ထောက်ခံမှု၊ ကန့်ကွက်မှုများ ကြားမှ လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်၏ အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် အကောင်အထည်ဖော်ရေးသည် အတော်ပင်ခရီးရောက်လာသည်။
ကော်မရှင်သည် နိုင်ငံရေးပါတီ တာဝန်ရှိသူများ၊ စိတ်ပါဝင်စားသူအချို့နှင့် ရွေးကောက်ပွဲစနစ် ဆွေးနွေးပွဲကို နိုဝင်ဘာ ၅ ရက်နှင့် ၆ ရက်က ရန်ကုန်တိုင်းအစိုးရရုံးတွင် ပြုလုပ်ခဲ့သည်။
ယင်းမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်သည့် ဖေဖော်ဝါရီနောက်ပိုင်း ရွေးကောက်ပွဲစနစ်နှင့် စပ်လျဉ်း၍ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုပင် ဖြစ်သည်။
ပါတီခေါင်းဆောင် အများအပြား ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ ပြည်သူ့ပါတီနှင့် ပါတီ ၄၀ နီးပါး ဆွေးနွေးပွဲ တက်ရောက်ခြင်း မရှိသော်လည်း ပါတီ ၅၀ ကျော် ဆွေးနွေးပွဲ တက်ရောက်ခဲ့ကြသည်။
အချိုးကျ ကိုယ်စားပြုစနစ် (PR) ကျင့်သုံးနိုင်ရေး ဦးတည်သည့် အဆိုပါ ဆွေးနွေးပွဲသို့ တည်ဆဲနိုင်ငံရေးပါတီ ၉၀ ကျော်အနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ အပါအဝင် ၅၃ ပါတီမှ တာဝန်ရှိသူများ တက်ရောက်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသည်။
ကော်မရှင်နှင့် နိုင်ငံရေးပါတီများ ယခင် နှစ်ကြိမ်တွေ့ဆုံမှုတွင် ရွေးကောက်ပွဲစနစ်နှင့်စပ်လျဉ်း၍ သဘောတူခဲ့ပြီး ယခုတတိယအကြိမ်သည် PR ဒီဇိုင်း၊ မြန်မာနိုင်ငံနှင့် ညီညွတ်သည့် PR စနစ် ကျင့်သုံးနိုင်ရေး ဆွေးနွေးအကြံပြုချက်များ တောင်းခံခြင်းဖြစ်သည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားခဲ့သည်။
ကော်မရှင်အသစ် ဥက္ကဋ္ဌ၏ PR နှင့် စပ်လျဉ်း၍ မှတ်ချက်များ
မဲဆန္ဒနယ်တစ်နယ်တွင် ကိုယ်စားလှယ်တစ်ဦး ရွေးကောက်သည့် စနစ်မှာ ခေတ်နောက်ကျ၍ မျှတမှု မရှိသဖြင့် နိုင်ငံအများအပြားက ယင်းစနစ်ကို ငြင်းပယ်ကြပြီး အချိုးကျကိုယ်စားပြုစနစ်အား အစားထိုး ကျင့်သုံးနေသည်ကိုတွေ့မြင်ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ခန့်အပ်သော UEC အသစ်၏ ဥက္ကဋ္ဌ ဦးသိန်းစိုးက ဆွေးနွေးပွဲတွင် ပြောကြားသည်။
နိုင်သူ အကုန်ယူစနစ် (FPTP) တွင် ထောက်ခံမဲ ၅၁ ရာခိုင်နှုန်းရသည့် ကိုယ်စားလှယ်လောင်းက အနိုင်ရကာ ၁၀၀ ရာခိုင်နှုန်း ကိုယ်စားပြုခွင့်ရသွားသဖြင့် ကျန် ၄၉ ရာခိုင်နှုန်းရသည့် ကိုယ်စားလှယ်လောင်းနှင့် ၄၉ ရာခိုင်နှုန်းသော မဲဆန္ဒရှင်များ၏ မဲများ အဟောသိကံ ဖြစ်ရသည်ဟု ဦးသိန်းစိုးက ဆိုသည်။
“အချိုးကျ ကိုယ်စားပြုခြင်းဆိုသည့် သဘောတရားမှာ အများစုသည် ဆုံးဖြတ်ပိုင်ခွင့်ရှိသော်လည်း လူတိုင်း လူတိုင်းသည် ကိုယ်စားပြုခွင့် ရှိသည်ဆိုသည့် အချက်ပင်ဖြစ်သည်” ဟု ပြည်ခိုင်ဖြိုးအစိုးရလက်ထက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ တာဝန် ယူဖူးသည့် ဦးသိန်းစိုးက ပြောကြားသည်။
