၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် မြန်မာ့စီးပွားရေးမျှော်မှန်းချက်နှင့် အစီရင်ခံစာများက ထောက်ပြထားသည့် စီးပွားရေးအခြေအနေ

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် မြန်မာ့စီးပွားရေးမျှော်မှန်းချက်နှင့် အစီရင်ခံစာများက ထောက်ပြထားသည့် စီးပွားရေးအခြေအနေ
လှိုင်သာယာမြို့နယ်အတွင်း သွားလာလုပ်ကိုင်နေသူများကို ယခင်လပိုင်းအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
လှိုင်သာယာမြို့နယ်အတွင်း သွားလာလုပ်ကိုင်နေသူများကို ယခင်လပိုင်းအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 24 October 2021
နီလာ

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းကို  ၃ ဒသမ ၈ ရာခိုင်နှုန်းရရှိရန် မျှော်လင့်ထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

အခြားနိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံ၏စီးပွားရေးသည်လည်း COVID-19 ကြောင့် ထိခိုက်ခဲ့ရကြောင်း၊ ကမ္ဘာ့ဘဏ်၊ IMF ၊ ADB နှင့် AMRO တို့၏ Marco – economic Outlook Reports များတွင် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် သိသိသာသာ ကျဆင်းခဲ့သည်ကို ဖော်ပြထားကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းကို ၃ ဒသမ ၈ ရာခိုင်နှုန်း ရရှိရန် မျှော်လင့်ထားကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားခဲ့သည်။

၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ် ခြောက်လတာ အမျိုးသားစီမံကိန်း ဥပဒေပြဋ္ဌာန်းခဲ့ပြီး စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ပုံမှန်စျေးနှုန်းအရ  ၃ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားကြောင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာ အမျိုးသားစီမံကိန်းဥပဒေတွင် ဖော်ပြထားသည်။

ယင်းဥပဒေသည် ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ် ခြောက်လတာ အမျိုးသားစီမံကိန်းအတွက်၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်အာဏာတည်စေရမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ ခြောက်လတာကာလအတွက် အမျိုးသားစီမံကိန်းဥပဒေဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လ အမျိုးသားစီမံကိန်း၏ အရေးကြီးသည့် ရည်မှန်းချက်များမှာ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ပုံမှန်စျေးနှုန်းအရ ၃ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရန်၊ ကဏ္ဍအလိုက် တိုးတက်မှုနှုန်းများမှာ ပုံမှန်စျေးနှုန်းအရ (၁) လယ်ယာကဏ္ဍတွင် ၂ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်ရန်၊ (၂) သားငါးကဏ္ဍတွင် သုံးရာခိုင်နှုန်းတိုးတက်ရန်၊  (၃)သစ်တောကဏ္ဍတွင် ၁၂ ဒသမ ၈ ရာခိုင်နှုန်း လျော့နည်းဖြစ်ပေါ်ရန်၊ (၄) စွမ်းအင်ကဏ္ဍတွင် ၂ ဒသမ ၉ ရာခိုင်နှုန်း လျော့နည်းဖြစ်ပေါ်ရန်၊ (၅) သတ္တုနှင့်တွင်းထွက် ပစ္စည်းကဏ္ဍတွင် ၉ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ရန်၊  (၆) စက်မှုလက်မှု ကဏ္ဍတွင် ၅ ဒသမ ၂  ရာခိုင်နှုန်း တိုးတက်ရန်၊ (၇) လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ၉ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရန်၊ (၈) ဆောက်လုပ်မှု ကဏ္ဍတွင် ၁ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ရန်၊ (၉) ပို့ဆောင်ရေးကဏ္ဍတွင် ၅ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရန်၊ (၁၀) ဆက်သွယ်ရေးကဏ္ဍတွင် ၇ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ရန်၊  (၁၁) ငွေရေးကြေးရေးကဏ္ဍတွင် ၁၂ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ရန်၊ (၁၂) လူမှုရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍ၌ သုည ဒသမ ၃ ရာခိုင်နှုန်းတိုးတက်ရန်၊ (၁၃) အခြားဝန်ဆောင်မှုကဏ္ဍတွင်  ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ရန်၊ (၁၄) ကုန်သွယ်မှုကဏ္ဍတွင် ၄ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားကြောင်း စသည်တို့ကို ဖော်ပြထားသည်။

အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) က နောက်ဆုံးထုတ်ပြန်ထားသည့် စီးပွားရေးခန့်မှန်းချက်များအရ ၂၀၂၂ ခုနှစ်တွင်  မြန်မာ့စီးပွားရေးသည် သုည ဒသမ ၁ အထိ ရာခိုင်နှုန်း ကျဆင်းမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

IMF ၏ခန့်မှန်းချက်အရ မြန်မာနိုင်ငံမှအပ အခြားအာဆီယံ နိုင်ငံများဖြစ်သော ကမ္ဘောဒီးယားနိုင်ငံသည် ၅ ဒသမ ၇ ရာခိုင်နှုန်း၊ ဘရူနိုင်းနိုင်ငံသည် ၂ ဒသမ ၆ ရာ ခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံသည် ၅ ဒသမ ၉ ရာ ခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံသည် ၆ ဒသမ ၃ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံသည် ၄ ဒသမ ၂ ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံသည် ၃ ဒသမ ၂ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံသည် ၆ ဒသမ ၆ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသည် ၄ ဒသမ ၅ ရာခိုင်နှုန်းနှင့် လာအိုနိုင်ငံသည် ၄ ဒသမ ၂ ရာခိုင်နှုန်း စီးပွားရေးတိုးတက်လာမည်ဟု ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးက အာဆီယံဒေသတွင်းနိုင်ငံအားလုံး၏ စီးပွားရေးတိုးတက်မှုနှုန်းထက် အနိမ့်ဆုံးအဆင့်၌ရှိနေပြီး မြန်မာနိုင်ငံတစ်ခုတည်းကို စီးပွားရေးကျဆင်းမည်ဟု IMF က ခန့်မှန်းထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲဖြစ်ပွားခဲ့ပြီးနောက် ကိုဗစ်-၁၉ ကြောင့် အားနည်းနေသော စီးပွားရေးအပေါ် လက်ငင်းအကျိုးသက်ရောက်မှုများ ဖြစ်စေခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

ကမ္ဘာ့ဘဏ်၏ ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန်လိုက်သော မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာအရ လက်ရှိရင်ဆိုင်နေရသော လူ့အသက်များ၊ သက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ ဆင်းရဲမွဲတေမှုနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေသည့် အခြေအနေများစွာဖြင့် မြန်မာနိုင်ငံ၏ ၂၀၂၁ ဘဏ္ဍာနှစ် (အောက်တိုဘာ ၂၀၂၀- စက်တင်ဘာ ၂၀၂၁)တွင် စီးပွားရေးသည် ၁၈ ရာခိုင်နှုန်းခန့် ကျုံ့သွားမည်ဟု ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ၌ ဆက်လက်ဖြစ်ပွားနေသော နိုင်ငံရေးကသောင်းကနင်းဖြစ်မှုနှင့် လျင်မြန်စွာမြင့်တက်လာနေသည့် ကိုဗစ်- ၁၉ တတိယလှိုင်း ကူးစက်ပြန့်ပွားမှုများကြောင့် ၂၀၂၀ ပြည့်နှစ်ကပင် ကမ္ဘာ့ကပ်ရောဂါကြောင့် အားနည်းနေခဲ့သည့် မြန်မာ့စီးပွားရေးကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်ဟု ဆိုသည်။

အလုပ်အကိုင်တစ်သန်းခန့် ဆုံးရှုံးသွားနိုင်ပြီး လုပ်သားအများအပြားသည် အလုပ်ချိန် သို့မဟုတ် လစာလျှော့ချခံရနိုင်ကာ ဝင်ငွေလျော့ကျမှုကို တွေ့ကြုံရနိုင်သည်။ ၂၀၁၉ ခုနှစ် အဆင့်နှိုင်းယှဉ်လျှင် ဆင်းရဲနွမ်းပါးသည့် အခြေအနေသို့ ကျရောက်မည့် မြန်မာ့လူဦးရေသည် ၂၀၂၂ ခုနှစ် အစောပိုင်းတွင် နှစ်ဆမြင့်တက်သွားနိုင်ခြေရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

