Mytel ကုမ္ပဏီမှ GM ဦးသိန်းအောင်အား ပစ်ခတ်သတ်ဖြတ်ခဲ့မှုနှင့် လှိုင်မြို့နယ်တွင် ကုန်စုံဆိုင်ပိုင်ရှင်အား PPE ဝတ်စုံဝတ်၍ ပစ်ခတ်သတ်ဖြတ်ခဲ့မှုဖြင့် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးအား ဖမ်းဆီး

Mytel ကုမ္ပဏီမှ GM ဦးသိန်းအောင်အား ပစ်ခတ်သတ်ဖြတ်ခဲ့မှုနှင့် လှိုင်မြို့နယ်တွင် ကုန်စုံဆိုင်ပိုင်ရှင်အား PPE ဝတ်စုံဝတ်၍ ပစ်ခတ်သတ်ဖြတ်ခဲ့မှုဖြင့် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးအား ဖမ်းဆီး
Published 19 November 2021

Mytel ကုမ္ပဏီရုံးချုပ်မှ GM ဦးသိန်းအောင်အား ပစ်ခတ်သတ်ဖြတ်မှုဖြင့် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးအား ဖမ်းဆီးထားကြောင်း သိရသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ (၇) ရပ်ကွက်၊ တေးနုယဉ်လမ်းနေ Mytel ကုမ္ပဏီရုံးချုပ်မှ GM ဦးသိန်းအောင်သည် ဇနီးဖြစ်သူနှင့်အတူ အိမ်ရာဝင်းအတွင်း လမ်းလျှောက်နေစဉ် အမျိုးသားတစ်ဦးက  သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးသိန်းအောင် သေဆုံးခဲ့ပြီး ဇနီးဖြစ်သူမှာ ဒဏ်ရာရရှိခဲ့သည််။

