အမေရိကန်-တရုတ် အင်အားပြိုင်ဆိုင်မှုနှင့် အင်ဒို-ပစိဖိတ် အခင်းအကျင်း

အမေရိကန်-တရုတ် အင်အားပြိုင်ဆိုင်မှုနှင့် အင်ဒို-ပစိဖိတ် အခင်းအကျင်း
Photo: AFP
Photo: AFP
Published 16 October 2021
ဇင်မျိုး

ယခုနှစ်ကုန်ပိုင်းတွင် သမ္မတဂျိုးဘိုင်ဒင်နှင့် ရှီကျင်းပင်တို့ အွန်လိုင်းအစည်းအဝေး ပြုလုပ်ရန်ရှိနေသည်။  အမေရိကန်နှင့် တရုတ်ပြိုင်ဆိုင်မှုတွင် ပြဿနာသေးသေးလေးမှသည် ပြဿနာအကြီးကြီးအထိ ဖြစ်မသွားစေရန် တားဆီးပေးမည့်အချက်များကို ဤအစည်းအဝေးတွင် ဆွေးနွေးနိုင်ပေသည်။

အမေရိကန်အနေဖြင့် စစ်အေးတိုက်ပွဲသစ်ကို မလိုလားသကဲ့သို့ တင်းတင်းကျပ်ကျပ်ရှိသော မဟာမိတ်အုပ်စုများအဖြစ် ကမ္ဘာကြီးကွဲထွက်သွားမည်ကိုမလိုလားဟု သမ္မတဂျိုးဘိုင်ဒင်က ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ပြောကြားခဲ့သည်။ ထို့ပြင် ရှီကလည်း အငြင်းပွားမှုများကို စေ့စပ်ညှိနှိုင်းရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့မှ တစ်ဆင့် ဆောင်ရွက်သင့်သည်ဟု ယင်းညီလာခံတွင် ပြောကြားခဲ့သည်။ကုလသမဂ္ဂ အထွေထွေညီလာခံ၌ သမ္မတနှစ်ဦး၏ ပြောကြားချက်များကို ထောက်ဆကြည့်ပါက အမေရိကန်-တရုတ်ပြိုင်ဆိုင်မှု မည်မျှပြင်းထန်နေသလဲဆိုသည်ကို ထင်ထင်ရှားရှားတွေ့ရမည် ဖြစ်သည်။

အမေရိကန်-တရုတ်ဆက်ဆံရေးများ၏ လတ်တလောလမ်းကြောင်းနှင့် အင်ဒို-ပစိဖိတ်ဒေသ၏ အလားအလာ၊ ၀ါရှင်တန်၊ ပေကျင်းတို့နှင့် ဒေသတွင်း အလယ်အလတ် အင်အားကြီးနိုင်ငံများ၏ အမျှော်အမြင်ရှိသော ခေါင်းဆောင်မှုတို့သည် တစ်ဖက်ကသာ၍ တစ်ဖက်ကနာမည့် ပဋိပက္ခ (zero sum conflict) ဖြစ်မလာရေးကို တားဆီးပေးရန် မုချလိုအပ်မည်ဖြစ်သည်။

ဒီမိုကရက်များ အာဏာရလာခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စုအနေဖြင့် တရုတ်နှင့်ပြိုင်ဆိုင်ခြင်း၊ တရုတ်နှင့်ထိပ်တိုက်ရင်ဆိုင်ခြင်းတို့ကို တစ်ပြိုင်တည်း လုပ်သွားမည်ဖြစ်ကာ ဘုံအကျိုးစီးပွားရှိသော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဘိုင်ဒန်အစိုးရအဖွဲ့က ပြောကြားခဲ့သည်။

သို့ရာတွင် တရုတ်အစိုးရက အမေရိကန်၏ မူဘောင်ကိုပယ်ချခဲ့ပြီး အခြားတစ်နေရာရာတွင် တရုတ်၏ မူဝါဒများကို ဆက်လက်စိန်ခေါ်နေသ၍ ရာသီဥတုပြောင်းလဲမှုကဲ့သို့သော ပြဿနာများကိုပေကျင်းက ပူးပေါင်းဆောင်ရွက်ရန် ၀ါရှင်တန်အနေဖြင့် မမျှော်လင့်သင့်ဟု ပြောကြားခဲ့သည်။

