ဖရွန်တီးယားသတင်းဌာန၏ သတင်းခန်းအုပ်ချုပ်မှုအယ်ဒီတာ အမေရိကန်နိုင်ငံသား ဒန်နီဖစ်စတာ ထောင် ၁၁ နှစ်နှင့် ဒဏ်ငွေတစ်သိန်း ချမှတ်ခံရကြောင်း ၄င်းဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က အတည်ပြုပြောကြားသည်။
နိုဝင်ဘာ ၁၂ ရက် (ယနေ့) တွင် အင်းစိန်ထောင်အတွင်းရှိ အထူးတရားရုံးတွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
“ သတင်းကို အတည်ပြုပါတယ်။ ဖုန်းဖြေဖို့အဆင်မပြေသေးလို့။ ထောင် ၁၁ နှစ်နဲ့ ဒဏ်ငွေ တစ်သိန်းကျပ်ပါ” ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။
အမေရိကန်နိုင်ငံသား ဒန်နီဖစ်စတာအား အင်းစိန်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် အမိန့်ချမှတ်ခဲ့ပြီး အမှုမှာ သုံးခုဖြစ်ကြောင်း သိရသည်။
ဒန်နီမှာ ပြီးခဲ့သည့် မေလ နောက်ဆုံးအပတ်က မိသားစုရှိရာ အမေရိကန်နိုင်ငံကို ပြန်ရန် ရန်ကုန်လေဆိပ်သို့ ရောက်နေစဉ် လုံခြုံရေးတပ်ဖွဲ့များ ဖမ်းဆီးခြင်းခံခဲ့ရခြင်း ဖြစ်သည်။