အထက်ပါ ဖြစ်စဉ်ဖြစ်ပွားသည့်နေ့တွင် မသင်္ကာဖွယ်ရာ စက်ဘီးစီးလာသည့် အမျိုးသားသုံးဦးနှင့် ၎င်းတို့၏နောက်မှ ကပ်လျက်လိုက်ပါလာသည့် HYUNDAI ACCENT အမျိုးအစား အဖြူယာဉ်အား တွေ့ရှိကြောင်း ပြည်သူလူထု၏ သတင်းပေးချက်အရ စုံစမ်းဖော်ထုတ်ခဲ့ရာ နိုဝင်ဘာ ၈ ရက်တွင် ပစ်ခတ်မှုဖြစ်စဉ်တွင် ပါဝင်သော စစ်ဇော်ကံ (ခ) ဟန်သာထွန်း (၁၉) နှစ်အား မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားရပ်ကွက်၊ နီလာလမ်း၊ အမှတ် (၁၈၇) နေအိမ်၌ ဆက်စပ်ပါဝင်သည့် ဖြိုးအိကျော် (၂၄) နှစ်နှင့်အတူ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ စစ်ဇော်ကံ (ခ) ဟန်သာထွန်း၏ ထွက်ဆိုချက်အရ လှိုင်မြို့နယ်၊ (၇) ရပ်ကွက်၊ ကျောင်းကုန်း (၁) လမ်းနေ ပစ်ခတ်မှု ဖြစ်စဉ်တွင် ပါဝင်သည့် ဗညားစိုးထက် (ခ) လီယို (၂၃) နှစ်အား လည်းကောင်း၊ တိုက်ကြီးမြို့နယ်၊ အုတ်ပုံစု ရပ်ကွက်၊ တောင်ပေါ်လမ်း (ခ) ဂျိုးဖြူကန်လမ်းနေ စိုင်းစည်သူ (၃၅) နှစ်အား လည်းကောင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အထက်ပါ ဖမ်းဆီးရမိသည့် စစ်ဇော်ကံ (ခ) ဟန်သာထွန်းသည် ဧပြီလအတွင်း KNLA တပ်မဟာ (၆) နယ်မြေတွင် ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး င်းအနေဖြင့် ရန်ကုန်မြို့တွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် ဖွဲ့စည်းထားရှိသည့် ဥက္ကာ (ဖမ်းဆီးရန်ကျန်) ခေါင်းဆောင်သော  ရန်ကုန်တော်လှန်ရေး အင်အားစု (Yangon Revolution Force - YRF) တွင် ဒုတိယခေါင်းဆောင်အဖြစ် ပါဝင်၍ ဗညားစိုးထက် (ခ) လီယိုမှာ တတိယခေါင်းဆောင်အဖြစ် ပါဝင်ကြောင်း၊ဖြိုးအိကျော်သည် YRF အဖွဲ့တွင် ဘဏ္ဍာရေးမှူးအဖြစ် ပါဝင်ပြီး ထောက်ပံ့ရရှိငွေများနှင့် လိုအပ်သည့် လက်နက်ခဲယမ်းများ ဝယ်ယူမှုအား ချိတ်ဆက်ဆောင်ရွက်ပေးသူ ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်ဟု သတင်းထုတ်ပြန်မှုအရ သိရသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့အဖွဲ့၏ လုပ်ရပ်များကို အားပေးထောက်ခံသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများမှ ငွေနှင့်ဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိကြောင်း ဖော်ထုတ်သိရှိရကြောင်း၊ ၎င်းတို့အဖွဲ့အနေဖြင့် လိုအပ်သော လက်နက်ခဲယမ်းများအား Jame (YUG အဖွဲ့) ထံမှ စက်တင်ဘာ ၂၆ ရက်တွင် စစ်ဇော်ကံ (ခ) ဟန်သာထွန်းသည် ငကျား (Free Tiger Ranger - FTR) ထံမှတစ်ဆင့် ပစ္စတိုသုံးလက်၊ ကျည်အိမ်ငါးခု၊ ကျည် ၁၂၁ တောင့်အား ရရှိခဲ့ပြီး ဗညားစိုးထက် (ခ) လီယိုထံတွင် သိမ်းဆည်းခဲ့ကြောင်း ဖော်ထုတ်ရရှိကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ YRF အဖွဲ့သည် ရန်ကုန်မြို့တွင်း လုပ်ငန်းများ လုပ်ဆောင်ပြီးပါက စိုင်းစည်သူ ပိုင်ဆိုင်သော တိုက်ကြီးမြို့နယ်၊ ငါးစုကျေးရွာအနီးရှိ ခြံတွင်ထွက်ပြေး တိမ်းရှောင်နိုင်ရန် ကြိုတင်စီစဉ်ထားခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

ထို့ပြင် ဦးသိန်းအောင်အား လုပ်ကြံသတ်ဖြတ်သည့်နေ့တွင် ၎င်းသေနတ်များအား အသုံးပြုရန် ဗညားစိုးထက် (ခ) လီယိုမှ တစ်ပါတည်း ယူဆောင်ခဲ့ကာ HYUNDAI ACCENT (အဖြူရောင်) ယာဉ်အား မောင်းနှင်ပြီး စစ်ဇော်ကံ (ခ) ဟန်သာထွန်းနှင့်အတူ သွားရောက်ခဲ့ကြောင်း၊ ဖမ်းဆီးရန် ကျန်သူများဖြစ်သည့်  ဖိုးသားနှင့်သားငယ်တို့သည် စက်ဘီးနှစ်စီးဖြင့် လိုက်ပါလာခဲ့ကြောင်း၊ ကုန်းမြင့်သာလမ်း အရောက်တွင် စစ်ဇော်ကံ (ခ) ဟန်သာထွန်းသည် ယာဉ်ပေါ်မှဆင်းပြီး ဖိုးသားထံမှ စက်ဘီးအားယူ၍ စီးနင်းထွက်ခွာသွားခဲ့ပြီး ဖိုးသားမှခြေလျင်ဖြင့် သွားရောက်၍ တေးနုယဉ်လမ်း အရောက်၌ ဦးသိန်းအောင်နှင့် ဇနီးဖြစ်သူတို့အား ပစ္စတိုဖြင့် ခုနစ်ချက်ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်ဟု သိရသည်။

