(၁)
အဖေ့အသက် ရှစ်ဆယ်ကျော်ပါပြီ။ ဘဝဖြတ်သန်းမှုများကလည်း စုံလင်ကြွယ်ဝခဲ့ပါပြီ။ ညအိပ်ရာဝင်ခါနီးပြီဆိုလျှင် အဖေတစ်ယောက် ခြံစည်းတစ်ပတ်လျှောက်ကြည့်ရင်း ဘုရားစာ တရားစာများ ရွတ်ဖတ်လေ့ရှိသည်။ တစ်ရက်လည်းမဟုတ်၊ နှစ်ရက်လည်း မဟုတ်။ နေ့စဉ်နှင့်အမျှ။
“အဖေ အဲဒါ ဘာလုပ်တာလဲဟင်” ဟု မေးလျှင် “ညမအိပ်ခင် ခြံကို စည်းတားရတယ်ကွ။ ဒါမှ အိပ်ရတာ လုံခြုံတယ်” ဟု အဖေက ပြန်ဖြေတတ်သည်။ ခြံစည်းရိုးတစ်ပတ် မည်မျှပင် စည်းတားသည်ဆိုစေကာမူ အဖေ ချက်ချင်းတော့ အိပ်ရာမဝင်တတ်သေး။
“ငါ့သား ဆိုင်ကယ်ကို သော့သေချာခတ် ရဲ့လား။ ဇက်သော့ခတ်နော်။ အဲဇက်သော့တင် မဟုတ်ဘူး။ ပိုက်သော့နဲ့ပါ တွဲခတ်နော်။ မင်းတို့ခေတ်က စိတ်ချရတာမဟုတ်ဘူး”အကြောင်းကြောင်းကြောင့် ကျွန်တော် ဆိုင်ကယ်သော့ မခတ်ဖြစ်သေးလျှင် အဖေ မအိပ်တတ်။
“မင်းတို့ခေတ်”ဆိုသောအရာကို စိတ်ချယုံကြည်ဖို့ အဖေ ခက်ခဲနေဟန်တူသည်။
(၂)
“အဖေတို့ခေတ်ကရော”ဟု ကျွန်တော် တစ်ခါတလေ မေးခွန်းထုတ်ကြည့်ဖူးသည်။
သည်သို့မေးလျှင် အဖေတစ်ယောက် အဝေးတစ်နေရာကို လွမ်းမောစွာငေးကြည့်နေတတ်သည်။ အတန်ကြာပြီဆိုမှ သက်ပြင်းရှည်ကြီးတစ်ခု မှုတ်ထုတ်ရင်း လေးလေးပင်ပင် ပြန်ဖြေတတ်သည်။
“ပြောရရင် အိပ်မက်တွေလိုတောင် ဖြစ်နေပါပြီ ငါ့သားရာ။ ဟိုတုန်းက အကြောင်းတွေကိုသာ အမှန်အတိုင်းပြောပြလိုက်ရင် ငါ့အဖေငယ်မူပြန်ပြီး ပြောချင်ရာ လျှောက်ပြောနေတယ်လို့တောင် မင်း တွေးချင်တွေး နေဦးမှာ”
အဖေတို့ငယ်စဉ်က ယခုကဲ့သို့ စက်မှုပစ္စည်းများ မထွန်းကားသေး။ လယ်ယာလုပ်ငန်းခွင်မှန်သမျှ ကျွဲ၊ နွားများကိုသာ ရာနှုန်းပြည့်အားပြုခဲ့ကြရသည်။ ကဆုန်၊ နယုန် မိုးဖွဲဖွဲကျချိန် စပါးပျိုးထောင်ခြင်းကအစ စိုက် ပျိုးမည့် လယ်မြေများ စိတ်ကြိုက်တမန်းရနိုင်ရေးအဆုံး ထွန်ယက်ခြင်းဆိုင်ရာကိစ္စအားလုံးတွင် ကျွဲနွားတို့၏ အခန်းကဏ္ဍက အဓိကပင်။ ကာလအားဖြင့် ကဆုန်မှသည် ၀ါခေါင်အထိ။