အချိုးကျ ကိုယ်စားပြုစနစ် (Propprtional Representation-PR) သည် ပါတီများ ရရှိသည့် ဆန္ဒမဲ အရေအတွက်ကို အချိုးချ၍ လွှတ်တော်တွင်း ကိုယ်စားလှယ် ခွဲဝေရယူစေသည့် စနစ်ဖြစ်သည်။
ရရှိသည့် ဆန္ဒမဲ အရေအတွက်အလိုက် လွှတ်တော်ကိုယ်စားလှယ် နေရာ ခွဲဝေရရှိ၍ ပါတီငယ်များ၊ တိုင်းရင်းသားလူမျိုးစုပါတီများ၊ အမျိုးသမီးနှင့် တစ်သီးပုဂ္ဂလများ ကိုယ်စားပြုခွင့်ကို ပိုမိုအားပေးရာ ရောက်သည်ဟု အပြုသဘောရှုမြင် သူများက ဆိုသည်။
“မဲအရေအတွက်အလိုက် ကိုယ်စားလှယ်နေရာ ရရှိနိုင်၍ တစ်ပါတီ ကြီးစိုးသောစနစ် အားနည်းသွားစေခြင်း၊ အဟောသိကံဖြစ်သော မဲများ လျော့ပါးစေ၍ ပြည်သူများ၏ ဆန္ဒနှင့် အနီးစပ်ဆုံး ညီမျှမှုကို ပေးစွမ်းနိုင်သဖြင့် မဲပေးမှုနှုန်းကို အားကောင်းစေသည်” ဟု ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက နိုဝင်ဘာ ၅ ရက် ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
၂၀၀၈ အခြေခံဥပဒေအရ ကျင်းပသည့် ရွေးကောက်ပွဲ နှစ်ကြိမ်တွင် အင်အားကြီးပါတီတစ်ခုကသာ အစိုးရ ဖွဲ့နိုင်ခဲ့ပြီး အကယ်၍ ပါတီစုံ ဖြစ်လာလျှင် လွှတ်တော်တွင် ပါတီအချင်းချင်း ထိန်းညှိနိုင်သည့် အားသာချက်လည်း ရှိလာမည်ဟု ၎င်းက ဆိုသည်။
ထို့ပြင် PR စနစ် ပြောင်းလဲကျင့်သုံးလျှင် လူမျိုးစုငယ်များနှင့် တိုင်းရင်းသားများ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးကဏ္ဍများတွင် အချိုးကျ ပါဝင်လာနိုင်ပြီး မျှမျှတတရှိလာမည်ဟု ၎င်းက တစ်ဆက်တည်း ပြောကြားသည်။
ကော်မရှင် အဆိုပြုသည့် PR ပုံသဏ္ဌာန်
ဆွေးနွေးပွဲ တက်ရောက်သည့် ပါတီတာဝန်ရှိသူအချို့ ပြောကြားချက်အရ ကော်မရှင်သည် PR စနစ်ကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် စသည့် လွှတ်တော် သုံးရပ်စလုံးတွင် ကျင့်သုံးရန် ရည်ရွယ်ထားကြောင်း သိရသည်။
ကော်မရှင်အဖွဲ့ဝင် တစ်ဦး ယခင်က ပြောကြားထားသည့်အတိုင်း တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်းဒေသများ မှလွဲ၍ လွှတ်တော် သုံးရပ်စလုံးကို PR စနစ်နှင့် ရွေးကောက်ပွဲ ပြုလုပ်မည့်သဘောဖြစ်သည်။
စက်တင်ဘာ ၃၀ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေးကောက်ပွဲတွင် PR နှင့် FPTP စနစ် နှစ်မျိုးစလုံး ကျင့်သုံးမည်ဟု ဆိုထားသည်။
အလားတူ မြို့နယ်ကို အခြေခံ၍ ခရိုင်အလိုက် မဲဆန္ဒနယ်မြေ သတ်မှတ်ကာ Party List အမျိုးအစား PR စနစ်ကို ကျင့်သုံးမည်ဟု ဆွေးနွေးပွဲတွင် အဆိုပြုလာကြောင်း ပွဲတက်ရောက်သည့် ပါတီတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ Party List မဲပေးခြင်း စနစ်အောက်တွင် Close List ပုံစံနှင့် Open List ပုံစံရှိရာ ကော်မရှင်က Close List ပုံစံ ကျင့်သုံးရန် ရည်ရွယ်ထားကြောင်း ကော်မရှင်အဖွဲ့ဝင် တစ်ဦးက ရှင်းပြသည်ဟု အဆိုပါ ပါတီ တာဝန်ရှိသူက ဆိုသည်။
နှစ်ရက်တာ ဆွေးနွေးပွဲတွင် ကော်မရှင် အဆိုပြုသည့် PR ပုံစံကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခြင်းမရှိ၍ ယခုထက် ပိုမိုအသေးစိတ်ကျသည့် အချက်အလက်များကိုမူ မသိရပေ။
