မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မူလတန်း ကျောင်းအုပ်ဆရာမ ဇနီးမောင်နှံအား သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဆရာမဖြစ်သူသေဆုံးပြီး အမျိုးသားမှာ စိုးရိမ်ဒဏ်ရာများ ရရှိခဲ့သည့်ဖြစ်စဉ် နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဝမ်းတွင်းမြို့နယ်၊ သုံးထောင့်အိုင်ကျေးရွာအုပ်စု၊ကျင်းရွာတွင်နေထိုင်သည့် ညောင်ကားယားကျေးရွာ မူလတန်းကျောင်းအုပ်ဆရာမဖြစ်သူ ဒေါ်စိန်ကြည်(၄၅နှစ်)နှင့် ခင်ပွန်းဖြစ်သူ ဦးဇော်မိုး(၄၅နှစ်)တို့သည် ၎င်းတို့နေအိမ်တွင်ရှိနေစဉ် ဆိုင်ကယ်တစ်စီးအား အမည်မသိအမျိုးသားနှစ်ဦးမှမောင်းနှင်လာပြီး ဇနီးမောင်နှံနှစ်ဦးလုံးအား သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်းသိရသည်။
" ဆရာမက တစ်ခြားရွာက မူလတန်း ကျောင်းအုပ်ဆရာမပါ။သူတို့အိမ်မှာက ဝပ်ရှော့နဲ့ ကုန်စုံဆိုင်ဖွင့်ထားတယ်။လူအဝင်ထွက်ကရှိတာပေါ့။ အဲဒီမှာ လူနှစ်ယောက် ဆိုင်ကယ်တစ်စီးလို့ ပြောတယ်။ ဆရာမရော သူ့အမျိုးသားရော နှစ်ယောက်လုံးကို ပစ်သွားကြတာ။ ဆရာမက အခင်းဖြစ်နေရာမှာတင် ဆုံးတယ်။ အမျိုးသားကလည်း သေနတ်ဒဏ်ရာကများတော့ စိုးရိမ်ရတယ်"ဟု အဆိုပါကျေးရွာတွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
ထိုကဲ့သို့ သေနတ်ပစ်ခတ်ခဲ့မှုကြောင့် ဆရာမ၏ ချိုင်းနှင့်ရင်အုံအောက်တို့တွင် သေနတ်ကျည်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး အမျိုးသားဖြစ်သူမှာ လက်မောင်းနှစ်ဖက်နှင့်ရင်ဘတ်တို့တွင် ကျည်ဖောက်ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံတွင် အရေးပေါ်ကုသမှုခံယူနေရဆဲဖြစ်ကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာ ၅ ရက်၊ နံနက် ၈ နာရီခွဲခန့်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် အထက်တန်းပြ ကျောင်းဆရာမတစ်ဦးသည် တက္ကစီဖြင့် စီးနင်း လိုက်ပါလာစဉ် သုဓမ္မာလမ်းမပေါ်တွင် သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။