၀ါရှင်တန် အနေဖြင့် အလွဲလွဲအချော်ချော် ဖြစ်နေသော မူဝါဒများကို ပြုပြင်ရန် ဘောလုံးက ၎င်း၏ကွင်းဘက်တွင် ရှိနေသည်ဟု တရုတ်ခေါင်းဆောင်များက ထုတ်ဖော်ပြောကြားခဲ့သည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လထဲတွင် တရုတ်သည် အဓိကအချက်သုံးချက်နှင့် စာရင်းနှစ်ခုတို့အား အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝမ်ဒီရှာမန်ထံ တင်ပြခဲ့သည်။

ရှာမန်ကိုတင်ပြခဲ့သော တောင်းဆိုချက်များမှာ အမေရိကန်သည် တရုတ်ပြည်တွင်းရေးကိစ္စများ၊ ဟောင်ကောင်၊ ရှန်ကျန်း၊ တိဘက်နှင့် ထိုင်ဝမ်တို့အပေါ်ထားသည့် မိမိမူဝါဒများကို ဝေဖန်ခြင်းမှ ရှောင်ရမည်ဖြစ်ကာ ပေကျင်းအပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများ၊ အခွန်စည်းကြပ်မှုများ၊ ပို့ကုန်ကန့်သတ်မှုများကို ဖယ်ရှားပေးရမည်ဟူ၍ ဖြစ်သည်။

တရုတ်၏ အဆိုပါအဆိုပြုချက်သည် အိုဘားမားအစိုးရ လက်ထက် ၂၀၁၃ ခုနှစ်တွင် တရုတ်သမ္မတ ရှီကျငး်ပင်ပထမဆုံး ပြောခဲ့သောအင်အားကြီးနှစ်နိုင်ငံ၏ ဆက်ဆံရေးပုံသစ်ကို ပြန်ပြောင်းအမှတ်ရစရာ ဖြစ်စေခဲ့သည်။ နှစ်ဖက်စလုံးသည် ထိပ်တိုက်မတွေ့ရေး၊ ပဋိပက္ခမဖြစ်ရေး၊ အပြန်အလှန် လေးစားမှုရှိရေး၊ နှစ်ဖက်စလုံးအကျိုးရှိသော ပူးပေါင်းဆောင်ရွက်ရေး (win-win-cooperation) တို့ကိုထိုစဉ်က ရှီကျင်းပင်က တိုက်တွန်းခဲ့သည်။

ပေကျင်း၏ အမာခံအကျိုးစီးပွားများအားလုံးကို အမေရိကန်က လက်ခံသည်ဟု တရုတ်က အဓိပ္ပာယ်ကောက်သွားမည်ကို စိုးရိမ်မှုများရှိနေခြင်းအပါအဝင် ထိုအချိန်က အိုဘားမားအစိုးရသည် အကြောင်းအမျိုးမျိုးပြ၍ ရှီကျင်းပင်၏ အဆိုပြုချက်များကို ကန့်ကွက်ခဲ့သည်။

ယနေ့အချိန်တွင် တရုတ်၏ ခြိမ်းခြောက်မှု သဘောထားအမြင်များ အရှိန်မြင့်တက်လာသောကြောင့် ၀ါရှင်တန်ကမူဝါဒ ရေးဆွဲသူများနှင့် သာမန်လူထုအကြားတွင် ရှီအဆိုပြုခဲ့သောအမြင်ကို လက်ခံရန် အခွင့်အလမ်း မမြင်ပေ။

တရုတ်အပေါ် မကောင်းသော အမြင်များသည် အမေရိကန် ပြည်ထောင်စုတွင်ပါ မြင့်တက်လာခဲ့ရုံမက အင်ဒို -ပစိဖိတ်ဒေသတစ်ခုလုံးနှင့် ၎င်းဒေသကို ကျော်လွန်၍လည်း မြင့်တက်နေခြင်းဖြစ်သည်။