Close List ပုံစံသည် ပါတီတစ်ခု၏ လျာထားကိုယ်စားလှယ်လောင်းစာရင်းကို မဲဆန္ဒရှင်က တွေ့မြင်ရခြင်းမရှိဘဲ ပါတီကိုသာ မဲပေးရသည့် PR စနစ် တစ်မျိုးဖြစ်ကာ Open List တွင် မဲဆန္ဒရှင်က ကိုယ်စားလှယ်လောင်းကို သိရှိပြီး ပါတီနှင့် ကိုယ်စားလှယ်လောင်းကို ချိတ်ဆက်စဉ်းစား၍ မဲပေးနိုင်မည့် PR စနစ် တစ်မျိုးဖြစ်သည်။
Close List ပုံစံဖြင့် ရွေးကောက်ပွဲ နှစ်ကြိမ် ဖြတ်သန်းပြီးမှ Open List ပုံစံ ပြောင်းလဲသင့်ကြောင်း ဆွေးနွးပွဲတွင် ပြည်သူ့ရှေ့ ဆောင်ပါတီက ထောက်ခံ ဆွေးနွေးကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြပါရှိပြီး ပါတီအချို့ကမူ Open List ပုံစံ ကျင့်သုံးစေလိုသည့် သဘောထားရှိကြောင်း သိရသည်။
ဆွေးနွေးပွဲ တက်ရောက်သည့် ပါတီအများစုက PR စနစ် ပြောင်းလဲမှုအပေါ် ကြိုဆိုကြောင်း မှတ်ချက်များ ပြုသော်လည်း စနစ်အတွင်းရှိ လုပ်နည်းလုပ်ဟန်အချို့နှင့်ပတ်သက်၍ ယင်းပါတီများကြား၌ပင် ကွဲလွဲမှုရှိနေသည်။
“ နှစ်ခု ကျွန်တော်တို့နဲ့ သဘောထားကွဲလွဲတယ်။ PR သည် မြို့နယ်ကို အခြေမခံဘဲ လူဦးရေအပေါ်မှာ အခြေခံမှ မျှတမှုရှိမှာ။ လူဦးရေအပေါ်မှာ အခြေမခံဘဲနဲ့ မြို့နယ်ကို အခြေခံပြီး ခရိုင်ဖွဲ့တာ မျှတမှု ရှိ၊ မရှိ စဉ်းစားဖို့ လိုလာတာပေါ့။ နောက်တစ်ခုက တိုင်းဒေသကြီးနဲ့ ပြည်နယ်ကို PR လုပ်မယ်ပေ့ါ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်ကို PR လုပ်ရင် ပုဒ်မ ၁၆၁ နဲ့ ၁၄၁ က ပေးထားပါသလားပေါ့။ ပြန်စဉ်းစားဖို့ လိုလာတာပေါ့။ အဲဒီ ပုဒ်မတွေမှာက မြို့နယ်တစ်မြို့နယ်ကို ကိုယ်စားလှယ် နှစ်ဦးကျစီ ဆိုပြီး တိတိကျကျ သတ်မှတ်ထားတာ။ ဆိုတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို အဲဒီလို PR လုပ်ရင် မြို့နယ်ကို အခြေခံပြီး မြို့နယ်ကို ကိုယ်စားပြုမယ့်သူ ဘယ်ရောက်သွားတုန်း။ တိုင်းဒေသကြီး အစိုးရနဲ့ တိုင်းဒေသကြီးလွှတ်တော်ကို ဘယ်သူက တာဝန်ခံမှာလဲ။ အဲဒါတွေလည်း ဖြစ်လာစရာ ရှိတာပေါ့” ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အထွေထွေအတွင်းရေးမှူး ဦးအောင်ဇင်က ပြောကြားသည်။
အချို့ပါတီများကလည်း မဲဆန္ဒနယ် ခွဲဝေရာတွင် ခရိုင်အလိုက် အခြေခံခြင်းကို သဘောတူပြီး သို့မှသာ ညီမျှမှုရှိမည်ဖြစ်ကြောင်း ဆိုပြန်သည်။
“ ခရိုင် အခြေခံတာကို သဘောတူတယ်။ ဘာလို့ဆိုတော့ ရှမ်းပြည်နယ်မှာ လူဦးရေ များတဲ့မြို့နယ်တွေ ရှိတယ်လေ။ အဲဒါ လူဦးရေနည်းတဲ့ ခရိုင်ကို လာပေါင်းလိုက်တဲ့အခါမှာ နည်းနည်း ညီမျှသွားတာပေါ့” ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။
မဲဆန္ဒနယ်သတ်မှတ်ရာတွင် မြို့နယ်ကို အခြေခံမည်လား၊ လူဦးရေကို အခြေခံမည်လားဆိုသည်က လာမည့် ဆွေးနွေးပွဲများတွင် ထပ်မံဆွေးနွေး အဖြေရှာနိုင်သော်လည်း ၂၀၀၈ အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များတွင် PR စနစ် ကျင့်သုံးပြီး ရွေးကောက်ပွဲ ကျင်းပရန် အခက်အခဲရှိကြောင်း လေ့လာသူအချို့က ထောက်ပြသည်။
