ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ မြဝတီဘဏ်တွင် အောက်တိုဘာ ၁၅ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မိလ္လာကန်အနီး ရေပိုက် ပျက်စီးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာ ၁၅ ရက် ညပိုင်းက ပျဉ်းမနားမြို့ရှိ မြဝတီဘဏ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဆိုသော သတင်းများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ Viber Group တွင် မေးမြန်းထားမှုကို အထက်ပါအတိုင်း ပြန်လည်ဖြေကြားထားခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၅ ရက် ည ၈ နာရီခန့်တွင် ပျဉ်းမနားမြို့နယ်၊ ရွှေချီရပ်ကွက်၊ ဦးဘွားလမ်းမှ ဦးသာလှလမ်းကြားသို့ ဆိုင်ကယ်စီးနင်းလာသည့် အမည်စိစစ်ဆဲ အကြမ်းဖက်သမား နှစ်ဦးသည် မြဝတီဘဏ်၏ အနောက်ဘက်သို့ ဒေသန္တရလက်လုပ်ဗုံး တစ်လုံး ပစ်ခတ်ခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ ဗုံးပေါက်ကွဲမှုကြောင့် မြဝတီဘဏ်၏ အနောက်ဘက်ရှိ မိလ္လာကန်အနီးရေပိုက် ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။