စစ်ရေးတိုးချဲ့မှုကို လျင်လျင်မြန်မြန် လုပ်ဆောင်နေခြင်း၊ အရှေ့နှင့် တောင်တရုတ်ပင်လယ်တို့တွင် ရန်လိုသော သဘောထားများရှိနေခြင်း၊ စီးပွားရေးအကျပ်ကိုင်မှုတို့ လုပ်ဆောင်ခြင်းနှင့်အတူ တရုတ်၏ဝံပုလွေ စစ်သည်တော်သံခင်းတမန်ခင်း (wolf warrior diplomacy) က နိုင်ငံတချို့ အထူးသဖြင့် သြစတြေးလျ၊ ဂျပန်နှင့် အိန္ဒိယတို့ကိုတွန်းအားပေးနေခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်လောက်က အဆိုပါနိုင်ငံများသည် တရုတ်၊ အမေရိကန် နှစ်နိုင်ငံစလုံးနှင့် ဆက်ဆံရေးကောင်းများကိုထိန်းထားခဲ့ကြသည် ဆိုသော်လည်း ယခုအခါ ထိုနိုင်ငံများသည် အမေရိကန်ဘက်ကိုသိသိသာသာ ယိမ်းသွားကြပြီဖြစ်သည်။

အမှန်မှာ အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ အလွန်အကျွံ အင်အားသုံးသော အပြုအမူများက Quad နှင့် AUKUS တို့ကဲ့သို့သော အင်အားကြီး မဟာမိတ်အဖွဲ့များကို ပေါ်ပေါက်စေခဲ့သည်။ အဆိုပါ မဟာမိတ်နှစ်ဖွဲ့စလုံးကို တရုတ်ကဝေဖန်ခဲ့ပြီး အမေရိကန်ဦးဆောင်သောထိန်းချုပ်ရေး အစီအမံများသည် ဒေသတွင်း ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသည်ဟု ပြောကြားခဲ့သည်။

တရုတ်တွင် မိမိကိုယ်ကို ပြန်လည်သုံးသပ်မှု ရှိမည်ဆိုလျှင်လည်း မည်မျှအထိသုံးသပ်မလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။ တရုတ်၏ ဝံပုလွေစစ်သည်တော်နည်းလမ်းက ကိစ္စရပ်အများအပြားတွင် ပြောင်းပြန်ရလဒ်များကို ထွက်ပေါ်စေခဲ့သည်ဟု ယုံကြည်သော သံတမန်များနှင့် ကျွမ်းကျင်သူများရှိနေရာ အဆိုပါအမြင်များကို ထုတ်ဖော်ပြသရန်နေရာရှိသည်ဆိုလျှင်လည်း ထိုနေရာ သေးသေးလေးသာဖြစ်ပါမည်။

Quad နှင့် AUKUS မဟာမိတ်အဖွဲ့များကို တရုတ်၏ ပြင်းပြင်းထန်ထန်ဝေဖန်မှု ပေါ်ပေါက်လာမည်ဟု မျှော်လင့်ထားချိန်တွင် တရုတ်ကို တန်ပြန်ရန်ရည်ရွယ်ထားပုံရှိသော ဘက်ပေါင်းစုံမဟာမိတ်အဖွဲ့များက မိမိတို့ဒေသဆိုင်ရာ အုပ်စုများထက််ပိုမိုကြီးထွားလာမည်ကို စိုးရိမ်ကြောင်း အင်ဒို-ပစိဖိတ်နိုင်ငံများက ထုတ်ဖော်ပြောကြားခဲ့ကြသည်။

တောင်ကိုရီးယားကဲ့သို့သော နိုင်ငံတချို့က ယင်းကဲ့သို့အုပ်စုဖွဲ့ခြင်းများကို အတိအလင်းလက်ခံခြင်းအား သတိထားရှောင်ခဲ့သည်။ မိမိတို့အုပ်စုများကို လွှမ်းမိုးသွားမည်ဖြစ်သော နိုင်ငံစုံမဟာမိတ်အဖွဲ့များ ပေါ်ပေါက်လာခြင်းကိုစိုးရိမ်သည်ဟု အာဆီယံက ပြောကြားခဲ့သည်။ AUKUS မဟာမိတ်အဖွဲ့ကြောင့် ဒေသတွင်းလက်နက်ပြိုင်ဆိုင်မှုနှင့် လုံခြုံရေးအခြေအနေစိုးရိမ်မှုများ ကြီးထွားလာစေမည်ကိုစိုးရိမ်သည်ဟု မလေးရှားနှင့်အင်ဒိုနီးရှားတို့က အသီးသီးပြောကြားခဲ့ကြသည်။

