ဆူဒန်နိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းခဲ့ခြင်းကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချရာတွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင် ပါဝင်လာခဲ့ချိန် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လမ်းချော်သွားစေခဲ့သော အာဏာသိမ်းမှုအား ဒေါသထွက်နေသော ဆန္ဒပြသူများနှင့် ဆူဒန်လုံခြုံရေးတပ်ဖွဲ့များသည် အောက်တိုဘာ ၂၈ ရက်တွင် လမ်းများပေါ်၌ ပြင်းထန်စွာ ပဋိပက္ခဖြစ်ပွားခဲ့ကြသည်။
ခါတွန်မြို့၌ လေးရက်ဆက်တိုက်ဖြစ်ပွားသော ဆန္ဒပြပွဲများတွင် အနည်းဆုံးလူတစ်ဦး သေဆုံးခဲ့သည်ဟု ဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့များသည် ခါတွန်တွင် ဆန္ဒပြသူများကို နှိမ်နင်းရာ၌ မျက်ရည်ယိုဓာတ်ငွေ့များနှင့် ရာဘာကျည်ဆန်များကို အသုံးပြုခဲ့ကြသည်။
ယခုသီတင်းပတ် အစောပိုင်းတွင် စစ်တပ်က ဖြုတ်ချခဲ့သော အရပ်သားဦးဆောင် အစိုးရအဖွဲ့ကို အာဏာပြန်လည်အပ်နှင်းရန် ဘိုင်ဒင်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့က တောင်းဆိုခဲ့ချိန်တွင် ဆူဒန်လုံခြုံရေးတပ်ဖွဲ့များ၏ ပြင်းထန်သောနှိမ်နင်းမှုများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
“ဆူဒန်စစ်တပ်ရဲ့အာဏာပိုင်တွေကို ကျွန်တော်တို့ပါးလိုတဲ့ သတင်းစကားကတော့ ပြတ်ပြတ်သားသားနဲ့ ရှင်းရှင်းလင်းလင်းပါပဲ။ ဆူဒန်ပြည်သူတွေကို ငြိမ်းချမ်းစွာဆန္ဒပြခွင့်ပြုရမယ်။ အရပ်သားဦးဆောင်တဲ့ အသွင်ကူးပြောင်းရေးအစိုးရကို အာဏာပြန်လည်အပ်နှင်းရမယ်ဆိုတာပဲ ဖြစ်ပါတယ်” ဟု ဘိုင်ဒင်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ဆင်းရဲမွဲတေမှုဖြစ်ပေါ်နေသော အရှေ့မြောက်အာဖရိကနိုင်ငံ ဆူဒန်တွင် စစ်တပ်၏အာဏာသိမ်းမှုကို အလွန်စိုးရိမ်သည်ဟု လုံခြုံရေးကောင်စီက တညီတညွတ်တည်း ပြောကြားခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးကြိုတင်သတ်မှတ်ထားခြင်းမရှိဘဲ စေ့စပ်ညှိနှိုင်းရန် တိုက်တွန်းခဲ့သည်။
လူငယ်များဦးဆောင်သည့် ကြီးမားသော ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်တွင် အာဏာရှင်ဟောင်း အိုမာအယ်လ်ဘာရှား ပြုတ်ကျသွားချိန်ကတည်းက ဆူဒန်ခေါင်းဆောင်ဖြစ်လာခဲ့သော ဗိုလ်ချုပ်အဗ္ဗဒယ်ဖတာ့အယ်လ်ဘာဟန်သည် အောက်တိုဘာ ၂၅ ရက်တွင် ဆူဒန်အစိုးရအဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး ထိပ်တန်းတာဝန်ရှိသူအချို့ကို ဖမ်းဆီးရန် ညွှန်ကြားခဲ့သည်။
ဝန်ကြီးချုပ်အက်ဒါလာဟမ်းဒေါ့သည် နေအိမ်အကျယ်ချုပ်ချခံထားရပြီး မြို့တော်ခါတွန်၌ ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကာ အောက်တိုဘာ ၃၀ ရက်တွင် ကြီးမားသောဆန္ဒပြပွဲများ ပြုလုပ်ရန်စီစဉ်ထားသည်။
ကားလမ်းများကို ကျောက်တုံးကျောက်ခဲများ၊ အမှိုက်များ၊ မီးရှိုှု့ထားသော ကားတာယာများဖြင့် ပိတ်ဆို့ထားကြပြီး အစိုးရအမိန့်မနာခံရေး လှုပ်ရှားမှုအတွင်း စျေးဆိုင်အများစု ပိတ်ထားခဲ့သည်။
“ကျွန်တော်တို့က စစ်တပ်အာဏာကို မလိုချင်ပါဘူး။ ဒီနိုင်ငံမှာ လွတ်လပ်တဲ့ ဒီမိုကရေစီကိုပဲ အလိုရှိတာဖြစ်ပါတယ်” အမည်မဖော်လိုသော ဆန္ဒပြသူတစ်ဦးက ပြောကြားခဲ့သည်။
အောက်တိုဘာ ၂၈ ရက်တွင် နောက်ဆုံးဖြစ်ပွားခဲ့သည့် လမ်းပေါ်မှရန်ပွဲများမှာ မငြိမ်မသက်ဖြစ်နေသည့် ခါတွန်ရပ်ကွက် ဘာရီနှင့်ခါတွန် မြောက်ပိုင်းဆင်ခြေဖုံးတို့တွင်ဖြစ်ခဲ့ခြင်း ဖြစ်သည်ဟု အေအက်ဖ်ပီ သတင်းထောက်များက ပြောကြားခဲ့သည်။
ခါတွန်မြောက်ပိုင်းဆင်ခြေဖုံးတွင် လူတစ်ဦးသေဆုံးခဲ့ပြီး အခြားလူခြောက်ဦးဒဏ်ရာရခဲ့သည်ဟု ဆန္ဒပြပွဲတွင်ပါဝင်သော ဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။















