အဖေ မဆုံးခင် လပိုင်းလောက်မှာ အဖေကျွန်တော့် စာမူလေးတွေ မဖတ်နိုင်တော့ချေ။ ယခင်ကဆို အဖေသည် ကျွန်တော့် စာမူသတင်းစာထဲပါလာတိုင်း ဖတ်နေကျ။ ဝေဖန်နေကျ။ ကျွန်တော်က မနက်တိုင်း အိပ်ရာထပြီဆိုသည်နှင့် လမ်းထိပ်က သတင်းစာပို့သည့် ကိုဝင်းအောင်အိမ်သို့ သတင်းစာသွားယူလေ့ရှိသည်။ သတင်းစာမှာ ကျွန်တော့်စာမူ ပါမပါကြည့်ပြီး ပါသည်ဆိုလျှင် မဖတ်သေးဘဲ အဖေ့အိပ်ရာဘေးရှိ စားပွဲလေးပေါ်မှာ သတင်းစာတင်ထားလိုက်သည်။ အဖေအိပ်ရာထလျှင် သတင်းစာကို မြင်လိမ့်မည်။ ထိုအခါ မျက်နှာသစ်ပြီးတာနှင့် အဖေသတင်းစာ ဖတ်လိမ့်မည်။ ကျွန်တော့်စာမူကိုတွေ့လျှင် အရင်ဆုံးဖတ်လိမ့်မည်။ ဖတ်ပြီးလျှင်တော့ ကျွန်တော့်ကို လှမ်းခေါ်ကာ ကျွန်တော့်စာမူအပေါ် သူ့ထင်မြင်ချက် ပြောပြလိမ့်မည်။ ဒါသည် ကျွန်တော် သတင်းစာမှာ စာစရေးသည့် ၂၀၁၃ ကနေ အဖေဆုံးသည့် ၂၀၁၆ အထိ မပျက်ကွက်ခဲ့သော အစဉ်အလာတစ်ခု ဖြစ်ပါသည်။
အဖေမဆုံးမီ လပိုင်းလောက် အလိုမှာ ကျွန်တော့်စာမူပါသည့် သတင်းစာကို အဖေ့စားပွဲခုံပေါ် သွားတင်သည့်အခါ “ငါ မဖတ်နိုင်သေးဘူးကွာ။ နောက်မှ ဖတ်မယ်” ဟု အိပ်ရာပေါ်မှနေ၍ မျက်လုံးလှန်ကြည့်ပြီး ပြန်ပြောလေသည်။ အဖေ့အသံကိုကြားရသည့် ကျွန်တော့်မှာ စိတ်ထဲမကောင်း။ သို့သော် “အဖေ နေပြန်ကောင်းတော့ ငါ့စာမူကို ဖတ်မှာပေါ့လေ” ဟု မျှော်လင့်ချက်ဖြင့် ကျွန်တော့်စိတ်ကို ဖြေနိုင်ခဲ့ပါသည်။ တကယ်တော့ အဖေသည် ထိုအချိန်မှစပြီး သေသည့်အချိန်ထိ ကျွန်တော့်စာမူကို ဖတ်မသွားရရှာတော့ပေ။ “ငါ့စာမူကို အဖေဘယ်တော့မှ ဖတ်ခွင့်မရတော့ဘူး” ဟူသော အသိသည် ရင်ကိုတမြေ့မြေ့ ကျွမ်းလောင်စေခဲ့ပါသည်။ ထိုအခါ “ဒီဘဝမှာ အဖေနှင့် ဘယ်သောအခါမှ ပြန်မဆုံနိုင်တော့ပါလား” ဟူသည့် အတွေးကပါ နောက်မှ ထပ်ဆင့်လိုက်ပါလာတော့သည်။
ကျွန်တော့်စာမူများကိုစုပြီး ပုံနှိပ်စာအုပ်အဖြစ် အက်ဆေးစာအုပ်နှစ်အုပ် ထုတ်ခဲ့ပြီးပါပြီ။ ထိုနှစ်အုပ်စလုံး အဖေကွယ်လွန်ပြီးမှ ထုတ်ဖြစ်ခဲ့သည်။ ပထမဆုံး အက်ဆေးစာအုပ်လေးထွက်လာတော့ အဖေ့ကို ထူးထူးခြားခြား သတိရမိသည်။ “ငါ့စာအုပ်လေးကို အဖေမြင်စေချင်လိုက်တာ” ဟု ပြင်းပြင်းပြပြ တောင့်တမိသည်။ သို့သော် မိမိဆန္ဒ မဖြစ်နိုင်မှန်း သိနေသောအခါ ကြေကွဲမိသည်။ ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရသောလူ့ဘဝကို စာအသိနှင့်ဆင်ခြင်မိသော်လည်း ကိုယ်အသိမှာတော့ ပုထုဇဉ်ပီပီ မဖြစ်နိုင်သော အရာကိုမှ ဖြစ်စေချင်ခဲ့မိသည်။ ထိုစဉ်က အဖေကွယ်လွန်သွားသည်ကို မျက်မြင်ဒိဋ္ဌ ကြုံနေရသော်လည်း အဖေသည် ကျွန်တော့် စိတ်ထဲမှာ မကွယ်လွန်သေးချေ။ အဖေသည် ကျွန်တော်နှင့်အတူ ရှိနေလေသည်။
