ခြောက်ကွေ့အက်ဆေး

ခြောက်ကွေ့အက်ဆေး
မြောက်ဥက္ကလာပမြို့နယ် ခြောက်ကွေ့အနီး ကန်သာယာပန်းခြံကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
မြောက်ဥက္ကလာပမြို့နယ် ခြောက်ကွေ့အနီး ကန်သာယာပန်းခြံကို ယခုရက်ပိုင်းအတွင်း တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 11 November 2021
နိုင်မြင့်

မြောက်ဥက္ကလာပ၏ လူအစည်ကားဆုံး နေရာတစ်နေရာကို ပြပါဆိုလျှင် ခြောက်ကွေ့ကို ပြရပါလိမ့်မည်။ နံပါတ် (၆) ဘတ်စ် ကားများ ကွေ့သောနေရာဖြစ်သဖြင့် ခြောက်ကွေ့ဟုခေါ်ခဲ့ရာမှ နာမည်တွင်သွားခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ သို့သော် “လေထန်ကုန်း” လက်ဖက်ရည်ဆိုင်ကို နာမည်ပေးသော ပုဂ္ဂိုလ်များအား နောက်ကြောင်းခံစုံစမ်း၍ လွယ်ကူမည်ဖြစ်သော်လည်း ခြောက်ကွေ့ဟု စတင်အမည်ပေးခဲ့သူကိုတော့ ရှာဖွေရန် မလွယ်ကူဟု ထင်မိသည်။ တကယ်တော့လည်း ခြောက်ကွေ့ဆိုသည်မှာ လမ်းလေးခွ ဆုံ နေရာတစ်ခုကို ခေါ်ဆိုခြင်းပင်ဖြစ်သည်။ အမှတ် (၃) လမ်းမကြီးနှင့် ဝေဘာဂီလမ်းတို့ ဆုံရာတစ်ဝိုက်တွင်ရှိသော ဧရိယာကို ခြောက်ကွေ့ဟု ခေါ်ခြင်းပင်ဖြစ်သည်။

ကျွန်တော်သည် ကိုးတန်း၊ ၁၀ တန်း အထက်တန်း ကျောင်းသားဘဝကို ကန်သာယာလမ်းဆုံတွင်ရှိသော အထက (၃)မြောက် ဥက္ကလာပတွင် ကျောင်းတက်ခဲ့သည်။ ကန်သာယာလမ်းဆုံနှင့်ခြောက်ကွေ့သည် လှမ်းမျှော်ကြည့်လျှင် မြင်ရသော အကွာအဝေး ပင်ဖြစ်သည်။ ထိုစဉ်က နံပါတ် (၆) ကားများမှာ အမှတ် (၃) လမ်းမကြီးအတိုင်း မောင်းနှင်လာပြီး ဝေဘာဂီလမ်းမပေါ်သို့ ချိုးကွေ့ လိုက်ကာ ကပရဝင်းထဲမှာ ဂိတ်ဆုံးသည်။ နံပါတ် (၆) ကားများသာမက နံပါတ် (၅)ကားများကပါ ခြောက်ကွေ့တွင် ချိုးကွေ့ကြ သည်။ သို့သော် ငါးကွေ့ဟု အမည်မတွင်ခြင်းက နံပါတ် (၅) ကားများမှာ ကားအရေအတွက်ကလည်း နံပါတ် (၆) ကားများ လောက်မများပေ။

ထို့ပြင် နံပါတ်  (၆) ကားများကလည်း ကားများကသာ ဟောင်းနွမ်းနေသော်လည်း မောင်းလို့ရသလောက် မြန်မြန်မောင်းနှင်ကြ သည်။ တစ်စီးနှင့်တစ်စီး ပြိုင်၍မောင်းကြသည်။ ကားများမှာ ဘီအမ်ဟီးနိုးကားများနှင့် ရိန်းဂျားကားများဖြစ်သည်။ တချို့ကားများ ၏ ဂီယာတံမှာ လက်ကိုင်ဘုပင်မရှိတော့ဘဲ သံချောင်းသက်သက်ပဲ ဖြစ်နေသည်။ (၆) ကားများဘယ်လောက်ပဲ မောင်းမောင်း နဝဒေးရုပ်ရှင်နားသို့ ရောက်ရှိပြီး ရှစ်မိုင်ဘက်သို့ ချိုးကွေ့လိုက်သည်နှင့် ကုန်းအတက်ကို ကောင်းစွာ မရုန်းနိုင်ကြပါ။ မြေပြန့်တွင် အစွမ်းပြခဲ့ကြသော ကားအိုကြီးများမှာ ကုန်းတက်သောအခါ အင်ဂျင်ငယ်သံပါအောင် အော်မြည်၍တက်ရတော့သည်။ ဒါ တောင်မှ ကားက ကောင်းကောင်းမရွေ့ချင်။ ကုန်းထိပ်ကို လွန်မြောက်သွားသောအခါတွင်မူ ဆက်လက်၍ မြန်မြန်မောင်းနှင်ကြ ပြန်သည်။

