ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ ကျေးရွာများ၌ ယခုနှစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်များ အချင်းချင်း တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ထောင်ထားသော နင်းမိုင်းများကို ကျေးရွာဒေသခံများ နင်းမိမှုကြောင့် သေဆုံးဒဏ်ရာရမှုရှိနေကြောင်း သိရသည်။
“ဒီနှစ်ထဲမှာ မိုင်းထိတဲ့သူ တော်တော်များတယ်။ တချို့နေရာတွေက ကျွန်တော်တို့ လက်လှမ်းမီတာရှိသလို တချို့နေရာတွေက ကျွန်တော်တို့ လက်လှမ်းမမီတာတွေ ရှိတယ်။ဆုံးသွားတဲ့ဟာတွေလည်းရှိတယ်။ ရွာပိုင်းမှာဆို လက်လှမ်းမမီလို့ ဆုံးသွားတာတွေရှိတယ်။လက်လှမ်းမီလို့ သွားကူနိုင်တာတွေရှိတယ်။ ဒီနှစ်ထဲမှာတော့ ကျွန်တော်မှတ်မိသလောက် သေသွားတာ ခုနစ်ယောက်လောက် ရှိမယ်။လက်လှမ်းမမီတာတွေပါ ပေါင်းရင်တော့ ဒီထက်မကဘူးပေါ့” ဟု ကျောက်မဲမြို့ခံ ကိုစမိုင်းက ပြောကြားသည်။
ကျောက်မဲမြို့နယ် နောင်ပြစ်အုပ်စုရှိ လက်ဖက်ခြံတစ်ခြံ၌ နိုဝင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီခန့်က နောင်ပြစ်ကျေးရွာ (ဟောင်း) နေ ၂၈ နှစ်အရွယ်ရှိ လွေးအေးယဉ်သည် ရပ်ရွာ၏ အဝေး၌ရှိသည့် လက်ဖက်ခြံသို့ သွားရောက်ခဲ့ရာ လက်ဖက်ခြံတဲအနီးအရောက်၌ မိုင်းပေါက်သည့်ဒဏ်ကြောင့် ဘယ်ဘက်ဦး ခေါင်းကို မိုင်းစထိခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းစထိမှန်သူအမျိုးသမီး၏ လက်ဖက်ခြံသည် ၎င်းနေထိုင်ရာ ရပ်ရွာနှင့်လည်းဝေးပြီး အသွားလမ်းလည်းကျဉ်းခြင်းကြောင့် ၎င်းမိုင်းထိပြီးနောက် ၎င်း၏အမျိုးသားက ရပ်ရွာအထိ ကျောပိုးလာရကြောင်း၊ မိုးသည်းထန်စွာရွာနေခြင်းကြောင့် ချက်ချင်းကျောက်မဲမြို့သို့ မပို့ဆောင်နိုင်ဘဲ ညနေပိုင်း မိုးတိတ်ပြီးချိန်မှသာ ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ပေးနိုင်ကြောင်း နောင်ပြစ်ရွာခံများထံမှ သိရသည်။
ထို့ပြင် မကြာခင်ရက်ပိုင်းများကလည်း ကြူရှောရွာမှ ကျောက်မဲမြို့သို့ ဆင်းလာသော ကျေးရွာခံနှစ်ဦး နင်းမိုင်းနင်းမိမှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့ရှိ ပရဟိတအသင်းများက စစ်ဘေးရှောင်ပြည်သူများ နေရပ်ကျေးရွာများသို့ မပြန်မီ မိုင်းအန္တရာယ် အသိပညာပေးမှုများ လုပ်ဆောင်ပေးမှုများရှိကြောင်း သိရသည်။
“တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ သေချာတယ်။ မြေမြှုပ်မိုင်းတွေ ကြိုးမိုင်းတွေက အသုံးပြုနေတာတွေ တွေ့ရတဲ့အတွက်ကြောင့်မို့ တိုက်ပွဲပြီးသွားခဲ့ရင်တောင် မြှုပ်ထားတဲ့မိုင်းတွေရှိတော့ သူတို့ကိုတော့ (စစ်ဘေးရှောင်) မိုင်းအန္တရာယ်နဲ့ ပတ်သက်တဲ့ ပညာပေးမှုတွေ လုပ်ဆောင်ပေးပါတယ်” ဟု ကျောက်မဲမြို့ရှိ အိုမ်တမာဝ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စစ်ဘေးရှောင်ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ရာဒေသများရှိ ၎င်းတို့၏ တောင်ယာလုပ်ငန်းခွင်နှင့် ကျေးရွာများသို့ သွားလာပါက မိုင်းအန္တရာယ်ကို အထူးသတိပြုသွားလာကြရန်နှင့် မည်သည့်အဖွဲ့အစည်း လက်နက်ကိုင်အားလုံးက အများပြည်သူသွားသည့် လမ်းပေါ်နှင့် ပြည်သူများ လုပ်ကိုင်စားသောက်သည့် လက်ဖက်ခြံများတွင် မိုင်းမထောင်သင့်ကြောင်း ကျောက်မဲမြို့ခံများက ပြောကြားသည်။
“စစ်ပွဲရဲ့ဥပဒေတွေကို ကျွန်တော်တို့ မသိပေမဲ့ ပြန်သွားရင် အမြဲတမ်းနှစ်ယောက် သုံးယောက်ထိနေတာတွေ့ရတော့ စစ်ဘေးရှောင် ပြည်သူများအနေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသတွေမှာရှိတဲ့ မိမိတို့ရဲ့ တောင်ယာလုပ်ငန်းခွင်နဲ့ ကျေးရွာတွေကို သွားလာရင် မိုင်းအန္တရာယ်ကို အထူးသတိပြု သွားလာစေချင်တယ်။ လက်နက်ကိုင် ဘယ်အဖွဲ့အစည်းမဆို အားလုံးက အများပြည်သူလူထုသွားတဲ့ လမ်းပေါ်နဲ့ ပြည်သူတွေ လုပ်စားတဲ့ လက်ဖက်ခြံတွေမှာ မိုင်းတော့မထောင်သင့်ပါဘူး” ဟု ကိုစမိုင်းက ပြောကြားသည်။















