အာဖဂန်နစ္စတန်တွင် ယောကျ်ားလေးများသာ အလယ်တန်းပညာသင်ကြားခွင့်ရရှိခဲ့ပြီး မိန်းကလေးများ ပညာသင်ကြာခွင့်မရသည်မှာ သီတင်းလေးပတ်ကြာမြင့်ခဲ့ပြီးနောက် တာလီဘန်အဖွဲ့သည် မိန်းကလေးများကို ကျောင်းတက်ခွင့်ပေးမည့် မူဘောင်တစ်ရပ်ကို ကြေညာသွားမည်ဟု ကုလသမဂ္ဂ၏ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
“မိန်းကလေးတွေကို အလယ်တန်း ကျောင်းတက်ခွင့်ပေးမယ်ကိစ္စကို မကြာခင်မှာပဲ ကြေညာသွားမယ်လို့ အာဖဂန် ယာယီ ပညာရေးဝန်ကြီးက ကျွန်တော်တို့ကို ပြောပါတယ်။ ကျွန်တော်တို့ကလည်း သူတို့ကြေညာ ချက်ကို အမြန်ဆုံးဖြစ်စေဖို့ မျှော်လင့်ပါတယ်” ဟု ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေ အဖွဲ့ UNICEF ၏ လက်ထောက် အမှုဆောင် ညွှန်ကြားရေးမှူး အိုမာအဗ္ဗဒီက အောက်တိုဘာ ၁၆ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ှရှိ ကုလသမဂ္ဂဌာနချုပ်တွင် ပြောကြားခဲ့သည်။
တာလီဘန်တို့သည် မိန်းကလေးများကို အမြန်ဆုံး ကျောင်းပြန်တက်ခွင့်ပေးမည်ဟု ပြီးခဲ့သည့် သီတင်းပတ်များကတည်းက ပြော ကြားခဲ့သည်။
ယင်း အစ္စလာမ္မာစ်အုပ်စုသည် ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ အာဖဂန်ကို တင်း ကျပ်စွာ ဖိနှိပ်အုပ်ချုပ်ခဲ့မှုကြောင့် နာမည်ဆိုး ဖြင့်ကျော်ကြားခဲ့ပြီး အမျိုးသမီးများနှင့် မိန်း ကလေးများကို ကျောင်းတက်ခွင့်နှင့် လုပ်ငန်း ခွင်ဝင်ခွင့်တို့ကို ပိတ်ပင်ခဲ့သဖြင့် နိုင်ငံတကာ ၏ ဝေဖန်မှုကို ခံခဲ့ရသည်။
တာလီဘန်တို့သည် မိန်းကလေးများကို မူလတန်းတက်ခွင့်ပေးသော်လည်း အလယ် တန်းတက်ခွင့်မပေးသေးဘဲ ကျောင်းဆရာမ များကိုလည်း အလယ်တန်းတွင် စာသင်ကြား ပြသခွင့် ပိတ်ပင်ထားဆဲဖြစ်သည်။
တာလီဘန်အရာရှိများကမူ ၎င်းတို့ အုပ်စု၏ တင်းကျပ်သည့် ဘာသာရေးစည်းမျဉ်းများအောက်တွင် တင်းကျပ်သည့် လိင်ခွဲခြား မှုနှင့် မိန်းကလေးများ၏ လုံခြုံရေးကို စိတ်ချ သေချာစေရန် လုပ်ဆောင်ပြီးစီးသည့်အချိန် တွင် မိန်းကလေးများကို အလယ်တန်းကျောင်း တက်ခွင့်ပေးမည်ဖြစ်ပြီး ယင်းသို့လုပ်ဆောင် ရန် မူဘောင်တစ်ရပ်ကို အချိန်ယူရေးဆွဲရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။
အဗ္ဗဒီကမူ အာဖဂန်တွင် အလယ်တန်း ကျောင်းနေအရွယ် မိန်းကလေးပေါင်း သန်းချီသည် ကျောင်းတက်ခွင့်မရသည်မှာ ၂၇ ရက် ဆက်တိုက်ကြာမြင့်ခဲ့ပြီဖြစ်သည်ဟု ပြော ကြားခဲ့သည်။
ကုလသမဂ္ဂသည် အာဖဂန်နစ္စတန်ကို လက်ရှိအုပ်ချုပ်နေသည့် တာလီဘန်အာဏာ ပိုင်များအား မိန်းကလေးများကို ပညာသင် ကြားခွင့်ပေးရေးကို စောင့်ဆိုင်းမနေရန် တိုက် တွန်းခဲ့သည်ဟု ၎င်းင်းက ဆိုသည်။
ထို့ပြင် သူသည် ပြီးခဲ့သည့် သီတင်းပတ် ကလည်း အာဖဂန်နစ္စတန်သို့သွားရောက်ခဲ့ ပြီး တာလီဘန်အာဏာပိုင်များနှင့် တွေ့ဆုံခဲ့ သည်ဟု အဗ္ဗဒီက ပြောကြားခဲ့သည်။
“တာလီဘန်အာဏာပိုင်တွေနဲ့ ပြုလုပ် ခဲ့တဲ့ အစည်းအဝေးတိုင်းမှာ မိန်းကလေးတွေ ပညာသင်ကြားခွင့်ကို ပထမဆုံး ကိစ္စရပ် အ နေနဲ့ အသားပေးပြောကြားခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။
တာလီဘန်တို့ဘက်ကလည်း မိန်းက လေးအားလုံးကို ကျောင်းတက်ခွင့်ပေးမည့် ကတိကဝတ်များကို ထပ်လောင်းအတည်ပြု ခဲ့သည်ဟု အဗ္ဗဒီက ပြောကြားခဲ့သည်။
အလယ်တန်းကျောင်းဟုဆိုရာတွင် တာ လီဘန်တို့သည် ပြည်နယ်ငါးခုတွင်သာ ဖွင့် ခွင့်ပြုထားသော်လည်း ကုလသမဂ္ဂကမူ တစ် နိုင်ငံလုံးတွင် စာသင်ကျောင်းများဖွင့်လှစ်ရေး အတွက် တာလီဘန်တို့အား တွန်းအားပေးနေ သည်။