ကျွန်တော် ကိုးတန်းနှစ်တုန်းကဆိုလျှင်  (၆) ကားများချိုးကွေ့ရာ  ကပရဝင်းကြီးထဲမှာ မြောက်ဥက္ကလာနှင့်သိမ်ကြီးစျေးသို့ ပြေးဆွဲသော နံပါတ် (၇) ဒေဝူးကားကြီးများရှိသည်။ ထွက်ခွာနီးကားသုံးလေးစီးခန့်က ခြောက်ကွေ့ထိပ်နား ဝေဘာဂီလမ်းမပေါ်မှာ ရပ်ထားသည်။ ထိုကားကြီးများက ခြောက်ကွေ့ကို ဖြတ်၊ ဝေဘာဂီလမ်းအတိုင်းမောင်း၍ သုနန္ဒာလမ်းကိုဖြတ်ကာ ခေမာသီလမ်းပေါ်သို့ ပြန်တက်ကြသည်။ ကားများကပဲ ကြံ့ခိုင်မှုရော၊ အင်ဂျင်ပိုင်းပါ သိပ်မကောင်းတာ လား။ ကျွန်တော်တို့ဆီက ဒရိုင်ဘာများ ခြေစွမ်းပြတာကြောင့် များလားမသိ။ တစ်နှစ်ကျော်ကျော် နှစ်နှစ်အတွင်းလောက်မှာပင် ထိုဒေဝူးကားကြီးများမှာ ချုံးချုံးကျကုန်သည်။

ခြောက်ကွေ့တွင် နံပါတ် (၇) ကားကြီး များသာမဟုတ်။ မြောက်ဥက္ကလာဆူးလေဟု ခေါ်သော မထသကားကြီးများရှိသေးသည်။ ထိုကားကြီးများကတော့ ဒေဝူးလည်းပါသည်။  ဟွန်ဒိုင်းကားကြီးများပါသည်။  အင်ဂျင်ဖင်ထိုင် ဂျပန်ကားကြီးများလည်း ပါသည်။ ၎င်းကားကြီးများမှာ ခြောက်ကွေ့မှသည် ဆူးလေဗန္ဓုလပန်းခြံအထိ ပြေးဆွဲသော ကားကြီးများဖြစ်သည်။ ထို့ကြောင့် ရုံး တက်ချိန်မှလွဲ၍ တခြားအချိန်တွင် ထိုင်ခုံနေရာလိုချင်ပါက ခြောက်ကွေ့သို့သွားကာ ဂိတ်စမှစီးကြရသည်။ ဗိုက်ပူ၊ ချက်ကြီး အစ ရှိသည်ဖြင့်ခေါ်ကြသော  ၄၃ ကားကြီးများကတော့ ခြောက်ကွေ့အလွန် တစ်မှတ်တိုင်တွင် ဂိတ်စပါသည်။ ရွှေပေါက်ကံနှင့်ဆူးလေ ပြေးဆွဲသော ၄၃ ဟိုင်းလပ်ကားလေးများကတော့ ခြောက်ကွေ့ကို မဖြတ်သန်းပါ။ နောက်ပိုင်း ဒေဝူးကားကြီးများ ခေတ်ကုန်၍ မီနီဘတ်စ်များခေတ်သို့ ရောက်သောအခါတွင်လည်း ထိုကားများမှာ ခြောက်ကွေ့မှာပဲ ဂိတ်စ ကြသည်။