အလားတူ ဖမ်းဆီးရမိသူ စစ်ဇော်ကံ (ခ) ဟန်သာထွန်းနှင့် ဗညားစိုးထက် (ခ) လီယိုတို့၏ ထွက်ဆိုချက်အရ ပြီးခဲ့သည့် ဩဂုတ် ၅ ရက်တွင် လှိုင်မြို့နယ်၊ (၁၆) ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းရှိ ကုန်စုံဆိုင်ပိုင်ရှင် ဦးစန်းလင်းနှင့်ဇနီး ဖြစ်သူတို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ရာတွင် ကျန်းမာရေး အထောက်အကူပြုအဖွဲ့ပုံစံ PPE ဝတ်စုံများဝတ်ဆင်ကာ အောင်လေးနှင့်အတူ ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြောင်း၊ ထိုသို့ လုပ်ကြံသတ်ဖြတ်မှုအတွက် Jame (YUG အဖွဲ့) ထံမှ ငွေကျပ်ခုနစ်သိန်း ရရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရကြောင်း သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။

စစ်ဇော်ကံ (ခ) ဟန်သာထွန်းသည် အောက်တိုဘာ ၂၁ ရက်တွင် ပြည်သူ့စွမ်းအား ရွေ့လျားအဖွဲ့ (People Power Movement - PPM) အဖွဲ့ထံမှ လက်လုပ်ချိန်ကိုက်ဗုံးနှစ်လုံးတွဲ သုံးလုံးအားရရှိခဲ့ပြီး အဆိုပါ လက်လုပ်ချိန်ကိုက်ဗုံးများအား အောက်တိုဘာ ၂၂ ရက်တွင် (Rangoon Urban Revoultionary - RUR) အဖွဲ့ဝင်တစ်ဦးထံ ပေးအပ်ပြီး မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းရှိ EPC ရုံးအနီးတွင် ဖောက်ခွဲခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများအနေဖြင့် ဦးသိန်းအောင်အား ပစ်မှတ်ထား တိုက်ခိုက်ခြင်းမှာ စစ်ဇော်ကံ (ခ) ဟန်သာထွန်း ပါဝင်သော YRF အဖွဲ့အား NUG အဖွဲ့က Jame (YUG အဖွဲ့) မှတစ်ဆင့် နောက်ကွယ်မှ ငွေကြေးထောက်ပံ့မှုများ ပြုလုပ်၍ နိုင်ငံအတွင်း အစိုးရနှင့်ချိတ်ဆက်၍ ရင်းနှီးမြုပ်နှံ လုပ်ကိုင်လျက်ရှိသော ပြည်ပစီးပွားရေး လုပ်ငန်းများအား ဆက်လက်လုပ်ကိုင်ခြင်း မရှိစေရန် ရည်ရွယ်ချက်ဖြင့် စီးပွားရေး အဆောက်အဦများ၊ လုပ်ငန်းတာဝန်ခံများအား လုပ်ကြံသတ်ဖြတ်ခြင်း ဖြစ်ကြောင်းနှင့် အစိုးရ၏ နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးအား ထိခိုက်ပျက်ပြားစေရန် ငွေကြေးထောက်ပံ့ကာ အကြမ်းဖက်လုပ်ငန်းများ ကျူးလွန်စေခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖမ်းဆီးရမိသူများ ပါဝင်ဖွဲ့စည်းထားသော YRF အဖွဲ့အား Jame (YUG အဖွဲ့) မှ အဓိက စေခိုင်းနေခြင်းဖြစ်ပြီး လက်အောက်တွင််အဖွဲ့ ၁၂ ဖွဲ့ရှိကြောင်း၊ Jame (YUG အဖွဲ့) သည် NUG/CRPH တို့နှင့်ချိတ်ဆက်၍ ငွေကြေး၊ လက်နက်အထောက်အပံ့များရယူကာ စေခိုင်းလျက်ရှိကြောင်း ဖော်ထုတ်သိရှိရကြောင်း သိရသည်။

Most Read

Most Recent