ထို ၀ါဆို၊ ၀ါခေါင် လယ်ယာအားလုံး စိုက်ပျိုးပြီးချိန်တွင်တော့ ကျွဲနွားတို့၏ကဏ္ဍ တစ်ခန်းရပ်ပြီ။အဖေတို့ရွာကလေးသည် သစ်ပင်တောတန်းများဖြင့် ထိစပ်နေ၏။ လူတို့၏စားဝတ် နေရေးအတွက် စိတ်ကြိုက်ပုံဖော် ရုန်းကန်ခဲ့သော ကျွဲနွားတို့မှာ ကာလတစ်ခုအနားရချိန်တွင် လယ်စပ်က တောတောင်များဆီ အုပ်စုလိုက်လွှတ်ပေးခြင်းကို ခံရကာ ကိုယ့်ဝမ်းစာ ကိုယ်ရှာဖွေကြရတော့သည်။ လွှတ်ပေးလိုက်သော ကျွဲအုပ်၊ နွားအုပ်များတွင် အထီး၊ အမ၊ အငယ်၊ အကြီး၊ ကိုယ်ဝန်ဆောင်များအထိ အကုန်ပါသည်။ အံ့သြဖွယ်ကောင်းသည်က ထိုသို့လွှတ်ပေးလိုက်သည့် ကျွဲအုပ်၊ နွားအုပ်များတွင် ထိန်းကျောင်းသူမပါ။
“ထိန်းသူမဲ့” ကျွဲအုပ်နွားအုပ်များ။ အဖေ့တို့အိမ်က နွားအုပ်သာမကသေး။ အဖေ့ဦးလေး၏ ကျွဲအုပ်၊ အမေ့အဒေါ်၏ နွားအုပ်၊ ရွာတောင်ပိုင်းက ကျွဲအုပ်၊ ရွာမြောက်ပိုင်းက နွားအုပ်၊ သို့နှင့် အုပ်စုကိုယ်စီ တောတွင်းဆီသို့ ခြေဆန့်ကြတော့သည်။
နယ်မြေကန့်သန့်ချက်မရှိဘဲ သွားချင်ရာ သွားပေရော့။ အင်၊ ကညင်၊ သစ်ရာ၊ ပိတောက်၊ ပျဉ်းကတိုး စသည် စုံလင်စွာပေါက်ရောက်နေသော တောတောင်ကျယ်ကြီးတစ်ခုအတွင်း ကြိုက်သည့်နေရာကိုဦးတည်။ ကြိုက် သည့်နေရာကို ရွေ့လျား၊ ကြိုက်သည့်သစ်ရွက် သစ်ဖူး မြက်ဦးမြက်ဖျားကို ကြိုက်သလောက် ရှာဖွေစားသောက်ကြပေရော့။ တစ်နည်းအားဖြင့် ကာလတစ်ခု ချမ်းသာခွင့်ရကြသည့်ဘဝများ။
အဆိုပါကာလသည် လယ်ယာများစိုက်ပျိုးပြီးချိန် ၀ါဆို၊ ၀ါခေါင်မှသည် ပြန်လည်ရိတ်သိမ်းချိန် နတ်တော်၊ ပြာသိုအထိ၊ လေးငါးလခန့်။
တစ်ခါတစ်ရံ ထင်းခွေ၊ တောခုတ်သစ် တောအတွင်း သွားခဲ့သူရှိလျှင်လည်း “ဦးဉာဏ်လှိုင်ရဲ့နွားအုပ်ကို သပြေပင်လျှိုနားမှာ တွေ့ခဲ့သေးတယ်။ အားလုံး ဝဝလင်လင်ပဲ” ။ “ ဦးလှဒင်ကျွဲအုပ်ကို တမာတောလွင်ပြင်မှာ တွေ့ခဲ့သေးတယ်။ လွှတ်လိုက်တုန်းက ဇီးနဲ့ ကျွဲမကတောင် သားလေးပေါက်ပြီးနေပြီ။ ဝဝတုတ်တုတ် ချိုကားလေးဗျ။ အပေါက်အဆက်ကလေးလည်း ကောင်းမှကောင်း”။ “ကိုသာမြ နွားအုပ်ထဲက နွားလေးတစ်ကောင်ကတော့ တောကောင်တစ်ကောင်ကောင် ဆွဲတယ်ထင်တယ်။ ပေါင်တစ်ဖက်မှာ ဒဏ်ရာ တော်တော်ပြင်းတယ်။ သနားလို့ သက်ရင်း ကြီးရွက်ဝါးပြီးတော့တောင် အုပ်ပေးခဲ့သေးရဲ့”။ “ကိုမောင်စိန့်နွားအုပ်ကတော့ ကြို့ပင်ကွင်းပြင်ဘက် နယ်ကျွံလာတာ။ ကွင်းစပ်လယ်တွေထဲ ဆင်းစားမှာစိုးလို့ လေးခွနဲ့တောင် ခြောက်ပစ် ပစ်ခဲ့ရသေးရဲ့” စသည် စသည်ဖြင့် အပြန်ပြန်အလှန်လှန် သတင်းပို့ ထိန်းကျောင်းပေးခဲ့ကြသည်။
အချိန်တန်ပြီဆိုလျှင်လည်း သူ့နွားအုပ်ရှိရာ ကိုယ်သတင်းပေး၊ ကိုယ့်နွားအုပ်ရှိရာ သူသတင်းပို့ဖြင့် မိမိတို့အိမ်များဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ခေါ်ငင်ကောက်သိမ်းနိုင်ခဲ့ကြသည်။ တောဆွဲ၊ ပိုးထိ၍ လျော့ပါးကောင်း လျော့ပါးတတ်သည်မှအပ လူ့ပယောဂကြောင့် လျော့ပါးပျောက်ဆုံးခြင်းဆိုသည်ကို ကြားပင် မကြားဖူးခဲ့။ သူ့ပစ္စည်း ကိုယ်စောင့်ရှောက်၊ ကိုယ့်ပစ္စည်း သူထိန်းသိမ်းကြရင်းဖြင့် အပြန်အလှန် ယုံကြည်၊ လေးစား၊ တန်ဖိုးထားမှုများစွာ။ မိမိအားထုတ်မှုမဟုတ်လျှင် ကာယကံမြောက် ထိဖို့၊ ကိုင်ဖို့၊ ယူငင်ဖို့ဝေးစွ၊ စိတ် ဖြင့်ပင် မကြံရွယ်တတ်ကြ။ သူ့ကျွဲ သူ့နွား ဝေဆာဖွံ့ထွား၊ အလှတရားများပြည့်စုံနေသည်ကိုပင် ဝမ်းသာကျေနပ် ပီတိထပ်နေကြသူများ။ သူတစ်ပါး ကောင်းစားခြင်းအပေါ် နာလို၊ ရွှင်ပျ၊ ဝမ်းမြောက်ကြသူများ။ အ ကောင်းမြင်တွေး၊ ချီးမွမ်းပေးနိုင်ကြသူများ။ ဣဿာကင်းကြသူများ။
(၃)
အဖေတို့ငယ်ငယ်က ဆိုသည်ပင် ဝေးနေဦးမည်ထင်သည်။ ကျွန်တော်လူပျိုပေါက် အရွယ်မှာပင် ကိုယ်တွေ့အဖြစ်အပျက်များက အမှတ်ထင်ထင် ရှိနေဆဲ။ ကျွန်တော် လူမှန်းသိတတ်စအချိန်မှာတော့ အဖေတို့ခေတ်ကလို နွားအုပ်ကျွဲအုုပ်များကို “ထိန်းသူမဲ့” လွှတ် ပေးခြင်းများ မရှိတော့။ စိုက်ကွင်းစိုက်ကွက် များက လယ်ကွင်းများမှသည် တောတောင် အနှံ့ခြေဆန့်ခဲ့ကြပြီ။
သည်တော့ နွားအုပ်ကျွဲအုပ်များအတွက်လည်း ကန့်သတ်ဘောင်များ ကျယ်ပြန့်လာပြီး လွတ်လပ်ဘောင်များ ကျဉ်းမြောင်းလာခဲ့ပြီ။ နွားစာ ကျွဲစာတို့လည်း ရှားပါးလာခဲ့ပြီ။
