ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ရန်ကုန်-ပုသိမ်လမ်းမကြီးနံဘေး ဝဲ/ယာရှိ ကျူး ကျော်နေအိမ်အားလုံးကို အောက်တိုဘာ ၂၈ ရက် နောက်ဆုံးထားဖျက်သိမ်းဖယ်ရှားခိုင်းသဖြင့် နေထိုင်သူများကိုင်တိုင် ဖျက်သိမ်းနေရပြီး လူဦးရေသောင်းနှင့်ချီ နေထိုင်ရေး အခက်အခဲဖြစ်နေကြောင်း သိရသည်။
ထိုသို့ ကျူးကျော်နေအိမ်များကို ဖျက် သိမ်းရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာ ၂၈ ရက် နံနက် ၆ နာရီခန့်မှ စ၍ အသံချဲ့စက်ဖြင့် လိုက်လံကြေညာလျက် ရှိပြီး ဖျက်သိမ်းရေးလုပ်ငန်းဆောင်ရွက်ရန် အင်အားအများအပြားဖြင့် အသင့်အနေ အထားပြင်ဆင်ထားကြောင်း၊ ဘုရင့်နောင် တံတားအမှတ် ၁ နှင့် ၂ တံတားနှစ်စင်းစလုံး တွင် လှိုင်သာယာသို့လာမည့်ဘက်ကို နံနက် ၇ နာရီမှ စ၍ ယာယီပိတ်ထားခဲ့ကြောင်း ကျူး ကျော်နေထိုင်သူများထံမှ သိရသည်။
ရန်ကုန်-ပုသိမ် လမ်းမကြီးနံဘေး အဆင့်မြင့်ကားမှတ်တိုင်အနီးနေ အသက် ၅၁ အရွယ် အမျိုးသမီးတစ်ဦးက “ဖျက်ဖို့ဆို ပြီး စာရွက်တစ်ရွက်လာပေးတယ်။ မဖျက်ရင် ဘက်ဟိုးနဲ့ ကုပ်မယ်ဆိုပြီးပြောတယ်။ မနက် ကတည်းက ကားနဲ့လိုက်အော်နေကြတယ်။ ဆောက်လုပ်ရေးလို ဝတ်စုံနဲ့ လူတွေပါတယ်။ ဘယ်ကိုမှ ဆက်သွားစရာနေရာ မရှိဘူး။ ဖျက်တော့ ဖျက်ထားတယ်။ သူများနေရာမှာ သွားငှားနေဖို့က ငါးသောင်းတဲ့။ အခု ကားခ တောင် မရှိဘူး။ မပြောချင်ဘူး ပြောရင်ဝမ်း နည်းတယ်။ နေဖို့ထိုင်ဖို့လေး နေရာထိုင်ခင်း လေးရရင် ကျေနပ်ပါတယ်။ သယ်ဖို့အတွက် ကားခလေးရရင် ကျေနပ်ပါတယ်။ ဒီနေ့မှ ကျွန်မတို့ မဖျက်ရင် သူတို့ကဖျက်မှာ” ဟု ပြောကြားသည်။
နေအိမ်များကို မိမိကိုယ်တိုင်မဖျက်ပါ က ရှင်းလင်းရေးအဖွဲ့က ဖျက်သိမ်းမည်ဖြစ်ပြီး အဖိုးအခပေးရမည်ဖြစ်ကာ ဖျက်သိမ်းထား သည့်နေအိမ်မှပစ္စည်းများကိုလည်း ပြန်ပေး မည်မဟုတ်ဟု ကြေညာသွားကြောင်း လှိုင် သာယာဇုန် ၄ ရှေ့ ရန်ကုန်-ပုသိမ်လမ်းနံဘေး တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
လှိုင်သာယာဇုန် ၄ ရှေ့ ရန်ကုန်-ပုသိမ် လမ်းနံဘေးတွင် နေထိုင်သည့် ဒေါ်အေးချမ်း (အမည်လွှဲ) က “အိမ်ငှားဖို့ကလည်း ပိုက်ဆံ မရှိဘူး။ နည်းနည်းပါးပါးရှိတဲ့သူတွေက သွား ငှားတော့လည်း၊ အဆောင်တွေမှာ လိုက်ငှားတော့လည်း ကျူးကလူတွေကို လက်သင့်မခံ ဘူးဆိုပြီး ပြောတယ်။ အဒေါ်တို့မှာ ဘယ်နေလို့ နေရမှန်း မသိဘူး။ ဘယ်ကိုသွားရမှန်း လည်း မသိဘူး။ ဒီမှာနေတာ ၂၀၀၈ နာဂစ်ပြီး ကတည်းက ပြောင်းလာတာ။ စလစ်ပြားတွေ လည်းရထားတယ်။ စလစ်ပြားရတဲ့သူတွေကို လည်း ဘာမှကိုမပြောဘူး။ တာဝန်ရှိလူကြီး တွေကို နေလို့ရရင် ဒီမှာနေချင်ပါတယ်လို့။ အသက်တွေလည်းကြီးနေပြီ။ ရှာလို့ဖွေလို့က လည်း မကောင်းဘူး။ တစ်နေ့စားဖို့တောင် တစ်နေ့ မနည်းရှာနေရတာ။ ပြောင်းမယ်ရွှေ့ မယ်ဆိုတော့လည်း အဒေါ်တို့မှာ စရိတ်မရှိ ဘူး။ အခုဖျက်ထားပြီးတော့ ဒီအတိုင်း ပုံထား ရတယ်။ သူတို့ဖျက်ရင် ငါးသောင်းပေးရမယ်။ ပြီးရင် ဘာမှပြန်ပေးမှာမဟုတ်ဘူး” ဟု ပြောကြားသည်။
လှိုင်သာယာဇုန် ၄ ရှေ့ ရန်ကုန်-ပုသိမ် လမ်းနံဘေးတွင် အသက် ၆၅ နှစ်အရွယ် အဘွားဒေါ်နှင်း (အမည်လွှဲ) က “မနက်က မိုက်နဲ့လာအော်တယ်။ မဖျက်မနေ ဖျက်ရ မယ် မဖျက်ရင် အရေးယူမယ်ဆိုပြီး။ အဘွား တို့က ကြောက်ပြီးဖျက်ရတယ်။ အဘွားက မုဆိုးမပါ။ ဒုက္ခတွေကတော့ရောက်တယ်။ အခုထက်အထိ မနက်စာမစားရသေးဘူး။ဖျက်ဖို့အတွက် စပြောကတည်းက နေဖို့နေ ရာရှာနေတာ။ အခုထက်ထိ ရှာနေတုန်းပဲ။ ငှားခလည်း မတတ်နိုင်ဘူး။ မြေနေရာတော့ ရှာတုန်းပဲ။ အဘွားတို့ အသားလွတ်ပြောင်း ရတယ်။ သယ်ယူပို့ဆောင်ရေးစရိတ်တောင် မရဘူး” ဟု ပြောကြားခဲ့သည်။
လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ဘုရင့်နောင်တံတားအဆင်းမှ ရန်ကုန်-ပုသိမ် လမ်းမကြီးအတိုင်း လှိုင်သာယာစက်မှုဇုန် ၂၊ ၃၊ ၄ နှင့် ဒဂုံဧရာအဝေးပြေးဝင်းအထိ လမ်း ဘေးဝဲ/ယာရှိ ကျူးကျော်များကို ဖျက်ခိုင်း ထားပြီး ယင်းလမ်းတစ်လျှောက်တွင် အိမ်ခြေ အနည်းဆုံး ငါးထောင်ကျော်ရှိကာ လူဦးရေ သောင်းဂဏန်းကျော်ရှိနိုင်ကြောင်း၊ အတိ အကျကိုမှု မခန့်မှန်းနိုင်ကြောင်း နေထိုင်သူ များထံမှ သိရသည်။
ရန်ကုန်မြို့တော် သန့်ရှင်းသာယာရေးအတွက်ဟုဆိုကာ ရန်ကုန်-ပုသိမ်လမ်းနယ် အတွင်းရှိ ကျူးကျော်အဆောက်အအုံနှင့် စုပုံပစ္စည်းများကို ဥပဒေနှင့်အညီ ဖျက်သိမ်းဖယ်ရှား ရှင်းလင်းဆောင်ရွက်မည့် အစီအမံများကို သက်ဆိုင်ရာဌာနများပူးပေါင်း၍ ဆောင် ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ကျူးကျော် အဆောက်အအုံ၊ ထားရှိသောစုပုံပစ္စည်းများကို အကြောင်းကြားစာရရှိသည့်ရက်မှ တစ်ပတ်အတွင်း အပြီးဖျက်သိမ်း ဖယ်ရှားရှင်းလင်းရန် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးက ကျူးကျော်နေထိုင်သူများထံသို့ အောက်တိုဘာ ၁၅ ရက်က ပေးပို့ခဲ့သည့် အကြောင်းကြားစာအရ သိရသည်။