 ဝေဘာဂီမြို့သစ် ပေါ်ပေါက်လာသောအခါ မြို့နေလူထုမှာ သွားရေးလာရေး ခက်ခဲလှသည်။ မြရတနာ၊ နွယ်သာကီ အစရှိသော မှတ်တိုင်များကိုလာပြီး ဘတ်စ်ကား စီးကြရသည်။ သက္ကရာဇ် ၂၀၀၀ ဝန်းကျင် လောက်တုန်းက ခြောက်ကွေ့မှနေ၍ ဝေ ဘာဂီဘက်သို့ အောက်ဆိုက်ပြေးဆွဲသော ဟိုင်းလပ်ကားကလေးတွေလည်း ရှိသေးသည်။ ဟိုင်းလပ်ကားလေးတစ်စီးက ဝေဘာ ဂီလမ်းမပေါ်မှာ ရပ်ထားပြီး ခရီးသည်များကို စောင့်နေသည်။ ဘေးတန်းရော၊ အလယ်တန်းရော လူပြည့်မှထွက်သည်။ မှတ်မှတ်ရရ ပြောရလျှင်တော့ ကားခကို တစ်ယောက်ကို ၁၀ ကျပ်ဟု ထင်သည်။ ထိုကားကလေးများ ကို စီးခဲ့ဖူးသော်လည်း တစ်စီးတည်းကပဲ ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲနေတာလား။ ဒါမှမဟုတ် စုစုပေါင်း ဘယ်နှစီးရှိသလဲဆိုတာကိုလည်း အမှုမဲ့အမှတ်မဲ့ပင် ဖြစ်သည်။

မူလတုန်းကတော့ ခြောက်ကွေ့သည် မြောက်ဥက္ကလာပမှ ထွက်သော လိုင်းကားများ၏ မူလဂိတ်ရင်းဖြစ်သည်။ နောက်ပိုင်းတွင် အောင်မင်္ဂလာအဝေးပြေးကွင်း တည်ဆောက်လိုက်သောအခါ ကားကြီးများ၏ ဂိတ်သည် ခြောက်ကွေ့မှနေ၍ အောင်မင်္ဂ လာအဝေးပြေးသို့ ပြောင်းရွှေ့သွားသည်။ မြန်မာနိုင်ငံ အခြားမြို့များမှလာသော ခရီးသည်အတော်များများ ခြောက်ကွေ့ကို ဖြတ် သန်းသွားလာဖူးကြ၍ သိရှိကြမည်ထင်သည်။ ရေဝေးသချႋုင်းကို ဆောက်လုပ်ပြီး စီးသောအခါတွင်လည်း ခြောက်ကွေ့သည် နာရေးလိုက်ပို့သော အသုဘကားများ ဖြတ်သန်းရာ လမ်းဆုံတစ်ခု ဖြစ်လာသည်။

ဝေဘာဂီကသာ သိသိသာမပြောင်းလဲသော်လည်း ရွှေပေါက်ကံကတော့ ရပ်ကွက်များတိုးချဲ့ပြီး တိုးတက်ပြောင်းလဲလာသည်။ ထို့ကြောင့် ခြောက်ကွေ့သည် ရွှေပေါက်ကံ ဝင်ပေါက်မရောက်ခင် အနီးဆုံးလမ်းဆုံတစ်ခုဖြစ်လာသည်။ ရွှေပေါက်ကံသို့သွားသော ကားများကလည်း ခြောက်ကွေ့မှာ ခရီးသည် စောင့်နေကြသည်။ ထောက်ကြန့်၊ ပုလဲ အစရှိသော မြို့များသို့သွားသော ကားများကလည်း ခြောက်ကွေ့တွင် ခရီးသည်စောင့်နေကြသည်။ အင်းစိန်-တညင်းကုန်းသို့ သွား မည့်ကားများကလည်း ခြောက်ကွေ့မှာ ခရီးသည်စောင့်နေကြသည်။ ဘတ်စ်ကားများနှင့် တက္ကစီကားတချို့ကို သဘာဝဓာတ်ငွေ့ စီအန်ဂျီသုံး၍ မောင်းနှင်သောခေတ်သို့ ရောက်လာသောအခါတွင် ခြောက်ကွေ့၌ စီအန်ဂျီဆိုင်ကြီးတစ်ဆိုင် ပေါ်ပေါက်လာသည်။  မီးပျက်သောအခါများ၌ စီအန်ဂျီ တန်းစီသော ကားတန်းရှည်ကြီးကို တွေ့ရတတ်သည်။