သည်တော့ ကျွဲနွားတို့ဝမ်းစာအတွက် တောတောင်တစ်ခွင် ထိန်းသူမဲ့ အစီအစဉ်အစား ကန်သင်းမြက် ရိတ်ကျွေးခြင်းအစီအစဉ်ဖြင့် အစားထိုးကြရသည်။
ထိုအချိန်တွင် အံ့သြဖွယ်ကောင်းသည်က ကျွဲစာနွားစာမြက်များ ရိတ်ကြသည့်အခါ သူ့လယ်ကွင်း၊ ကိုယ့် လယ်ကွင်း အထူးတလည် ကန့်သတ်ရှောင်ရှားလေ့မရှိတတ်ကြ။ သူ့ကန်သင်းလည်း ကိုယ်ရိတ်၊ ကိုယ့်ကန်သင်းလည်း သူရိတ်။ ငြူစူခြင်း အလျဉ်းမရှိကြ။
တစ်ခါတစ်ရံတွင်တော့ ကျွဲနွားများပြားသူများက “မိမိလယ်ကန်သင်းတွင် ပေါက်သည့်မြက်ကို မိမိမှတစ်ပါး အခြားသူများရိတ်ခွင့်မရှိစေရ” ဆိုသည့်သဘော အလျဉ်းသင့်သလို တားမြစ်ကန့်သတ်ရခြင်းမျိုးတော့ ရှိနေ တတ်သည်။ သို့တိုင်ကန့်သတ်တားမြစ်ထားပုံကလေးက ချစ်စရာ့ဟန်ပန်အပြည့်။
မိမိပိုင် လယ်ကန်သင်းရိုးပေါ်တွင် လူတစ်ရပ်ခန့် ၀ါးခြမ်းကလေး တစ်ချောင်းစိုက်။ အဆိုပါ၀ါးခြမ်းထိပ်တွင် ပလတ်စတစ်အိတ်ကလေးတစ်ခု ချည်နှောင်။ သည်မျှသာ။
“ဒီကန်သင်းက မြက်တွေကို မရိတ်ပါနဲ့ ဦးနော်။ ကျွန်တော့်မှာ ကျွဲတွေနွားတွေများနေလို့ ခင်ဗျားတို့ လာရိတ်ရင် ကျွန်တော့် ကျွဲတွေနွားတွေအတွက် အစာအခက်အခဲဖြစ်သွားမှာစိုးလို့ တခြားနေရာမှာ သွားရိတ်ကြပါနော်” ဆိုသည့်သဘော။ ဒေသိယစကားက “မြက်ဆို”သည်တဲ့။
“ကိုဖြူ့လယ်မှာ မြက်ဆိုထားတယ်နော်။ သွားမရိတ်မိစေနဲ့” ဟု အဖေက သားကိုမှာ၊ သားက မြေးကိုတား။ ထူးခြားသည့် ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ထားခြင်းမရှိသည့်တိုင် လိုက်နာကျင့်ကြံဖို့ ဝန်မလေးတတ်ကြ။ ခိုးရိတ်ခြင်း၊ မသိဟန်ဆောင်၍ ရိတ်ခြင်း အလျဉ်းမရှိကြ။ သူ့ဆန္ဒ ကိုယ်လေးစား၊ ကိုယ့်ဆန္ဒ သူအသိအမှတ်ပြု။ သူ့ရှိတာ ကိုယ်ယူ။ ကိုယ့်ရှိတာ သူ့ပေး။ ဝေမျှ ဖေးမ နားလည်ခြင်းများစွာ။
“သူ့ကန်သင်းကို အထိမခံတဲ့ကောင်၊ ငါ့ကန်သင်းလာထိလို့ကတော့ ”ဆိုတာမျိုး အလျဉ်းမရှိတတ်ကြ။
သူ - ခက်၍ မပေးနိုင်သည့်တိုင် ကိုယ် - လွယ်ချိန်တွင် ကြည်ကြည်ဖြူဖြူ ပေးတတ်ကြသည်။