ကဗျာဆရာ လှသန်း၏ “ဖေဖေနဲ့ နှစ်ပေါင်း ၄၀ ကျော်နေထိုင်ခြင်း” ကဗျာကို အဖေမဆုံးခင် ဖတ်ရတုန်းက ကျွန်တော့်စိတ်ထဲ သိပ်ပြီးမထိခိုက်လှပါ။ သို့သော် အဖေဆုံးပြီးနောက် ထိုကဗျာကို ပြန်ဖတ်မိသောအခါ ကျွန်တော့်စိတ်မှာ ထိခိုက်ကြေကွဲသွားမိသည်။ ဟုတ်ပါသည်။ ကျွန်တော်လည်း ကိုလှသန်းလိုပင် အဖေနှင့် နှစ်ပေါင်း ၄၀ ကျော် နေထိုင်ခဲ့သူမဟုတ်ပါလား။ ကိုလှသန်းက သူ့ကဗျာ နိဂုံးပိုဒ်မှာ -
“မကြာခဏ
ဖေ့ဖေ့ကို သတိရတိုင်း
ဖေဖေ့လို အဖေမျိုးနဲ့
နှစ်ပေါင်း ၄၀ ကျော်နေခဲ့ရတာကို
ကျေကျေနပ်နပ် ဂုဏ်ယူလိုက်ပါတယ် ဖေဖေ။ ။”
ဟု ရေးခဲ့လေသည်။
ကျွန်တော်သည် ထိုကဗျာပိုဒ်လေးကို ငေးရင်း အဖေ့အကြောင်း တွေးနေမိပါသည်။ အဖေသည် ဘယ်လိုအဖေမျိုးလဲဟုလည်း ဆက်တွေးနေမိပါသည်။ ထို့အပြင် အဖေနှင့် ကျွန်တော်တူသည့် အချက်များကိုလည်း ပြန်စဉ်းစားကြည့်မိသည်။ တစ်နည်းပြောရလျှင် အဖေ့ထံမှကူးစက်လာသည့် စရိုက်သဘာဝများ။ သို့မဟုတ် အဖေ့ထံမှ ကျွန်တော်ရလိုက်သည့် အမွေများ ဆိုပါတော့။
အဖေက လူကြောက်တတ်သည်။ ထိုအချက်မှာ အဖေနှင့် ကျွန်တော်တူသည်ဟု ဆိုရမည်။ အဖေသည် လူရှေ့သူရှေ့ စကားထွက်ပြောရမည်ကို အင်မတန်ကြောက်သည်။ ရဟန်းဘဝတုန်းကဆိုလျှင် သီလပင်မပေးခဲ့ဟု ဆိုပါသည်။ အဖေသည် ထိုမျှလောက် လူကြောက်သူ ဖြစ်သည်။ လူ့ဘဝရောက်တော့လည်း အဖေ့အသိ စာရေးဆရာများက မကြာခဏ စကားပြောပေးဖို့ ဖိတ်ခေါ်လေတိုင်း အဖေကငြင်းလွှတ်ခဲ့သည်ချည်း။ သို့သော်အဖေသည် သားသမီးများကို သြဝါဒပေးသည့်အခါမှာတော့ ဇာတ်နိပါတ်ပုံပြင်များနှင့် ဝေဝေဆာဆာ စိတ်ရှည်လက်ရှည် စကားပြောသူ ဖြစ်နေပြန်လေသည်။ အဖေသည် “သြဝါဒမပေး မယဉ်ကျေး” ဟူသော ထုံးနှလုံးမူကာ အမြဲဆုံးမစကားပြောသူ ဖြစ်သည်။ ရဟန်းဘဝမှ လာသူမို့ ဘုရားရှင်၏ အဆုံးအမများဖြင့် သားသမီးတို့ကို ယဉ်ကျေးစေခဲ့သူ ဖြစ်ပါသည်။