“အလုပ်အကိုင်များ၊ ဝင်ငွေများ ဆုံးရှုံးသည့်နည်းတူ ကျန်းမာရေးနှင့် အစားအစာဖူလုံမှု မရှိမှု၊ ဘေးအန္တရာယ်များ စုပေါင်း၍ ယခင်နှစ် ကမ္ဘာ့ကပ်ရောဂါကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ခံစားခဲ့ရတဲ့ အဆင်းရဲဆုံးနဲ့ အင်အားအနည်းဆုံး ပြည်သူများဟာ  လူနေမှုဘဝ သက်သာချောင်ချိရေးအတွက် အခက်အခဲ ကြီးစွာရင်ဆိုင်ရပါလိမ့်မယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် မာရီယမ်ရှာမန်က ပြောကြားသည်။

ဝင်ငွေလျော့ကျလာခြင်း၊ အလုပ်အကိုင်၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးတို့အတွက် အတားအဆီးများကြောင့် ဝယ်လိုအားကို ထိခိုက်စေသကဲ့သို့ ရင်းနှီးမြှုပ်နှံမှုအသစ်များနှင့် ကုန်အမှာစာအသစ်များ လျော့ကျစေခဲ့သည်။

ထို့ပြင် ငွေသားစီးဆင်းမှု လျော့နည်းခြင်း၊ ဘဏ်ဝန်ဆောင်မှု လျော့ကျသွားခြင်းတို့က စီးပွားရေး လုပ်ဆောင်နိုင်မှုကို အတားအဆီး ဖြစ်စေကာ ကုန်ပစ္စည်းပေးသွင်းသူများကို ငွေချေရာတွင် အခက်အခဲ ဖြစ်စေခဲ့သည်။

“၂၀၂၁ ခုနှစ်၏ ဒုတိယနှစ်ဝက်ကို မြန်မာနိုင်ငံတွင် ထုတ်လုပ်မှုကဏ္ဍထဲက လုပ်ကိုင်မှုအခြေအနေများ တစ်ဟုန်ထိုးကျဆင်းမှုနဲ့ စတင်ခဲ့ပါတယ်။ ကိုဗစ်-၁၉ တတိယလှိုင်း  ကူးစက်မှုများက နိုင်ငံရေး အခြေအနေများကြောင့် ရင်ဆိုင်ခဲ့ရသော ပြင်းထန်သည့်ကျရှုံးမှုများ နောက်ပိုင်း ခြေကုပ်အချို့ကို ပြန်လည်ရယူနိုင်ရုံသာရှိသေးချိန်မှာ ကျဆင်းမှုနယ်ပယ်ထဲသို့ ထိုးချပစ်လိုက်တယ်။ နောက်ဆုံးစစ်တမ်းလအတွင်းမှာ စက်ရုံများနဲ့ လုပ်ငန်းများ ပိတ်နေရခြင်းနဲ့ အလုပ်သမားတွေ မိမိတို့ ဇာတိနေရပ်တွေကို ပြန်သွားနေရခြင်းမှာ အားလုံးက ထောက်ပြနေကြတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ ထုတ်လုပ်မှုဆိုင်ရာ တောင်းဆိုမှုများ နိမ့်ကျလာခြင်းနဲ့ မရေရာတဲ့ အနာဂတ်ကြောင့်ကုမ္ပဏီတွေဟာ လက်ကျန်စာရင်းများတိုးဖို့ကို လက်တွန့်လာကြတယ်” ဟု IHS Markit မှ စီးပွားရေးပညာရှင် Shreeya Patel က ပြောကြားခဲ့သည်။

ငွေသားလည်ပတ်စီးဆင်းမှု ခက်ခဲနေခြင်းက တစ်ဦးချင်းနှင့် စီးပွားရေးလုပ်ငန်းများအတွက် ငွေသားပေးချေမှု၊ လက်ခံရရှိမှုတွင် အခက်အခဲဖြစ်စေပြီး စီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်စေခဲ့သည်။ ဘဏ်ခွဲများ ပြန်လည်ဖွင့်လှစ်ခြင်း၊ ဗဟိုဘဏ်က နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းသော်လည်း ငွေသားစီးဆင်းမှု နှေးကွေးနေဆဲ ဖြစ်သည်။

လက်ရှိတွင် အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းတန်ဖိုးသည် တစ်ဒေါ်လာလျှင် ကျပ် ၂၀၅၀ ဝန်းကျင်ရှိနေသည်။         

နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်လာမှုကို လျှော့ချရန်နှင့် စျေးကွက်အတွင်း နိုင်ငံခြားငွေပြတ်လပ်မှုမရှိစေရန် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာများ ထုတ်ရောင်းခဲ့သော်လည်း အမေရိကန်ဒေါ်လာ ဝယ်ယူရန် ခက်ခဲနေဆဲဖြစ်ကြောင်း အစီရင်ခံစာများက ဖော်ပြနေသည်။

တစ်ချိန်တည်းတွင်ပင် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်းနှင့်အတူ ကုန်သွယ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေး အကန့်အသတ်များကြောင့် (အချို့သောဖြစ်စဉ်များတွင် ပြင်ပအကြောင်းရင်းများကြောင့်) သွင်းကုန်ပစ္စည်း စျေးနှုန်းများ သိသိသာသာမြင့်တက်သွားသည်။ ဇန်နဝါရီလကုန်ကတည်းက လောင်စာဆီစျေးနှုန်းများ မြင့်တက်ခဲ့သည်။

သို့သော် ဝယ်ယူအားလျော့နည်းလာမှု အထူးသဖြင့်  အခြေခံစားကုန်မဟုတ်သည့် ဝယ်ယူမှုဖြစ်ခြင်းကြောင့် ငွေကြေးဖောင်းပွမှု၏ တစ်စိတ်တစ်ပိုင်းကို ထေမိစေသည်။ မည်သို့ပင်ဆိုစေကာမူ ၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပျမ်းမျှနှစ်စဉ် ငွေကြေးဖောင်းပွနှုန်း ခြောက်ရာခိုင်နှုန်းရှိမည် ခန့်မှန်းပြီး ဒုတိယနှစ်ဝက်တွင် ငွေကြေးဖောင်းပွမှု သိသိသာသာမြင့်တက်လာနိုင်သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားခဲ့သည်။

COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးကို ဆက်လက် ထိခိုက်စေလျက်ရှိသည်။ ထုတ်လုပ်မှုကွင်းဆက် ယာယီပြတ်တောက်ခြင်းများကြောင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လျက်ရှိသည်။ ထို့ပြင် အစားအစာနှင့် လောင်စာဆီ စျေးနှုန်းများ မြင့်တက်လာခြင်းကလည်း ငွေကြေးဖောင်းပွမှုနှုန်းကို မြင့်တက်စေလျက်ရှိသည်။

ယင်းအကျိုးဆက်များကြောင့် ပြည်သူ့ကြွေးမြီနှင့် ပုဂ္ဂလိကကြွေးမြီများသည်လည်း သိသိသာသာ မြင့်တက်လျက်ရှိကြောင်း၊  ကာကွယ်ဆေးထိုးနှံခြင်းကို နိုင်ငံအသီးသီးတွင် စတင်ဆောင်ရွက်နေပြီ ဖြစ်သော်လည်း ကပ်ရောဂါသည် စီးပွားရေးပြန်လည်ဦးမော့လာရေး ကြိုးပမ်းမှုများကို တုံ့နှေးစေလျက် ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံနိုင်ခြင်းသည် စီးပွားရေးပြန်လည် ဦးမော့လာမှုအတွက် အဓိက အရေးပါလျက်ရှိကြောင်း၊ COVID-19 ကပ်ရောဂါအပြင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှု၊ Cyber attacks နှင့် Geopolitics များသည်လည်း စိန်ခေါ်မှုများအဖြစ် ဆက်လက်တည်ရှိနေကြောင်း အောက်တိုဘာ ၂၁ ရက်က ဘရူနိုင်းဒါရူဆလမ်နိုင်ငံမှ  Virtual စနစ်ဖြင့် ကျင်းပသည့် အာဆီယံ+ ၃ နိုင်ငံများ၏ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးမှ သိရသည်။

