နယူးကာဆယ်အသင်းပိုင်ရှင်များသည် စတိဗ်ဘရုစ်ကို ထုတ်ပယ်ပြီးနောက် လစ်လပ်သွားသည့် နည်းပြရာထူးအတွက် အစားထိုးရန် ရိုးမားအသင်းနည်းပြဟောင်း ပေါ်လိုဖွန် ဆီကာနှင့် ဆွေးနွေးလျက်ရှိကြောင်း BBC အပါအဝင် ဗြိတိန်သတင်းဌာနများ၏ ဖော်ပြမှုအရ သိရသည်။
နယူးကာဆယ်အသင်း ပိုင်ရှင်သစ်များသည် ရှယ်ယာများအား လွှဲပြောင်းဝယ်ယူပြီးနောက် နှစ်ပတ်အကြာမှာပင် သတင်းများ ကြိုတင်ထွက်ပေါ်နေသည့်အတိုင်း နည်းပြ စတိဗ်ဘရုစ်ကို ထုတ်ပယ်ကြောင်း ဗုဒ္ဓဟူးနေ့ တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်း၏ နေရာတွင် အစားထိုးရန် အလားအလာရှိသူများစွာရှိသည့်အနက် ရိုးမားအသင်းနည်းပြဟောင်းဖြစ်သူ ပေါ်တူဂီနိုင်ငံသား ပေါ်လိုဖွန်ဆီကာနှင့် ဆွေးနွေးနေပြီဖြစ်ကြောင်း ဗြိတိန်သတင်းဌာနများက ဖော်ပြခဲ့ကြသည်။
အသက် ၄၈ နှစ်ရှိပြီဖြစ်သည့် ဖွန်ဆီကာသည် ပြီးခဲ့သည့် ဇွန်လကတည်းက စပါး အသင်း နည်းပြသစ်ဖြစ်လာရန် အလွန်နီးစပ် သည့်အနေအထားရောက်ရှိပြီးမှ ပျက်ပြယ်ခဲ့ရခြင်းဖြစ်သည်။ ဖွန်ဆီကာသည် နည်းပြဘဝအစတွင် ဒီဇမ်ဘရို၊ အိုဒီဗီလက်စ်၊ ပင် ညယ်နိုဗန်ဆီ၊ အေဗက်စ်၊ ပါကို့စ်ဒီဖာရဲရား (နှစ်ကြိမ်)၊ ပေါ်တို၊ စပို့တင်းဘရာဂါစသည့် ပေါ်တူဂီကလပ်များစွာကို ကိုင်တွယ်ခဲ့ပြီး ၂၀၁၆ မှ ၂၀၁၉ ခုနှစ်အထိ ယူကရိန်းကလပ် ရှက်တာဒိုးနက်နှင့် ၂၀၁၉ မှ ၂၀၂၁ ခုနှစ် အထိ စီးရီးအေကလပ် ရိုးမားအသင်းတို့ကို ကိုင်တွယ်ခဲ့သူဖြစ်သည်။
၎င်းသည် ရှက်တာ ဒိုးနက်အသင်းနှင့် ယူကရိန်းပရီးမီးယားလိဂ်ချန်ပီယံ သုံးကြိမ်၊ ယူကရိန်းဖလား သုံးကြိမ်၊ ယူကရိန်းစူပါဖလား တစ်ကြိမ်ရယူနိုင်ခဲ့ပြီး ရိုးမားအသင်းကိုလည်း ပထမရာသီတွင် အဆင့် ၅၊ ဒုတိယရာသီတွင် အဆင့် ၇ နှင့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။















