဝင်းဇော်ဦး

မွန်ပြည်နယ်အတွင်း COVID – 19 ကာကွယ်ဆေးထိုးနှံရမည့် လူဦးရေ (၁၇) သိန်းခန့် ရှိသည့်အနက်မှ လက်ရှိတွင် (၅၀) ရာခိုင်နှုန်းနီးပါးအား ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

 COVID – 19 ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များ၌ နေ့စဉ်ထိုးနှံပေးလျှက်ရှိကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင် ကာကွယ်ဆေးထိုးနှံရမည့်လူဦးရေ၏ (၇၀) ရာခိုင်နှုန်းကျော်ကို ထိုးနှံပေးနိုင်ရေး ကြိုးစားဆောင်ရွက်ပေးနေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာနန္ဒဝင်း က ပြောကြားသည်။

 ၎င်းကဆက်လက်ပြီး “ဒီနှစ်ကုန် Target ကာ မွန်ပြည်နယ်က ကာကွယ်ဆေးထိုးနှံရမယ့် လူဦးရေရဲ့ (၇၀) ကျော်အထိကို ရည်မှန်းထားပါတယ်။ အခုလက်ရှိမှာတော့ (၅၀) ရာခိုင်နှုန်းနီးပါးကို ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးနေပါပြီး ဟု ပြောကြားသည်။

 “ဒီကပ်ရောဂါကို ပေါ့ဆလို့တော့မရဘူး။ COVID က တချို့ဥရောပလို နိုင်ငံတွေမှာ ရောဂါကူးစက်မှုတွေ ပြန်ဖြစ်နေတယ်လေ။ အဲ့ဒါမျိုးတွေကြောင့် ကိုယ့်နိုင်ငံမှာလည်း ဒီကပ်ရောဂါနဲ့ပတ်သက်ပြီးတော့ ပေါ့လို့တော့မရဘူး။ ပေါ့ဆပြီးနေနေရင်တော့ ရောဂါက ပြန်ဖြစ်ကြမှာဘဲ။ အားလုံး COVID စည်းကမ်းချက်တွေနဲ့အညီ နေထိုင်ကြဖို့တော့လိုအပ်နေပါသေးတယ်။ လက်ရှိမှာ ပြည်သူတွေကလည်း ဒီကပ်ရောဂါကို မေ့လျော့လာကြတဲ့သဘောမျိုးတွေ တွေ့မြင်နေရပါတယ် ဟု ဒေါက်တာနန္ဒဝင်း က ဆက်လက်ပြောကြားသည်။

 ယခုနိုဝင်ဘာလ (၁) ရက်မှ (၁၉) ရက်အတွင်း မွန်ပြည်နယ်၌ COVID – 19 ကူးစက်ကပ်ရောဂါ နှင့် ပတ်သက်ပြီး Positive လူနာသစ် (၁၇၄) ဦးရှိခဲ့ပြီး၊ ပြည်တော်ပြန်များအနက်မှ (၈၀) ဦးတွင်လည်း COVID – 19 Positive တွေ့ရှိထားကြောင်း နှင့် ဓါတ်ခွဲအတည်ပြုလူနာ (၁၁) ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

 မွန်ပြည်နယ်အတွင်း COVID – 19 ကူးစက်ကပ်ရောဂါနှင့် ပတ်သက်ပြီး ကူးစက်ဖြစ်ပွားမှုနှုန်းလျော့နည်းကျဆင်းလာသည့်အတွက် ပြီးခဲ့သည့် နိုဝင်ဘာလ (၁၁) ရက် Stay at Home အစီအစဉ် သတ်မှတ်ထားသည့် မြို့နယ်များအနက်မှ မော်လမြိုင်မြို့နယ် နှင့် သံဖြူဇရပ်မြို့နယ်တို့အား Stay at Home အစီအစဉ်မှ ပယ်ဖျက်ခဲ့ကြောင်း နှင့် လက်ရှိတွင် မွန်ပြည်နယ်အတွင်း ဘီးလင်းမြို့နယ်နှင့် ချောင်းဆုံမြို့နယ် တို့မှာ Stay at Home အစီအစဉ် သတ်မှတ်ထားဆဲဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

 

 

 

Most Read

Most Recent