အခြေခံဥပဒေတွင် မည်သည့်စနစ်ဖြင့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရမည်ဟု မပါရှိသော်လည်း ပြည်သူ့လွှတ်တော်ကို တစ်မြို့နယ်လျှင် တစ်ဦး၊ တိုင်းနှင့် ပြည်နယ်လွှတ်တော်ကို တစ်မြို့နယ်လျှင် နှစ်ဦးကျစီ ရွေးကောက်ရမည်ဆိုသော ပြဋ္ဌာန်းချက် ရှိသည်။
သို့သော် ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက PR စနစ်ကို အမျိုးသားလွှတ်တော်အတွက် ဆောင်ရွက်နိုင်သလို ကျန်လွှတ်တော်နှစ်ရပ်အတွက်လည်း လိုအပ်သည့် ဥပဒေများ ပြင်ဆင်ပါက ဆောင်ရွက်နိုင်သည့် အနေအထားရှိကြောင်း ပြောကြားထားသည်။
“ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာများ ရရှိပြီးဖြစ်တဲ့အတွက် ပြင်ဆင်နိုင်တဲ့ ဥပဒေများကို ပြင်ဆင်နိုင်ပါတယ်။ နည်းဥပဒေကတော့ ကော်မရှင်ရဲ့ ပြင်ဆင်ပိုင်ခွင့် ဖြစ်ပါတယ်။ အမိန့် ကြေညာစာနဲ့ ပြင်လို့ ရပါတယ်” ဟု ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။
ထိုသို့ ကွဲလွဲမှုအချို့ရှိသည့်တိုင် PR စနစ် ကျင့်သုံးဆောင်ရွက်ရေးမှာ ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေး ဆွေးနွေးပွဲများကို မပြတ်တက်ရောက်လျက်ရှိသည့် ပါတီများ၏ တူညီသောရည်မှန်းချက် ဖြစ်သည်။
“ နိုင်ငံပေါင်း ၁၉၀ မှာ PR ကျင့်သုံးတာ ၁၁၀ ကျော်ပြီဗျာ။ FPTP ကျင့်သုံးတာ ၇၀ ပဲ ရှိတော့တယ်လေ။ အဲဒီတော့ PR စနစ် ကျင့်သုံးတာက ကောင်းလို့ပေါ” ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။
PR ကို ဘယ်ပါတီတွေ ထောက်ခံပြီး ဘယ်ပါတီတွေ ကန့်ကွက်သလဲ
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်စာရင်းအရ တည်ဆဲနိုင်ငံရေးပါတီ ၉၃ ပါတီရှိပြီး ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲစနစ် ပြောင်းလဲရေး ဆွေးနွေးပွဲများသို့ တက်ရောက်ဆွေးနွေးရန် ပါတီအားလုံးကို ဖိတ်ကြားသည်ဟု ဆိုသည်။
သို့သော် ပါတီ ၅၀ ကျော်သာ ကော်မရှင်၏ ရွေးကောက်ပွဲစနစ် ပြောင်းလဲရေး ဆွေးနွေးပွဲများတွင် ပူးပေါင်းပါဝင်ပြီး ပါတီ ၄၀ နီးပါး ဆွေးနွေးပွဲ တက်ရောက်ခြင်းမရှိကြောင်း သိရသည်။
ရွေးကောက်ပွဲစနစ် ပြောင်းလဲရေး ဆွေးနွေးပွဲတက်ရောက်သည့် ပါတီတိုင်း PR စနစ်ကို ကြိုက်နှစ်သက်သည်ဟု ပြောဆိုရန် ခက်ခဲသော်လည်း ပွဲတက်ရောက်သည့် ပါတီအများစုမှာ ယင်းစနစ်ကို ကြိုက်နှစ်သက်ပြီး အကောင်အထည်ဖော်ရန် လိုလားသည်ကို သတင်းဖော်ပြချက်များအရ သိရသည်။
နိုဝင်ဘာ ၅ ရက်နှင့် ၆ ရက်က ပြုလုပ်သည့် ဆွေးနွေးပွဲနှင့်ပတ်သက်၍ နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြချက်အရ ဒီမိုကရေစီနှင် ့ငြိမ်းချမ်းရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်)၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီတို့က စာတမ်းဖတ်ကြားခဲ့ကြောင်း သိရသည်။