သည့်နောက်ပိုင်း၌ ဝေဘာဂီမြို့သစ်တွင် ၁၅၇ (နောက်ပိုင်း ၆၄) ကားကြီးများ ပြေးဆွဲလာသဖြင့် သွားရေးလာရေး အရင်ကလို ဒုက္ခမရောက်တော့။ သေချာသည် တစ်ခုကတော့ ခြောက်ကွေ့သည် တစ်ခေတ် တစ်ခါတုန်းကလို ဘတ်စ်ကားများ၏ ဂိတ်စ မဟုတ်တော့သဖြင့် ခြောက်ကွေ့နေလူထုလည်း ကားပေါ်မှာ နေရာအလွယ်တကူမရနိုင်တော့။ ခြောက်ကွေ့၏ ပတ်ဝန်းကျင်နေ သောသူများသည် ဝေဘာဂီကားများကို စောင့်စီးရသည်။ ရွှေပေါက်ကံကားများကို စောင့်စီးရသည်။ ခရေပင်ရိပ်မွန်မှ စထွက် သောကားများကို စောင့်စီးခဲ့ရဖူးသည်။ ပုလဲမြို့သစ်မှလာသော ကားများကို စောင့်စီးရသည်။ ခြောက်ကွေ့သည် ဘတ်စ်ကားများ၏ အစပြုရာတစ်နေရာမှ ဖြတ်သန်းသွားလာရာနေရာတစ်ခုသို့ ရောက်ရှိသွားသည်။

ရက်ရှည်ရုံးပိတ်ရက်များနှင့် ကြုံကြိုက်ပါက အောင်မင်္ဂလာအဝေးပြေးသို့ ခရီးသည်များလွန်းသဖြင့် ခြောက်ကွေ့မှာ ကားများ ပိတ်ဆို့နေတတ်သည်။ ကန်သာယာလမ်းဆုံနှင့် ခြောက်ကွေ့ဆိုသည်မှာ လမ်းလျှောက်သွားလျှင် သိပ်မကြာသော်လည်း ကားပေါ်မှာထိုင်နေရင်း မိနစ် ၂၀၊ နာရီဝက်ခန့် ကြာတတ်သည်။ ခြောက်ကွေ့မီးပွိုင့်ပျက်နေလျှင် လမ်းပြမေးမည့်သူ တစ်ယောက်ယောက်မရှိသည့်အခါမျိုး၌ ဦးသည့် ယာဉ်က ဝင်ထွက်သည့် စနစ်ဖြစ်သဖြင့် ပို၍ကြန့်ကြာတတ်သည်။ ခြောက်ကွေ့၌ ကားများပိတ်ဆို့နေလျှင် အဝေးပြေးကားမမီမှာစိုးရိမ်သောခရီးသည်များက ဘတ်စ်ကားများ၊ အငှားယာဉ် များပေါ်မှဆင်း၍ ဆိုင်ကယ်ကယ်ရီများငှားကာ အောင်မင်္ဂလာ အဝေးပြေးဂိတ်သို့ အသော့နှင်ရပြန်သည်။