အဆိုပါ စိုးရိမ်မှုများကို အသိအမှတ်ပြုခြင်း၊ တရုတ်ကိုတန်ပြန်ရေးထက် ကျော်လွန်သော အပြုသဘောအမြင်ရှိထားရန် လိုအပ်ကြောင်း အသိအမှတ်ပြုခြင်းတို့ဖြင့် အမေရိကန်နှင့် Quad အဖွဲ့ဝင်နိုင်ငံများသည် မိမိတို့၏ မဟာမိတ်အုပ်စုအတွက် ထူးထူးခြားခြား ကျယ်ပြန့်သော လုပ်ငန်းစဉ်တစ်ရပ်ကို ထူထောင်ခဲ့ကြသည်။

ဒေသတွင်းသို့ အများသုံးကုန်စည်များ ပံ့ပိုးပေးရေးကို Quad ၏ လုပ်ငန်းစဉ်တွင် သိသိသာသာ နေရာပေးထားပြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများ၊ ဒေသဆိုင်ရာ အခြေခံအဆောက်အအုံ လိုအပ်ချက်များ၊ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးကိစ္စရပ်များကိုပါ ထည့်သွင်းခဲ့သည်။

တရုတ်နိုင်ငံကလည်း အလားတူနယ်ပယ်များတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းရှားနေခဲ့သည်။ တရုတ်၏ အိမ်နီးချင်းများတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးလိုအပ်နေပြီး ဆင်းရဲမွဲတေမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကို တိုက်ဖျက်ရေးအတွက် အခြေခံအဆောက်အအုံကဏ္ဍတွင် သိသိသာသာရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန် လိုအပ်နေရာ အားပေးမြှင့်တင်မှုနှင့် အရင်းအမြစ်များက ဒေသအတွက် ကောင်းကျိုးဖြစ်လာနိုင်စရာ ရှိနေသည်။

ဒေသတွင်း အပြိုင်အဆိုင်ရှိသော ဆောင်ရွက်မှုများအတွက် အလားအလာ ကောင်းမွန်နေသည်ဆိုသော်လည်း တရုတ်၊ အမေရိကန်တို့နှင့် ၎င်းတို့၏အရင်းနှီးဆုံး မိတ်ဖက်နိုင်ငံများအကြား သဘောထား အမြင်ခြားနားချက်များ ကြီးထွားလာခြင်းက ပူးပေါင်းဆောင်ရွက်မှုများမရှိမဖြစ် လုပ်ဆောင်ရမည်ဖြစ်သော စိန်ခေါ်မှုများကိုဖြေရှင်းရန် ပိုမိုခက်ခဲစေသည်။

AUKUS မဟာမိတ်အဖွဲ့ကြောင့် အဏုမြူလက်နက်ပြန့်ပွားမှုအန္တရာယ်များကို ပေကျင်းက ကန့်ကွက်မှုများပြုလုပ်နေသော်လည်း ဒေသတွင်း၌ အဏုမြူလက်နက်များ ပြိုင်ဆိုင်မှုသည် ဖြစ်ပေါ်နေပြီဖြစ်သည်။

မြောက်ကိုရီးယားက ၎င်း၏အဏုမြူလက်နက်များကို ဆက်လက်တည်ဆောက်နေပြီး တရုတ်ကလည်း အမေရိကန်ကို ယှဉ်ပြိုင်ရန် အဏုမြူလက်နက်များနှင့် မဟာဗျူဟာမြောက် စွမ်းရည်များကိုလျင်မြန်စွာ ချဲ့ထွင်လျက်ရှိသည်။

မြောက်ကိုရီးယားအဏုမြူလက်နက် ဖျက်သိမ်းရေး သို့မဟုတ် လက်နက်ထိန်းချိန်းရေးအတွက် လမ်းပြမြေပုံရေးဆွဲရေးအတွက် ၀ါရှင်တန်နှင့် ပေကျင်းတို့ ပူးပေါင်းဆောင်ရွက်နိုင်ဖွယ်ရာ ရှိသော်လည်း အခြားနယ်ပယ်များတွင်ကား ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံအကြား ဆက်လက်သဘောထား ကွဲနေဦးမည်ဟု မျှော်လင့်ရသည်။

Most Read

Most Recent