ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ အများယုံကြည်လေးစားခံရသူပုဂ္ဂိုလ်များအား တာဝန်မှအနားယူခွင့်ပြုခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အသစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် အမိန့်အမှတ် (၇/၂၀၂၁) ဖြင့် ခန့်အပ်တာဝန်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၂၀ အရ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ရှိ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏သက်တမ်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သက်တမ်းနှင့်အညီဖြစ်သည်ဟု ပြဋ္ဌာန်းထားသည့်အတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကို အသစ်ပြန်လည်ဖွဲ့စည်းရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် ပြန်လည်ဖွဲ့စည်းနိုင်ရန်အတွက် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကာလအတွင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ အများယုံကြည် လေးစားခံရသူပုဂ္ဂိုလ်များအား ၂၀၂၁ ခုနှစ် အောက်တိုဘာ ၄ ရက်မှစ၍ တာဝန်မှ အနားယူခွင့်ပြုခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၃/၂၀၂၁) ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။