သို့ဖြစ်ရာ နိုင်ငံအလိုက် စီးပွားရေး ပြန်လည်ဦးမော့လာရေး ကြိုးပမ်းမှုများကို သင့်လျော်သော မူဝါဒချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း အာဆီယံ+ ၃ နိုင်ငံများ၏ ဘဏ္ဍာရေးနှင့်  ဗဟိုဘဏ်ဒုတိယ အကြီးအကဲများက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် COVID-19 Economic Relief Plan (CERP) ကို ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ Myanmar Economics Recovery Plan (MERP) ကို ချမှတ်ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိကြောင်း၊ CERP နှင့် MERP တို့တွင် Stimulus Package များအဖြစ် ဝင်ငွေနည်းပြည်သူများအတွက် ထောက်ပံ့မှုများ၊ ပြည်သူ့ကျန်းမာရေးစနစ် တိုးချဲ့ဆောင်ရွက်မှုများ၊ ကာကွယ်ဆေးဝယ်ယူမှုများ၊ Quarantine Center များသို့ ပံ့ပိုးမှုများ၊ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်မှုအများဆုံးခံခဲ့ရသည့် စီးပွားရေးလုပ်ငန်းများသို့ အတိုးနှုန်း သက်သာသောချေးငွေများ ထုတ်ချေးမည့်အစီအစဉ်များ ပါဝင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားခဲ့သည်။

သို့သော် လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် စီးပွားရေး ထိခိုက်နိုင်မှုများ၏ အတိုင်းအတာနှင့် အချိန်ကာလ ကြာမြင့်မှုအပေါ်  ကြီးမားသည့် မရေရာမှုများ ရှိနေသည့်နည်းတူ ပိုမိုပြင်းထန်နိုင်သည့် ထိခိုက်နိုင်ခြေများရှိနေသေးသည်ဟု ကမ္ဘာ့ဘဏ်က သတိပေးထားသည်။

ဇွန်လအတွင်း ပြုလုပ်ခဲ့သည့် စစ်တမ်းကောက်ယူမှုများအရ နိုင်ငံတစ်ဝန်းရှိ ကုမ္ပဏီများ၏ လေးပုံသုံးပုံက ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ဒုတိယလှိုင်းရိုက်ခတ်ခံရသည့် ကာလထက် လက်ရှိနိုင်ငံရေးအပြောင်းအလဲနှင့် ဖြစ်စဉ်များကြောင့် ရင်ဆိုင်ရသည့်စီးပွားရေးထိခိုက်ပျက်စီးမှုက ပိုမိုဆိုးရွားသည်ဟု  ဆိုကြကြောင်း၊ အနာဂတ်ကာလအပေါ်  ကုမ္ပဏီများ၏ ယုံကြည်မျှော်လင့်မှုမှာလည်း အလွန်အားနည်းကြောင်း တွေ့ရသဖြင့်  စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန် မရေရာမှုများနှင့် စိုးရိမ်ပူပန်မှုများ ဆက်လက်တည်ရှိနေကြောင်း တွေ့ရသည်ဟုဖော်ပြထားသည်။

ကာလရှည်စီးပွားရေးမျှော် မှန်းချက်မှာမူ မကြာသေးခင်က ဖြစ်ပျက်ခဲ့သည့်အကြောင်းခြင်းရာများသည် ဆယ်စုနှစ်တစ်ခုစာ ကြိုးပမ်းခဲ့သော တိုးတက်မှုများကို ပျက်စီးသွားစေနိုင်ကြောင်း၊ စီးပွားရေးတိုးတက်မှုကို အခြေခံမောင်းနှင်သည့်အချက်များ ဖြစ်သည့် ရုပ်ဝတ္ထုအရင်းအနှီးများ၊ လူသားအရင်းအမြစ်နှင့် ကုန်ထုတ်လုပ်စွမ်းအားတို့အပေါ် ထိခိုက်စေခဲ့ခြင်းကြောင့် ယခုရင်ဆိုင်နေရသည့် နှစ်ထပ်ကွမ်း ထိခိုက်ပျက်စီးစေမှုသည် အနာဂတ်နှစ်ပေါင်းများစွာအထိ ဆက်လက်ရင်ဆိုင်ဖြေရှင်းနေရဦးမည် ဖြစ်ကြောင်းလည်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့ဖြစ်ရာ COVID-19 ရောဂါကူးစက်မှုကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများနှင့် လတ်တလော အခြေအနေများကြောင့် မလွဲမသွေဖြစ်ပေါ်လာသည့် စီးပွားရေးကျဆင်းမှုကို ကုစားရန် မြန်မာနိုင်ငံမှ မူဝါဒချမှတ်သူများအနေဖြင့် သင့်တော်မှန်ကန်သည့် မူဝါဒများချမှတ် အကောင်အထည်ဖော်ရန် မဖြစ်မနေလိုအပ်နေပြီဖြစ်သည်။