အဖေသည် ရိုးသားစွာ ခပ်အေးအေး ခပ်ကုပ်ကုပ်နေချင်သူ ဖြစ်သည်။ ထိုအချက်မှာလည်း ကျွန်တော်သည် အဖေနှင့်တူသည်ဟု ထင်မိသည်။ သို့သော် ရိုးသားမှု စံချိန်ကတော့ အဖေ့လို ပြည့်ပြည့်ဝ၀ မဟုတ်ဟု ဝန်ခံချင်ပါသည်။ အဖေက သူ့စိတ်ထဲမပါလျှင် ဘာမှမပြောချင် မလုပ်ချင်သူမျိုး ဖြစ်သည်။ ကျွန်တော်ကမှ တစ်ခါတလေ အားနာတတ်သောကြောင့် အလိုက်အထိုက် နေချင်တတ်သော်လည်း အဖေကမူ အလိုက်အထိုက်မျှကိုပင် မလုပ်ချင်သူ ဖြစ်သည်။ အားနာသည်ဆိုသည့် စကားကိုလည်း အဖေက မကြိုက်ချေ။ “အားနာတာ ကြောက်ခြင်းတစ်မျိုးပဲ” ဟု ပြောတတ်လေသည်။ ဆရာကြီးရွှေဥဒေါင်းက သူ၏တစ်သက်တာမှတ်တမ်းထဲမှာ “ဘာကိုမှ အလကား မလိုချင်။ ထိုက်တန်အောင် အလုပ်လုပ်၍ ယူချင်သည်။ မည်သူ့ရှေ့၌မျှ မျက်နှာအောက်မချ၊ အမြဲဦးခေါင်းထောင်ချင်သည်။ ဆင်းရဲသည်ကို မရှက်၊ ညစ်ပတ်ရမည်ကို ရှက်သည်။ အမျိုးမြတ်သည်ဆို၍ ဂုဏ်မတက်၊ ရိုးဖြောင့်သည့်အတွက် ဂုဏ်ယူသည်။” ဟု ရေးခဲ့လေသည်။
အဖေသည် ထိုသဘောအတိုင်းပင် သူ့ဘဝကို ဖြတ်သန်းခဲ့သည်ဟု ကျွန်တော်ထင်ပါသည်။ ကျွန်တော့် အမေ၏ အဖေနှင့် အမေ (အဘိုးနှင့် အဘွား) သည် အဖေ၏ ရိုးဖြောင့်ခြင်း တစ်ခုတည်းကိုကြည့်ကာ သူတို့သမီး (ကျွန်တော့်အမေ) နှင့် ပေးစားခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ ကျွန်တော်တို့ သားသမီးများသည် ရိုးဖြောင့်ခြင်းအရာမှာ အဖေ့နီးနီးမတူနိုင်သော်လည်း တတ်နိုင်သမျှတော့ ရိုးသားအောင် ကြိုးစားနေထိုင်ကြပါသည်။ ဒါသည်ပင် အဖေက သူကိုယ်တိုင် စံနမူနာပြ နေထိုင်ကာ ဆုံးမခဲ့သောကြောင့်ဟု ထင်ပါသည်။ ကျွန်တော်ကတော့အဖေ့ကို သတိရတိုင်း အဖေ့ရိုးသားမှုကိုပါ ပူးတွဲသတိရနေမိသည်။
ထို့အပြင် အဖေသည် မထင်မရှား အညတရဆန်ဆန် နေချင်သူလည်း ဖြစ်သည်။ ထိုအချက်မှာတော့ အဖေနှင့် ကျွန်တော် မတူတော့ပေ။ ကျွန်တော်သည် ထိုနေရာတွင် အဖေ့လို မနေချင်ပါ။ အထိုက်အလျောက် လူသိခံချင်သည်။ ပုထုဇဉ်ပီသစွာ အောင်မြင်ကျော်ကြားချင်သည်။ အဖေက သူတော်ကြောင်းတတ်ကြောင်း လူမသိအောင်နေထိုင်ခဲ့သူ ဖြစ်သော်လည်း ကျွန်တော်ကတော့ မိမိတော်ကြောင်း တတ်ကြောင်း လူသိစေချင်ပါသည်။ အဖေသည် လူအထင်ကြီးခံရအောင် တမင်မလုပ်။ လူအထင်ကြီးခြင်း အထင်သေးခြင်းကို ဂရုစိုက်သူလည်းမဟုတ်။ ကျွန်တော်ကတော့ လူအထင်သေးမှာ ကြောက်သည်။ စိုးရိမ်သည်။ လူအထင်ကြီးခံရတာကို ခုံမင်မက်မောသည်။ အဖေ့ဝါဒက “ဘုရားမကဲ့ရဲ့အောင်နေမည်” ဆိုသည့် ၀ါဒဖြစ်သည်။ ကျန်တာမည်သူကဲ့ရဲ့ကဲ့ရဲ့ကိစ္စမရှိပေ။ ထိုအချက်မှာလည်း ကျွန်တော်သည် အဖေ့ကို လုံးဝလိုက်မမီဟု ဆိုရပေလိမ့်မည်။
