အလုပ်အကိုင်ရှားပါးမှု၊ ကုန်စျေးနှုန်း မြင့်မားလာမှုတို့ကြောင့် ပဲခူးမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများ စားဝတ်နေရေးအတွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
နိုင်ငံရေးအခြေအနေနှင့် COVID ကပ်ရောဂါကာလအတွင်း ရောက်ရှိနေခြင်းများကြောင့် ပဲခူးမြို့ရှိစက်ရုံအများစုမှာ ပိတ်ထားရပြီး ပဲခူးမြို့နယ်အတွင်း အလုပ်လက်မဲ့ဦးရေ များပြားလာကာ အခြေခံလူတန်းစားများ၏ မိသားစုစားဝတ်နေရေးများ အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
“မိသားစုရဲ့ အဓိကစီးပွားရေးက သမီးနှစ်ယောက် စက်ရုံဆင်းတာကို မှီခိုစားသောက်ရတာ။ တစ်လကို တစ်ယောက်ဝင်ငွေက သုံးသိန်းနီးပါးတော့ရတယ်။ သမီးတစ်ယောက်ဆင်းတဲ့ အင်းလေးရှူးစက်ရုံက ပိတ်သွားတော့ အလုပ်မရှိတာ တစ်နှစ်လောက်ရှိပြီ။ တစ်ယောက်က လိမ္မော်ရောင်စက်ရုံမှာ ဆင်းတယ်။ သူကတော့ မပိတ်သေးဘူး။ အခုတော့ သမီးတစ်ယောက်လုပ်ခလစာနဲ့ မိသားစုက ငါးယောက်ဆိုတော့ လောက်ငှမှုမရှိတော့ဘူး။ စားဝတ်နေရေးအရမ်းကို ကျပ်တည်းလာပါတယ်” ဟု ပဲခူးမြို့နေအိမ်ရှင်မတစ်ဦးက ပြောကြားသည်။
စက်ရုံအလုပ်ရုံများ ပိတ်သိမ်းမှုကြောင့် အလုပ်လက်မဲ့ဦးရေများပြားလာကာ ပဲခူးမြို့နယ်အတွင်း သုံးဘီးဆိုင်ကယ်များဖြင့် ရောင်းချသော မိုဘိုင်းစျေးရောင်းသူများနှင့် ခေါင်းရွက်စျေးသည်များလည်း ယခင်ထက်ပိုမိုများလာပြီး ကုန်စျေးနှုန်းမြင့်မားလာမှုများကြောင့် စျေးရောင်းသည့်လုပ်ငန်းများမှာလည်း အရှုံးပေါ်ကာ ၎င်းတို့၏နေ့စဉ်ဘဝများလည်း ပိုမိုကျပ်တည်းလာကြောင်း သိရသည်။
“အခုစက်ရုံတွေ ပိတ်တာများလာတော့ အလုပ်မရှိကြတော့ဘူး။ စျေးရောင်းတဲ့သူတွေ များလာတယ်။ အဓိကတော့ အရင်းအနှီးများတဲ့ စျေးဆိုင်ကြီးတွေ များလာတာမဟုတ်ဘူး။ တစ်နိုင်တစ်ပိုင် မြို့ထဲရွာထဲလှည့်ရောင်းတဲ့ စျေးသည်လေးတွေများလာတော့ မရောင်းရတော့ဘူး။ စားသုံးသူတွေကလည်း ဝင်ငွေမရှိတော့ အရင်လိုဝယ်မစားနိုင်တော့ဘူး။ မဖြစ်မနေဝယ်ရမယ့်ဟာပဲ ဝယ်တော့တယ်။ မုန့်ပဲသရေစာသိပ်မစားတော့ဘူး။ အရင်ထက်စျေးကြီးလာတာလည်း ပါတာပေါ့။ ကျွန်မဆို အရင်ကပဲပြုတ်တစ်ဆယ်သားကို ၂၀၀ ရောင်းတယ်။ အခု ၄၀၀ ရောင်းမှရတော့တယ်။ ပဲစျေးကလည်း နှစ်ဆကျော်တက်တယ်။ မြို့ထဲကနေ ဒီဘက်ထိကားခက အရင် ၃၀၀ ကနေ ဆီစျေးတက်လို့ဆိုပြီး အခု ၁၀၀၀ ပေးရတယ်။ အကုန်လုံးကျပ်တည်းလာကြပြီ” ဟု စက်ရုံရှေ့တွင် ပဲပြုတ်ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။