ယင်းပါတီများ ဖတ်ကြားခဲ့သည့် စာတမ်းတွင် မည်သည့်အချက်များ ပါဝင်သည်ကို အသေးစိတ် မသိရသော်လည်း မဲများသူအနိုင်ရ (FPTP) စနစ်ကို ဝေဖန်ကာ PR စနစ်ကို အပြုသဘောရှုမြင်ချက်များ တင်ပြထားသည်ကို ကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။
“FPTP စနစ်၏ အားနည်းချက်ကြောင့် လွှတ်တော်တွင်း အနိုင်ရ ပါတီတစ်ခုတည်းက လွှမ်းမိုးခြင်း၊ ထိုအနိုင်ရပါတီ၏ အကျိုးကို လွှတ်တော်တွင်း ဖော်ဆောင်၍ ပြည်သူ့အကျိုးကို မျက်ကွယ်ပြုလာခြင်း၊ တိုင်းရင်းသားပါတီများ၏ အသံထွက်ခွင့်၊ ပါတီစုံ ပါဝင်ခွင့်မရသဖြင့် ကျန်ပါတီများကို ထောက်ခံသော ပြည်သူများပေးခဲ့သော မဲများ Waste ဖြစ်သည့် ဆိုးကျိုးများ ခံစားခဲ့ရသည်” ဟု အမျိုးသားနိုင်ရေး မဟာမိတ်များ အဖွဲ့ချုပ်ပါတီမှ ဒေါ်ဝင်းကေခိုင်အေးက ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
PR စနစ် ကျင့်သုံးခြင်းဖြင့် အနိုင်ရပါတီတစ်ခု၏ လွှမ်းမိုးမှုမှ ရှောင်ရှားနိုင်ပြီး ပါတီငယ်များ၊ လူမျိုးစု တိုင်းရင်းသားပါတီများ လွှတ်တော်တွင်း ကိုယ်စားပြုမှု အခွင့်အရေး ပိုမိုရရှိနိုင်ခြင်း၊ မဲအလေအလွင့် နည်းပါးခြင်းနှင့် အပြန်အလှန် ထိန်းကျောင်းမှု အားကောင်းလာခြင်းတို့ဖြစ်စေ မည်ဆိုသည်က ယင်းပါတီများ၏ အဓိကအကြောင်းပြချက် ဖြစ်သည်။
“ တရားမျှတမှုရှိလို့ ကျင့်သုံးစေချင်တာပေါ့။ ပေးတဲ့မဲတွေက အဟောသိကံ မဖြစ်ဘူး။ အကျိုးရှိတယ်ပေါ့” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက PR စနစ် ကျင့်သုံးလိုသည့် အကြောင်းရင်းကို အတိုချုံးမှတ်ချက်ပြုသည်။
တစ်ဖက်တွင်လည်း ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတို့ တွင် လူထုထောက်ခံမှုအများအပြား ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပါတီအချို့က လွှတ်တော်တွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ရှိနေသေးခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်နိုင်သေးခြင်းတို့ကို ထောက်ပြကာ PR စနစ် ကျင့်သုံးခြင်းကို ကန့်ကွက်လျက် ရှိသည်။
နိုဝင်ဘာ ၁၂ ရက်က ထုတ်ပြန်သည့် ပြည်သူ့ပါတီ၏ ရွေးကောက်ပွဲ စနစ်ဆိုင်ရာ အကြံပြုချက်စာတမ်းတွင်လည်း လွှတ်တော်အသီးသီးတွင် တပ်မတော်မှ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်မှုသည် လက်ရှိအခြေအနေအရ ဆက်လက်တည်ရှိနေသော်လည်း မည်သည့်အချိန်၊ မည်သည့် အခြေအနေတွင် ယင်းအချိုးအစားကို လျှော့ချသွားမည်ဆိုသည့် ခိုင်မာသည့် ကတိပြုမှုကို တပ်မတော်အနေဖြင့် ပြုလုပ်ပေးရန် လိုအပ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
တပ်မတော်မှ လွှတ်တော်အသီးသီးတွင် ၂၅ ရာခိုင်နှုန်း ရယူထားပြီး PR စနစ်ကြောင့် တစ်ပါတီတည်း အနိုင်မရနိုင်သည့်အခါတွင် ဥပဒေ ပြုအာဏာအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် ဗီတို အာဏာ ကိုင်စွဲထားရုံသာမကတော့ဘဲ အုပ်ချုပ်ရေးအာဏာအတွက် လက်ရှိအရေးပါသည့် ဝန်ကြီးဌာန သုံးခုအပြင် အစိုးရဖွဲ့စည်းနိုင်ရေးတွင်ပါ တပ်မတော်၏ ထောက်ခံမှု အရေးပါလာမည့်အခြေအနေ ပေါ်ပေါက်လာနိုင်ကြောင်း ပြည်သူ့ပါတီ၏ စာတမ်းတွင် ဖော်ပြပါရှိသည်။