ယခု ကျွန်တော် အိမ်ထောင်ပြုခါနီးအချိန်မှာ အဖေ့ကို အလွန်အမင်းသတိရမိပါသည်။ အဖေသည် ရဟန်းဘဝနှင့် ဓမ္မာစရိယအောင်သည်အထိ နေထိုင်ခဲ့ပါသည်။ ထိုသို့ နေထိုင်စဉ်မှာပင် အဖေသည် ဆင်းရဲလှသော မိခင်ဖြစ်သူကို လုပ်ကျွေးချင်သောကြောင့် လူထွက်ဖို့ ဆုံးဖြတ်ခဲ့လေသည်။ အဖေ လူထွက်ခါနီးမှာ အဖေ့အမေက “ဦးဇင်း တပည့်တော်အတွက် ပူရတာနည်းနည်းလေးရယ်။ ဘာမှ မဟုတ်သေးဘူး။ ဒါပေမဲ့ အိမ်ရာထူထောင်တဲ့အခါ ဒီ့ထက်မက အများကြီးပူပန်ရလိမ့်မယ်” ဟု ပြောရှာသတဲ့။ သို့သော် အဖေသည် လူထွက်ကာ မိခင်ကို လုပ်ကျွေးခဲ့ပါသည်။ ထို့နောက် အိမ်ရာထူထောင်ကာ သားသမီးများ ပွားစီးခဲ့လေသည်။ တကယ်လည်း အဖေသည် သူ့မိခင်ပြောခဲ့သည့်အတိုင်း ပူပန်မှုများကြား ရုန်းကန်လှုပ်ရှားခဲ့ရပေသည်။ အဖေသည် သူတတ်သည့် စာပေပညာ၊ သူသင်ယူခဲ့သည့် စာပြင်ပညာတို့ဖြင့် ကျွန်တော်တို့ကို လူတစ်လုံး သူတစ်လုံးဖြစ်အောင် ပျိုးထောင်ခဲ့ပါသည်။ ကျွန်တော်သည်လည်း အဖေလျှောက်ခဲ့သည့်လမ်းကို ဆက်လျှောက်ဖို့ရန် ခြေလှမ်းပြင်နေပါလေပြီ။ အဖေကဲ့သို့ အပူအပင်များကိုယူငင်ကာ အိမ်ထောင်ရေးပင်လယ်ကို ကူးခတ်ရပါဦးမည်။ ထို့ကြောင့် ကျွန်တော်သည် အဖေ့ကို လွမ်းဆွတ် သတိရနေမိပါသည်။
လူသားမျိုးနွယ်သည် လောကကြီးကို ပွားစီးစေခဲ့သောကြောင့် ကမ္ဘာကြီးသည် တစ်နေ့တခြား လူဦးရေ များပြားလာခဲ့ရပေသည်။ အဘိုးက အဖေသို့၊ အဖေက သားသို့၊ သားက မြေးသို့ အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့သော အရာမှာလည်း လူသားမျိုးနွယ်ပင် ဖြစ်ပါသည်။ ယခုလည်း ကျွန်တော့်အဘိုးသည် အဖေ့သို့ လက်ဆင့်ကမ်းခဲ့သည်။ အဖေကလည်း ကျွန်တော့်ကိုလက်ဆင့်ကမ်းခဲ့သည်။ ကျွန်တော်သည်လည်း ကျွန်တော့် သားမြေးများသို့ လက်ဆင့်ကမ်းရပေဦးမည်။ ယခုအချိန် အဖေသာရှိလျှင် ကျွန်တော့်ကို မည်သို့သော သြဝါဒအဆုံးအမမျိုး ပေးလေမည်နည်း။ ကျွန်တော် သိပ်သိချင်ပါသည်။ အဖေသည် သူနှင့် တူသည့်နေရာတူ မတူသည့်နေရာ မတူသော ကျွန်တော့်ကို စိတ်တိုင်းကျချင်မှ ကျပေလိမ့်မည်။ အားရချင်မှလည်း ရပေလိမ့်မည်။
မည်သို့ဆိုစေ အဖေသည် ကျွန်တော့်ကို သူနှင့်တူအောင် မဆုံးမခဲ့သော်လည်း လူနှင့်တူအောင်တော့ ပဲ့ပြင်လမ်းညွှန်ခဲ့တာ သေချာပါသည်။ ကျွန်တော်သည် အဖေ့မြေးဖြစ်လာမည့် ကျွန်တော့် သားသမီးကို ထိုကဲ့သို့ ပဲ့ပြင်လမ်းညွှန်နိုင်လေမလား အတွေးပွားရင်း အဖေ့ကိုသာ လွမ်းနေမိပါသည်။ ။