မော်လမြိုင် တန်ဆောင်တိုင်ပွဲတော်တွင် အစဉ်အလာမပျက် ဆီမီးထွန်းခြင်းနှင့် သံလွင်မြစ် ကမ်းနားလမ်းတစ်လျှောက် ဆွမ်းအိုးမျှောခြင်း ပြုလုပ်မည်

မော်လမြိုင် တန်ဆောင်တိုင်ပွဲတော်တွင် အစဉ်အလာမပျက် ဆီမီးထွန်းခြင်းနှင့် သံလွင်မြစ် ကမ်းနားလမ်းတစ်လျှောက် ဆွမ်းအိုးမျှောခြင်း ပြုလုပ်မည်
ကိုဗစ်ကာလမတိုင်မီ မော်လမြိုင် ကမ်းနားလမ်းတစ်လျှောက်တွင် တန်ဆောင်မုန်းလပြည့်နေ့ နံနက်က စတုဒိသာကျွေးမွေးနေစဉ်
ကိုဗစ်ကာလမတိုင်မီ မော်လမြိုင် ကမ်းနားလမ်းတစ်လျှောက်တွင် တန်ဆောင်မုန်းလပြည့်နေ့ နံနက်က စတုဒိသာကျွေးမွေးနေစဉ်
Published 16 November 2021
မောင်မောင်ရွှေမြိုင်

တန်ဆောင်မုန်းလပြည့် တန်ဆောင်တိုင်ပွဲတော်တွင် မော်လမြိုင်၌ အစဉ်လာမပျက် ဆီမီးပူးဇော်ခြင်း၊ သံလွင်မြစ် ကမ်းနားလမ်းတစ်လျှောက် ရှင်ဥပဂုတ္တမထေရ် ကျောင်းဆောင်ရှိရာ ရပ်ကွက်တို့တွင် ဆွမ်းအိုးမျှောခြင်း၊ သံလွင်မြစ်တွင်း ဆွမ်းအိုးမျှောခြင်းတို့ကို ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

“တန်ဆောင်တိုင်ပွဲ အဖိတ်နေ့ညပိုင်း၊ မနက်ပိုင်းမှာ နေအိမ်တွေ၊ ရပ်ကွက်ဘုရား စေတီတွေမှာ ဆီမီးပူဇော်ကြပါတယ်။ သီရိမြိုင်၊ သီရိမင်္ဂလာရပ်ကွက်ရှိ ရှင်ဥပဂုတ္တမ ထေရ်စံကျောင်းမှာလည်း ဆွမ်းအိုးလာမျှောကြပါတယ်၊ တချို့က မုပွန်ရပ် သံလွင်မြစ်ဆိပ်မှာ ဆွမ်းအိုးသွားမျှောကြပါတယ်။ ဒီမှာလာမျှောတဲ့သူတွေကို မုန့်ဟင်းခါးကျွေးတာ နှစ်နှစ်၊ ကိုဗစ်မှာ ခေါက်ဆွဲကတစ်နှစ်၊ ဒီနှစ်က ချကျွေးရင်လည်းရ၊ ပါဆယ်ပေးရင်လည်းရမယ့် ကြက်ဆန် ပြုတ်စီစဉ်ထားတယ်၊ ငါးသိန်း လောက်ကုန်မယ်၊ဒီညကစပြီး ရပ်ကွက်ထဲ သုံးရက်အလှူခံပါမယ်၊ ရပ်ကွက်သားတွေရဲ့အလှူပါပဲ။ မော်လမြိုင်က သံလွင်မြစ်ကမ်း ရေပိုင်းဒေသဆိုတော့ အစဉ်အလာအတိုင်း လုပ်ငန်းအောင်မြင်ပြီး အဖျက်ရန်ကင်းဖို့ဆိုပြီး နှစ်တိုင်းပူဇော်နေကြပါပဲ” ဟု ရှင်ဥပဂုတ္တမထေရ်ကျောင်းဆောင် တာဝန်ခံတစ်ဦးက ပြောကြားသည်။

သုံးမိုင်ကျော်ရှည်သည့် မြောက်ဘက်သံလွင်တံတား (မော်လမြိုင်) မှ တောင်ပိုင်း ကျောက်တန်းရပ်ကွက်ထိ ရေလုပ်ငန်းနှင့် ဆက်စပ်နေသူများ၊ တစ်ဖက်နိုင်ငံတွင် အလုပ်လုပ်နေသူများ အခြေအနေ ကောင်းမွန်ရေးအတွက် အဓိဋ္ဌာန်ထားသူများစသည့် ထောင်ချီရှိသည့် မော်လမြိုင် မြို့သူမြို့သားများသည် အစဉ်လာမပျက်ရပ်ကွက်စုရပ်ရှင် ဥပဂုတ္တမထေရ် ကျောင်းဆောင်တွင် ဆွမ်းအိုးများလာထားပြီး ရပ်ကွက်အလိုက် စက်တပ်လှေများဖြစ် သံလွင်မြစ်လယ်သို့ ပို့ဆောင်မျှောကြ၍ရောက်ရှိရာ ဒေသရှိ အခက်ခဲကြုံ ရေလုပ်သားများ စားသောက်နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

ကိုဗစ်မတိုင်မီကာလ တန်ဆောင်တိုင် ဆွမ်းအိုးမျှောပွဲသည် မော်လမြိုင်ဒေသ၏ ထူးခြားသောဓလေ့အဖြစ် လူသိများပြီး ကမ်းနားလမ်းတစ်လျှောက် လပြည့်နံနက်တွင် လူပင်လယ်ကြီးသဖွယ် သွားလာကြကာ စတုဒိသာများ စားသောက်ခြင်း၊ အဖိတ်နေ့ညတွင် ကျိုက်သုတ်၊ ကျိုက်သလ္လန်ဘုရားတို့တွင် မသိုးသင်္ကန်း ရက်ဆက်ကပ်ခြင်း၊ ဇာတ်ပွဲများဖြင့် စည်ကားလေ့ရှိပြီး အဝေးရောက် မော်လမြိုင်သားများ သတိရစေခြင်း၊ ရပ်ကွက်အိမ်တိုင်း အကျွေးမွေးဖြင့် ဧည့်ခံခြင်း၊ နာဂဝီသ တောင်ပေါ်တန်းတစ်လျှောက် စတုဒိသာများ အပြိုင်ကျွေးမွေးခြင်း ရှိခဲ့သော်လည်း ယခုအခါ ညပိုင်းကန့်သတ်မှုကြောင့် မသိုးသင်္ကန်းရက်မှုကို ရပ်နားပြီး စတုဒိသာကိုမူ တတ်နိုင်သည့် အလှူရှင်တချို့သာ ကျွေးမွေးနိုင်ကြကြောင်း သိရသည်။

Most Read

Most Recent