အမှတ်အတေး၊ အတုံ့အလှည့် အလျဉ်းမရှိကြ။ ဝန်တိုခြင်း မရှိကြ၊ နှမြောစေးနှဲခြင်း မရှိကြ။ တကယ့် မစ္ဆရိယ ကင်းသူများ။
(၄)
မှတ်မိသေးသည်။ အဖေက ကျွန်တော်တို့ ကျောင်းသားဘဝကို ထန်းတက်သမားဘဝဖြင့် ရုန်းကန်ထောက်ပံ့ပေးခဲ့သည်။ အဖေထန်းတက်တော့ ကျွန်တော်လည်း မြေအိုးကောက်ဘဝဖြင့် ကျောင်းအားချိန်တွင် ကူညီပေးခဲ့ရသည်။
ထိုစဉ်အချိန်က ကျွန်တော်တို့မိသားစုတွင် ကိုယ်ပိုင်လယ်များ မရှိကြတော့။ ထန်းတက်ခြင်း အလုပ်တစ်ခုဖြင့်သာ အသက်မွေးနေရသည့်အချိန်။ ထို့ကြောင့် အဖေတက်သော ထန်းပင်များသည် ကိုယ်ပိုင်လယ်ကွင်း ကန်သင်းများပေါ်တွင် ပေါက်နေသည့် ထန်းပင်များမဟုတ်ကြ။ သူများလယ်ကွင်း သူများ ကန်သင်းများပေါ်မှာ။
“ဒီထန်းပင်အားလုံးက ကျွန်တော်တို့ လယ်ကွင်းထဲမှာမရှိဘဲ ဦးဖြူတို့ လယ်ကွင်းမှာပဲ ရှိတာဆိုတော့ ကျွန်တော်တို့ အပိုင်လား၊ ဦးဖြူတို့အပိုင်လား အဖေ”
သည်မေးခွန်းကိုကြားတော့ အဖေ အားရှိပါးရှိ ရယ်သည်။
“ငါ့သားရယ်။ မင်းမေးခွန်းက ထူးထူးဆန်းဆန်းပဲကွ။ ဘာဆိုင်လို့ ကိုဖြူက ပိုင်မှာတုံး။ ဒီထန်းပင်တွေကို ငါတို့ ဘိုးစဉ်ဘောင်ဆက် ပိုင်လာခဲ့တာပဲဟာကို”
“အင်… ဦးဖြူရဲ့ လယ်ကွင်းမှာ ရှိနေတဲ့ အပင်ကို အဖေက ပိုင်တယ်ဆိုတော့ ထူးဆန်းတယ်လေအဖေရ။ ကိုယ့်လယ်၊ ကိုယ့်ကွင်း မဟုတ်ဘဲ ဦးဖြူက ဘာမှမပြောဘူးလား။ တကယ်ဆိုရင် သူ့လယ်သူ့ကွင်းမှာ ရှိနေတာ ကို သူပဲပိုင်သင့်တာမဟုတ်ဘူးလား”
“မဟုတ်ဘူးကွ ငါ့သားရ။ ဦးဖြူက လယ်ကိုပဲ ပိုင်တာ။ တို့အဘိုးအဘွားတွေ လက်ထက်ကတည်းက ထန်းပင်လေးတစ်ပင်တွေ့တာနဲ့ သေချာခုတ်ထွင်ရှင်းလင်း၊ အပင်ကြီးလာအောင် ဂရုစိုက်၊ ဒီလိုနဲ့ကြီးလာတော့ ခုတ်ထွင် ရှင်းလင်းပေးတဲ့သူကပဲတက်၊ ထန်းရည်ယူ၊ နောက်ထပ် အပင်ပွားလေးတွေ ထွက်လာတော့လည်း ဒီလိုပဲထပ်ရှင်း။ ဒီလိုနဲ့ ဘိုးစဉ်ဘောင်ဆက် ခုတ်ထွင်ရှင်းလင်း အသက်မွေးရင်းနဲ့ တို့မျိုးဆက်ရဲ့ ထန်းတော ဆိုတာ လူတိုင်းလက်ခံတယ်။ ဦးဖြူရဲ့ လယ်ကွင်းမှာရှိနေပေမဲ့ ဦးဖြူကလည်း သူ့အပင်တွေပါလို့ ဘယ်တော့မှ မငြင်းခုံ မလုယက်ဘူး။ မင်းပြောလို့ ပြန်တွေးကြည့်ရရင် ဒီလိုသူ့လယ်ကွင်းမို့ သူပိုင်တယ်ဆိုတဲ့ ပြဿနာမျိုး ဖြစ်ကိုမဖြစ်ခဲ့ဖူးဘူး။ ကြားလည်း မကြားဖူး ဘူး။ တစ်ခုတော့ရှိတာပေါ့ကွာ။ သူ့လယ်ကွင်းမှာလုပ်တော့ ကိုယ့်ထန်းပင်က အမှိုက်သရိုက် အရွက်အခက် သူ့ လယ်ထဲမကျအောင်၊ သူ့ အသီးအပွင့်တွေကို မထိခိုက်အောင်တော့ ဂရုစိုက်ရတာပေါ့။ ကျလုပြီဆိုရင်လည်း ကြိုပြီးရှင်းလင်းတာမျိုးတော့ လုပ်ရတာပေါ့”
ဝီရိယနှင့် ပိုင်ဆိုင်မှုကို အပြန်အလှန် လေးစားတန်ဖိုးထား အသိအမှတ်ပြုကြသူများ။ ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှု တစ်စုံတစ်ရာမရှိခဲ့ကြဘဲ အားထုတ်မှု တစ်ခုစီတိုင်းအတွက် ရယူပိုင်ဆိုင်ခွင့် တစ်ခုခုရှိနေရမည် ဆိုသည့်အချက်ကို ရာနှုန်းပြည့် ခံယူယုံကြည်ကြသူများ။
(၅)
အဖေပြောသည့် “မင်းတို့ခေတ်”ရောက်လာချိန်တွင်တော့။
မိမိပိုင်သည့် နွားအုပ်ကျွဲအုပ်များကို ပိုင်ရှင်မျက်ကွယ်တွင် “ထိန်းသူမဲ့” လွှတ်ထားဖို့ ဝေးစွ။ မိမိအိမ်အောက်မှာပင် စည်းအထပ်ထပ်ဖြင့် ကာရံဆီးတားထားကြရပြီ။
ဆိုထား တားထားသည့်မြက်များကိုပင် လူခြေတိတ်ဆိတ် ဝင်ရိတ်နေကြပြီ။ လယ်ပိုင်ရှင်နှင့် ထန်းသမားကြားက ပြဿနာများကိုပင် ခပ်စိပ်စိပ် မြင်တွေ့လာရပြီ။ သစ်တောသစ်ရိပ်တို့သည်ပင် မီးသွေးဖုတ်၊ တောင်ယာချဲ့၊ ထင်းအလွန်အကျွံခုတ်ခြင်းများအောက် တောတောင်သဏ္ဌာန်၊ ပုံဟန်မပေါက် ဂုဏ်မမြောက်တော့။ အရှေ့အနောက် တောင်မြောက်ဝဲယာ တံလျှပ်များအောက် သွေ့ခြောက်ညှိုးနွမ်း လွမ်းဖွယ်အတိ ဖြစ်ခဲ့ကြပြီ။
လမ်းဘေးရေအိုးစင်ပေါ်ရှိ သောက်ရေခွက်ကိုပင် ကြိုးနှင့်ချည်နှောင်ထားခဲ့ရပြီ။
အဖေကတော့ တစ်ခါတလေ သတိပေးစကား ဆိုတတ်၏။
“ဘယ်သူ့ကိုမှ မျက်လုံးစုံမှိတ်ပြီး မယုံမိစေနဲ့ငါ့သား။ လည်ပင်းဖက်ပြီး ပေါင်းသင်းလာခဲ့ကြသူတွေတောင်မှ နောက်ကျောက ရောက်လာမယ့်ဓား သတိထားနေရတာ”
(၆)
