စပါးနည်းပြအဖြစ် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ကွန်တီက မိမိအနေဖြင့် ကောင်းမွန်ပြီး ဆွဲဆောင်မှုရှိသည့်ကစားဟန်ဖြင့် ကစားနိုင်အောင် စွမ်းဆောင်ပေးသွားမည်ဖြစ်ကြောင်း စပါးအသင်းအားပေးသူ ပရိသတ်များကို ကတိပေးပြောကြားခဲ့သည်။
စပါးအသင်းသည် မန်ယူအသင်းကို (၀-၃)ဂိုးဖြင့် ရှုံး နိမ့်ပြီးနောက် အသင်းနည်းပြ နူနိုဆန်တိုကို ရာထူးမှထုတ်ပယ်ခဲ့ပြီး ပြီးခဲ့သည့်အင်္ဂါနေ့တွင် အင်တာမီလန်နည်းပြဟောင်း ကွန်တီအား နည်းပြအဖြစ် ခန့်အပ်ခဲ့သည်။
စပါးအသင်းသည် ကွန်တီကို (၁၈)လစာချုပ်ဖြင့် ခန့်အပ်ခဲ့ပြီး တစ်နှစ်သက်တမ်းတိုးခွင့်ရှိသည်ဆိုသောအချက်လည်း ပါဝင်ကြောင်း သိရှိရသည်။
ကွန်တီသည် စပါးအသင်းတွင် တစ်နှစ်လစာ ပေါင် (၁၃.၅)သန်းရရှိမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
ကွန်တီသည် စပါးအသင်းနည်းပြအဖြစ် ပထမဆုံးအကြိမ် အသင်းဝက်ဘ်ဆိုက်နှင့် အင်တာဗျူး ပြုလုပ်ခဲ့ပြီး ယင်းအင်တာဗျူးတွင် စပါးအသင်းအားပေးသူ ပရိသတ်များကို အားပေးမှုနှင့်ထိုက်တန်အောင် စွမ်းဆောင်ပေးသွားမည်ဟု ကတိပေးခဲ့ခြင်းဖြစ်သည်။
ကွန်တီက ''စပါးအသင်းကို ကိုင်တွယ်ခွင့်ရတဲ့အတွက် အရမ်းဂုဏ်ယူမိသလို၊ အရမ်းပျော်ရွှင်ရပါတယ်။ ကျွန်တော့်ရဲ့ နည်းပြဘဝခံယူချက်က အရမ်းကိုရိုးရှင်းပါတယ်။ စိတ်အားထက်သန်စွာနဲ့ အားပေးနေတဲ့ ပရိသတ်တွေအတွက် ကောင်းမွန်ပြီး ဆွဲဆောင်မှုရှိတဲ့ ကစားဟန်နဲ့ ကစားနိုင်ဖို့ပါပဲ။ ပြီးတော့ အသင်းအနေနဲ့ အတက်အကျမကြမ်းဘဲ တည်ငြိမ်အောင် တည်ဆောက်ဖို့ပါပဲ။ စပါးအသင်းပရိသတ်တွေအနေနဲ့ ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်းမျိုးကို ပိုင်ဆိုင်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းပရိသတ်တွေ အားပေးမှုနဲ့ထိုက်တန်အောင် အစွမ်းကုန် ကြိုးစားသွားမှာပါ''ဟု ပြောကြားခဲ့သည်။
စပါးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရုန်းကန်နေရပြီး ပွဲစဉ် (၁၀)အပြီးတွင် (၅)ပွဲနိုင်၊ (၅)ပွဲရှုံး ရမှတ် (၁၅)မှတ်ဖြင့် အဆင့် (၉)နေရာတွင် ရပ်တည်နေသည်။
စပါးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၁)အဖြစ် အဲဗာတန်အသင်းကို အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။