“ ပါတီနိုင်ငံရေး အကျိုးစီးပွားနဲ့ ပြောမယ်ဆိုရင် PR ဟာ ကျွန်တော်တို့လိုမျိုး ပါတီတွေအတွက် အခွင့်အလမ်း ပိုရလာမယ်။ သို့သော်လည်း PR နဲ့ တစ်ဆက်တည်း စဉ်းစားရမယ့် ကိစ္စတွေက ရွေးကောက်ပွဲစနစ်ကို စဉ်းစားရင် ၇၅ ရာခိုင်နှုန်းကို ကွက် ပြီး စဉ်းစားလို့မရဘူး။ ၁၀၀ ရာခိုင်နှုန်းအပေါ်မှာ စဉ်းစားတဲ့ စဉ်းစားချက်မျိုး ဖြစ်ဖို့လိုတယ်။ နောက်တစ်ခုကလည်း တစ်ပါတီတည်း အနိုင်မရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်လိုက်လို့ရင် စစ်တပ်က ၂၅ ရာခိုင်နှုန်း အခိုင်အမာရှိထားပြီး ဖြစ်တဲ့အတွက်ကြောင့် အစိုးရဖြစ်ဖို့ကိုပါ စစ်တပ် ၂၅ ရာခိုင်နှုန်းရဲ့ ထောက်ခံမှုက ပိုပြီးတော့ အရေးပါလာတဲ့ သဘောမျိုးဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့က စစ်တပ်ရဲ့အခန်းကဏ္ဍကို လျှော့ချရမဲ့အစား ပိုပြီးတော့ ကြီးထွားလာမယ်” ဟု ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။
ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေးသည် နည်းပညာ ပြဿနာမဟုတ်ဘဲ နိုင်ငံရေးပြဿနာဖြစ်ကာ လက်ရှိ ပြဿနာများကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘဲ၊ မဲဆန္ဒရှင်များ၏ အမြင်သဘောထား၊ အနာဂတ် ရေရှည်အကျိုးဆက်များကို တွက်ဆခြင်းမရှိဘဲ ဆုံးဖြတ်ခြင်းသည် ပြသာနာများကို ပိုမိုရှုပ်ထွေးစေမည်ဟု ပြည်သူ့ပါတီ၏ စာတမ်းတွင် ဖော်ပြထားသည်။
“ ဘာကြောင့်လဲဆိုတော့ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရဆိုရင် နှိုင်းယှဉ်ရင် နှစ်ခုပေါ့။ အဲဒီတော့ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရမှာ လွှတ်တော် မပျက်ဘူး။ လွှတ်တော်ရှိနေတယ်။ အိမ်စောင့်အစိုးရက ရွေးကောက်ပွဲ လုပ်တယ်ဆိုတဲ့အခါမှာလည်းပဲ ရွေးကောက်ပွဲစနစ်ကို ပြုပြင်ပြောင်းလဲတာတို့ အစရှိတာမျိုးတွေ မလုပ်ခဲ့ဘူး။ ဒါကြောင့် ဒီကာလဟာ နိုင်ငံရေးအင်မတန် အကဲဆတ်တဲ့အချိန်မှာ လတ်တလော ပြဿနာတွေကိုတောင်မှ မဖြေရှင်းနိုင်သေးဘဲနဲ့ နောက်ထပ်ပြဿနာ အသစ်တစ်ခုထပ်ပြီး ပေါ်ပေါက်မယ့်ကိစ္စမျိုးကိုတော့ သတိထားသင့်တယ်လို့ ကျွန်တော်တော့ မြင်ပါတယ်” ဟု ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။
နိုင်ငံရေး လေ့လာသူ ဦးရဲထွန်း (သီပေါ) ကမူ ယခုအချိန်တွင် ရွေးကောက်ပွဲစနစ် ပြင်ဆင်ပြောင်းလဲခြင်းကို ထောက်ခံကြောင်း မှတ်ချက်ပြုသည်။
၂၀၀၈ အခြေခံဥပဒေတွင် ရွေးကောက်ပွဲ အနိုင်ရပါတီမှ ခန့်အပ်သော သမ္မတက ရွေးကောက်ပွဲ ကော်မရှင်အား ခန့်အပ်နိုင်ခြင်း၊ ရွေးကောက်ပွဲ အငြင်းပွားမှုများ ပေါ်ပေါက်ရာတွင် သမ္မတက ခန့်အပ်ထားသည့် ရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သည် အပြီးအပြတ် အတည်ဖြစ်ခြင်းစသည့် ရွေးကောက်ပွဲ အနိုင်ရပါတီ အသာစီးရစေမည့် အချက်အချို့ ပါဝင်နေခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ နောင်လာမယ့် ရွေးကောက်ပွဲမှာ ဆိုကြပါစို့။ NLD