တစ်ရက် အိပ်ရာဝင်ခါနီး ညီငယ် စာရေးဆရာ ကိုစက်ဖေနှင့် စကားပြောဖြစ်ခဲ့သည်။ ဂျပန်နိုင်ငံဆိုလျှင် လမ်းဘေးမှာပင် လိမ္မော်သီးပင်များ ရှိနေတတ်ကြောင်း၊ အပင်များမှာလည်း ပုပုနိမ့်နိမ့် ကလေးအရွယ် လက် လှမ်းမီနေသည့်တိုင် အလွယ်တကူ ခူးယူတတ်လေ့မရှိကြောင်း၊ ခွေးပိုင်ရှင်များ လမ်းပေါ်ထွက်ပြီ ဆိုလျှင်လည်း ခွေးမစင်ကျုံးရန်အတွက် ပိုင်ရှင်ကိုယ်တိုင် အိတ်ကလေးများ ဆောင်ထားတတ်ကြောင်း၊ မိမိခွေး စွန့်ထုတ် သောမစင်ကို ပိုင်ရှင်ကိုယ်တိုင် တာဝန်ယူသိမ်းဆည်းပေးတတ်ကြောင်း၊ နယူးဇီလန်နိုင်ငံဆိုလျှင်လည်း အိမ်များ တံခါးပိတ်လေ့ပိတ်ထ သိပ်မရှိတတ်ကြောင်း၊ အိမ်တစ်ခုနှင့် တစ်ခုကြား ခြံစည်းရိုး အနိမ့်ကလေးများသာ ခြားထားတတ်ကြောင်း စသည်ဖြင့်။
မည်သို့ဆိုစေ ဝန်းကျင်တိုင်းကတော့ ရာနှုန်းပြည့် စင်ကြယ်ကောင်းမွန်နေလိမ့်မည်မဟုတ်။ အကောင်းအဆိုး၊ အကျိုးအပြစ် ရောထွေးယှက်တင်ရှိနေမည်ဧကန်။ အဖေ ပြောပြခဲ့သည့် ထိန်းသူမဲ့ ကျွဲအုပ်၊ နွားအုပ်များ အကြောင်း၊ မြက်ဆို သည့် လယ်ကန်သင်းများအကြောင်း၊ ထန်းပင်ပိုင်ဆိုင်မှုများအကြောင်း ပြန်လည်စဉ်းစားမိသည့်အခါ ကျွန်တော်တို့ စိတ်ဓာတ်များသည်လည်း ဂျပန်၊ နယူးဇီးလန်တို့ထက် မညံ့ခဲ့ကြောင်း လက်ခမောင်းခတ်မိသည်။
ကျွန်တော်တို့ မည့ံခဲ့ကြတာကတော့ အသေအချာ။ ကိုစက်ဖေနှင့် စကားပြောပြီး သိပ်မကြာခင် ကျွန်တော် အိပ်ပျော်သွားခဲ့သည်။
အိပ်မက်ပင် မက်နေသေး၏။
(၇)
အိပ်မက်ထဲတွင် စိမ်းလန်းစိုပြည်နေသည့် တောရိပ်တောင်ရိပ်များကို တွေ့ရ၏။ ထိန်းသူမဲ့ ကျွဲအုပ် နွားအုပ်များကိုလည်း တွေ့ရ၏။
မြက်ဆို ထားသည့် လယ်ကန်သင်းများထက်တွင် နားလည်ကြည်ဖြူ မြက်ရိတ်နေသူများကိုလည်း တွေ့ရ၏။
အပြန်အလှန် မုဒိတာပွားနေကြသည့် လယ်နှင့်ထန်းပင်ပိုင်ရှင်များကိုလည်း တွေ့ရ၏။ မည်သို့ဆိုစေ ကျွန်တော်တို့တွင် လှပသောအတိတ်များ ရှိခဲ့သည်မှာ အမှန်။ ထို့အတွက် အကြောင်းတိုက်ဆိုင်မှု ရှိလာသည့် အခါတိုင်း သတိရတမ်းတနေမိမည် ဧကန်။ အိပ်မက်များ လက်တွေ့ဖြစ်လာဖို့ကတော့ အနည်းနှင့်အများ ကြိုးစားကြရလိမ့်ဦးမည် ထင်ပါသည်။