ခြောက်ကွေ့တွင် လက်ဖက်ရည်များ၊ စားသောက်ဆိုင်များ၊ အရက်ဆိုင်များအစရှိသော ဆိုင်မျိုးစုံကို တွေ့ရတတ်သည်။ အရင်တုန်းကတော့ “မဟာနွယ်” လက်ဖက်ရည်ဆိုင်ကြီး ရှိခဲ့သော်လည်း နောက်ပိုင်း၌ မရှိတော့။ ဘတ်စ်ကားများ၊ တက္ကစီ၊ အငှားယာဉ်များ၊ ဆိုင်ကယ်ကယ်ရီများ၊ စက်ဘီး၊ ဆိုက်ကားများနှင့် အလွန်စည်ကားသော နေရာတစ်ခုဖြစ်နေသည်။ ဆိုင်ကယ်ကယ်ရီ တရားဝင်ပြေးဆွဲခွင့် မရှိသော်လည်း ဆိုင်ကယ်သမားများမှာ ညောင်သီးလည်းစားရင်း လေးသံလည်း နားထောင်နေရသည်။ COVID-19 လှိုင်းလုံးများ အထွတ်အထိပ်ရောက်စဉ်က ခြောက်ကွေ့၏ မူလသင်္ကေတ လက္ခဏာများကို လျော့ပါးနေပါသည်။ ကိုဗစ်လှိုင်းလုံးများ လျော့ပါးလာသောနေ့ ရက်များတွင် ခြောက်ကွေ့သည် သူ၏ မူလဂုဏ်သိက္ခာကို ပြန်လည်ထိန်းသိမ်းချင်နေပုံရ၏။ ကိုဗစ်ကင်းစင်သော တစ်နေ့တွင် ခြောက်ကွေ့သည် ပြန်လည်ဦးမော့လာဦးမည်ဖြစ်သည်ဟု ထင်မိသည်။

ခြောက်ကွေ့တွင် နံပါတ်  (၆) ကားများ မပြေးဆွဲသည့်သည်မှာလည်း နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးနီးပင် ရှိတော့မည်ဖြစ်သည်။ သို့သော် ခြောက်ကွေ့၏  နာမည်မပျောက်ဘဲ သူ့ဂုဏ်သိက္ခာနှင့် ရပ်တည်နေသော မြောက်ဥက္ကလာပ၏ လူစည်ကားလှသည့် လမ်းဆုံ ကြီးတစ်ခုဖြစ်သည်။ အခြေခံလူတန်းစားများ၏ စားဝတ်နေရေးကို တတ်နိုင်သလောက် ရှာဖွေပေးသော နေရာလည်းဖြစ် သည်။ အောင်မင်္ဂလာအဝေးပြေးသို့ သွားသော မြန်မာနိုင်ငံဒေသအသီးသီး၏ ခရီးသည်များ ဖြတ်သန်းရာလည်း ဖြစ်သည်။ ရေဝေးသို့သွားသော အသုဘကားများထံမှ ကြားရသော သံဝေဂလင်္ကာများကို ကြားရသောနေရာလည်းဖြစ်သည်။

မြောက်ဥက္ကလာတွင်လည်း တစ်ချိန်တုန်းက အဝိုင်းကြီးရှိခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် အဝိုင်းကြီးကိုဖျက်၍ လမ်းလေးခွဆုံ ပြောင်းလဲပစ်လိုက်သည်။ အဝိုင်းကြီးမရှိတော့သော်လည်း အဝိုင်းကြီးဟူသော နာမည်မှာ တွင်ရစ်ကျန်ခဲ့သည်။ တောင် ဥက္ကလာပ ဝေဇယန္တာလမ်းနှင့် မေတ္တာလမ်းတို့ ဆုံသောနေရာတွင်လည်း ဗိုလ်အုန်းသီး စက်ဘီးထုတ်စက်ရုံရှိသဖြင့် ဗိုလ်အုန်းသီး ကွေ့ဟု ခေါ်ဝေါ်ခဲ့ကြသည်။ ယခုထိုစက်ရုံ မရှိတော့သော်လည်း ဗိုလ်အုန်းသီးကွေ့ဟုပင် ဆက်လက်ခေါ်ဝေါ်ခဲ့ကြပါသည်။ ထို နည်းတူစွာပင်ဖြစ်သည်။ (၆) ကားများမကွေ့ တော့သော်လည်း ခြောက်ကွေ့ဟူသော နာမည်မှာ တွင်ရစ်ကျန်ခဲ့ပါသည်။

ခြောက်ကွေ့၏ နာမည်ဖြစ်ပေါ်လာပုံကို သမိုင်းစာအုပ်များ၏ စာမျက်နှာထက်၌ မှတ်တမ်းမှတ်ရာ တင်ခြင်းမခံရပါ။ သို့သော် လူထုက ကင်ပွန်းတပ်ထားသော နာမည်တစ်ခုဖြစ်သဖြင့် ပျောက်ပျက်သွားဖို့ ခဲယဉ်းသည်ဟု ထင်မြင်မိပါသည်။         

Most Read

Most Recent