မပါတော့လို့ ပြည်ခိုင်ဖြိုးက နိုင်သွားတယ်ဆိုရင် ပြည်ခိုင်ဖြိုးက အဲဒီစိတ်ပြန်ဝင်သွားနိုင်တယ်။ အခုတော့ သူတို့က ပြင်ချင်တယ်ဆိုတဲ့ သဘောထားရှိကောင်း ရှိမှာပေါ့နော်။ ၂၀၁၅ မှာလည်း ရှုံးတယ်။ ၂၀၂၀ မှာလည်း ရှုံးတဲ့အခါကျတော့ ပြင်ချင်တဲ့စိတ် ရှိကောင်းရှိမယ်။ ဒါပေမဲ့ NLD က နစကက လုပ်ပေးမယ့်၂၀၂၃ မှာ မပါဘူးဆိုရင် သူက (ပြည်ခိုင်ဖြိုးပါတီ) နိုင်ဖို့ များတယ်။ သူက နိုင်သွားရင် အစိုးရ ဖြစ်သွားရင် စိတ်က ပြောင်းချင်ပြောင်းသွားမှာ။ ဘာကြောင့်တုန်းဆို ၂၀၀၈ အခြေခံ ဥပဒေက အဲဒီလို အနိုင်ရတဲ့ပါတီက လုပ်ပိုင်ခွင့်တွေ အများကြီး ပေးထားလို့။ မတရားတဲ့ လုပ်ပိုင်ခွင့်တွေပေါ့နော်။ ဒါကြောင့်မို့ အခုနေပြင်မယ်ဆိုတာ ကျွန်တော်ကတော့ သဘောကျတယ်။ ပြင်လို့ရတဲ့အချိန် ပြင်ထားလိုက်တာကောင်းတယ်” ဟု ဦးရဲထွန်း (သီပေါ) က ပြောကြားသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲ မကျင်းပမီ ပထမအကြိမ် လွှတ်တော်ခေါ်ယူနေစဉ်ကာလ ၂၀၁၂ ခုနှစ်တွင် PR စနစ်ကျင့်သုံးရေး အဆိုတင် ဆွေးနွေးမှုများ စတင်ပေါ်ပေါက်ခဲ့သည်။
ရွေးကောက်ပွဲများတွင် PR စနစ် ကျင့်သုံးရန် NDF ပါတီမှ ကိုယ်စားလှယ်များ အဆိုတင်မှုအပေါ် ပြည်ခိုင်ဖြိုးပါတီနှင့် ပါတီအချို့ ထောက်ခံဆွေးနွေးခဲ့သော်လည်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရပြီး လွှတ်တော်တွင်း ဝင်ရောက်လာသည့် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား ပါတီအချို့က ကန့်ကွက်ခဲ့ကြသည်။
ထိုစဉ်က အခြေခံဥပဒေဆိုင်ရာခုံရုံးအထိ တင်သွင်းကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ပါတီအချို့ ၏ ရွေးကောက်ပွဲစနစ် ပြောင်းလဲရေး ကြိုးပမ်းမှုများ ရပ်တန့်နေခဲ့ရာမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းတွင် PR စနစ် အကောင်အထည်ဖော်ရန် ဆွေးနွေးမှုများပြန်လည် တွေ့မြင်လာရခြင်း ဖြစ်သည်။
ယခုတွင်မူ နိုင်ငံတော် တာဝန် ရယူထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်က အားလုံးပါဝင်နိုင်ပြီး အချိုးကျကိုယ်စားပြုသည့် PR စနစ်ကျင့်သုံးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားထားခြင်းကြောင့် ယင်းစနစ်ကို အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်သူ အများအပြား ရှိနေသည်။
PR မှာလည်း အားသာချက်၊ အားနည်းချက် ကိုယ်စီ
လွှတ်တော်တွင်း ပါတီစုံလင် ကွဲပြားမှုကို အားပေးသည်ဆိုကာ လက်ရှိကျင့်သုံးနေသော မဲများသူ အနိုင်ရ (FPTP) စနစ်နေရာတွင် အစားထိုးရန် စဉ်းစားမှုများ ရှိနေသည့် အချိုးကျကိုယ်စားပြုစနစ် (PR) တွင် အားသာချက်များရှိသလို အားနည်းချက်များလည်း ရှိကြောင်း သုတေသန စာတမ်းများအရ သိရသည်။
လက်ရှိ UEC အသစ်က ကြိုးပမ်း အကောင်အထည်ဖော်နေသည့် PR စနစ်ကျင့်သုံးဖြစ်ပါက ယခင်အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်ကဲ့သို့ တစ်ပါတီကြီးစိုးသည့်အစိုးရများကို တွေ့မြင်ရဖွယ်မရှိဘဲ ညွန့်ပေါင်းအစိုးရအသွင်သဏ္ဌာန် ပေါ်ပေါက်ဖွယ်ရှိသည်။
စနစ်တစ်ခုချင်းစီသည် မတူညီသော သက်ရောက်မှုများ ဖြစ်စေပြီး မတူညီသော ရည်ရွယ်ချက်များကို ဖြည့်ဆည်းကြရာ နိုင်ငံတိုင်းသည် PR စနစ်နှင့် မဲများသူအနိုင်ရစနစ်ကြား မည်သည့်စနစ်က ၎င်းအခြေအနေနှင့် ပိုဆီလျော်သည်ကို အသေအချာဆုံးဖြတ်ရန် လိုအပ်သည်ဟု သံလွင်ပြည်သူ့ရေးရာ မူဝါဒလေ့လာရေးအဖွဲ့၏ လမ်းဆုံလမ်းခွက ရွေးကောက်ပွဲစနစ်ဆိုသည့် စာတမ်းတစ်စောင်တွင် ထောက်ပြထားသည်။
၂၀၂၀ အောက်တိုဘာက ထုတ်ဝေသည့် အဆိုပါစာတမ်းတွင် နိုင်ငံရေး အပြောင်းအလဲကို ဖြစ်ပေါ်စေနိုင်ပြီး လူ့အဖွဲ့အစည်း၏ တည်ငြိမ်မှုအပေါ်လည်း လွှမ်းမိုးမှုရှိနိုင်သောကြောင့် မှန်ကန်သောရွေးကောက်ပွဲစနစ် ရွေးချယ်ရန် လွန်စွာအရေးကြီးကြောင်း ရေးသားထားသည်။
“ ရွေးကောက်ပွဲစနစ်တစ်ခုသည် နိုင်ငံတစ်နိုင်ငံအတွက် ဆီလျော်သင့်တော်သော်လည်း အခြား နိုင်ငံတစ်ခုအတွက်မူ ဆီလျော်ချင်မှ ဆီလျော်လိမ့်မည်ဟူသည် အချက်ကို သတိချပ်ရန်လိုသည်” ဟု သံလွင်ပြည်သူ့ရေးရာမူဝါဒလေ့လာရေးအဖွဲ့၏စာတမ်းတွင် ဖော်ပြထားသည်။
PR စနစ်၏ မဲပေးရ လွယ်ကူရိုးရှင်းမှုမရှိခြင်းက ခေတ်အဆက်ဆက် FPTP စနစ်ဖြင့် ယဉ်ပါးလာသော မြန်မာပြည်သူလူထုအတွက် အဓိကစိန်ခေါ်မှုဖြစ်မည်ဟု သုတေသနစာတမ်းအချို့တွင် ဖော်ပြထားပြီး ပါတီတာဝန်ရှိသူအချို့ကလည်း ယင်းအတိုင်းပင် မှတ်ချက်ပြုသည်။
ထို့ကြောင့် PR စနစ် ကျင့်သုံးမည်ဆိုလျှင် မဲဆန္ဒရှင် အသိပညာပေးခြင်းကို မည်သို့ဆောင်ရွက်မည် ဆိုသည်က လွန်စွာအရေးကြီးကြောင်း ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ထောက်ပြသည်။
“ အဓိကအရေးကြီးတာက မဲဆန္ဒရှင်ပဲ။ မဲဆန္ဒရှင်တွေက မဲပေးတတ်ဖို့ အရေးကြီးတယ်။ မြန်မာနိုင်ငံမှာက လွတ်လပ်ရေးရကတည်းက လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေက FPTP ပုံစံပဲ လုပ်ခဲ့တာ။ ရွေးကောက်ပွဲစနစ်ဆိုတာ ကိုယ့်နိုင်ငံနဲ့ သင့်တော်တဲ့ ရွေးကောက်ပွဲစနစ်တစ်ခုကို မဲဆန္ဒရှင်တွေနဲ့ သင့်တော်တဲ့ ရွေးကောက်ပွဲတစ်ခုကို ဖန်တီးရတာ ဖြစ်တယ်။ ကိုယ်လိုသလိုဆွဲပြီး ရွေးကောက်ပွဲစနစ်တစ်ခုကို အဲဒီလို သွားလုပ်ရင် အဆင်မပြေနိုင်ဘူး” ဟု ဦးသာထွန်းလှက ပြောကြားသည်။
PR စနစ်သည် အတိုက်အခံပါတီများ အားကောင်းစွာ ပေါ်ပေါက်လာစေရန် အထောက်အကူ ပြုသော်လည်း PR စနစ်ကို ပြောင်းလဲကျင့်သုံးရုံသက်သက်ဖြင့် ကိုယ်စားပြုဒီမိုကရေစီကရေစီကို အပြည့်အဝဖန်တီးနိုင်မည် မဟုတ်ကြောင်း သံလွင်ပြည်သူ့ရေးရာမူဝါဒလေ့လာရေးအဖွဲ့က ၎င်းတို့၏ စာတမ်းတွင် ထောက်ပြထားသည်။
ရွေးကောက်ပွဲစနစ်ကို ပြုပြင်ပြောင်းလဲခြင်းအပြင် မဲပေးသူဦးရေ မြင့်မားလာစေရေး၊ မဲဆန္ဒရှင်များ၏ မဲပေးမှု အစဉ်အလာ၊ ပါတီမူဝါဒများ၊ စည်းရုံးရေးဗျူဟာများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းတို့၏ ထင်ပေါ်ကျော်ကြားမှုတို့ကလည်း ရွေးကောက်ပွဲရလဒ်အပေါ် သက်ရောက်မှုရှိကြောင်း အဆိုပါစာတမ်းတွင် ဖော်ပြပါရှိသည်။










