ယူကရိန်းကို ရှောင်ကွင်းကာ ဓာတ်ငွေ့ပိုက်လိုင်းသစ် သွယ်တန်းမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသည့် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်စကီနှင့် ဥရောပသမဂ္ဂ ခေါင်းဆောင်များသည် အောက်တိုဘာ ၁၂ ရက်တွင် တွေ့ဆုံခဲ့ကြသည်။ အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် ရုရှားအပေါ် ဥရောပ၏ စွမ်းအင်ဆိုင်ရာ မှီခိုမှုကို ပိုမိုမြင့်တက်လာစေမည်ဖြစ်သည်။
ဥရောပကောင်စီ အကြီးအကဲ ချားလ်စ်မစ်ရှယ်နှင့် ဥရောပကော်မရှင် အကြီးအကဲ အာဆူလာ ဗွန်ဒါလေယင်တို့သည် ယူကရိန်းသမ္မတ ဇယ်လန်စကီနှင့် တွေ့ဆုံရန် ယူကရိန်းသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ ဥရောပတွင် ဓာတ်ငွေ့စျေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်ကာ အရန်သိုလှောင်မှု ပမာဏကျဆင်းလာသည့် ပြဿနာနှင့် ရင်ဆိုင်နေရသည်။
ယူကရိန်းသည် ရုရှားကျောထောက် နောက်ခံပြု ခွဲထွက်ရေးသူပုန်များနှင့် နှစ်အတန်ကြာ စစ်ပွဲဖြစ်ပွားခဲ့သည့်အတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကြိုးပမ်းမှုများနှင့် ပတ်သက်၍ ဆွေးနွေးသွားရန် ရှိနေသော်လည်း ဓာတ်ငွေ့ပြဿနာသည် ယင်းတွေ့ဆုံမှုတွင် အဓိကဆွေးနွေးသွားမည့် အကြောင်းအရာ ဖြစ်လာဖွယ်ရှိသည်။
“ဒီထိပ်သီးဆွေးနွေးပွဲကို တင်းမာမှု အတော်လေး မြင့်တက်နေတဲ့ အခြေအနေမှာ ပြုလုပ်သွားမှာဖြစ်တယ်” ဟု ကိယက်ဗ် အခြေစိုက် ကျွမ်းကျင်ပညာရှင်အဖွဲ့ဖြစ်သည့် New Europe Centre မှ ပညာရှင်တစ်ဦးဖြစ်သော လီယိုနစ်လီထရာက ဆိုသည်။
၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားကျွန်းဆွယ်အား ရုရှားက သိမ်းယူခဲ့ပြီးနောက်ပိုင်းတွင် ရုရှားနှင့် ပဋိပက္ခ ဖြစ်ပွားနေသည့် ယူကရိန်းသည် ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းဖြတ်သန်းရာ အဓိကနိုင်ငံအဖြစ် ဆက်ရှိနိုင်ရန် လိုလားလျက်ရှိပြီး ယူကရိန်းသမ္မတ ဇယ်လန်စကီကလည်း Nord Stream 2 ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ဝေဖန်ပြောဆိုထားသည်။ ဘောလ်တစ်ပင်လယ်ကို ဖြတ်သန်းသည့် အဆိုပါပိုက်လိုင်းသည် ရုရှားမှ ဂျာမနီသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုကို နှစ်ဆတိုး မြှင့်နိုင်ရန် ရည်ရွယ်သည်။
ယင်းပိုက်လိုင်းစီမံကိန်းကို အတည်ပြုရန် ဂျာမန်စည်းမျဉ်းထိန်းသိမ်းရေး အာဏာပိုင်များ၏ ထောက်ခံချက်ကို စောင့်ဆိုင်းနေခြင်းလည်းဖြစ်သည်။ အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းသည် ယူကရိန်းကို ဖြတ်သန်းသည့် လက်ရှိလမ်းကြောင်းမှ ရှောင်ကွင်းသွားမည်ဖြစ်ရာ ယူကရိန်းအနေဖြင့် နှစ်စဉ်ရုရှားထံမှ ပိုက်လိုင်းဖြတ်သန်း သွယ်တန်းခအဖြစ် ရရှိနေသော ယူရိုတစ်ဘီလျံခန့် ဆုံးရှုံးဖွယ် ရှိနေသည်။
အောက်တိုဘာ ၁၂ ရက် တွေ့ဆုံမှုတွင် မစ်ရှယ်နှင့် ဗွန်ဒါလေယင်တို့သည် သမ္မတဇယ်လန်စကီအား စိတ်ချလက်ချရှိစေရန် ဖျောင်းဖျသွားမည်ဖြစ်ကြောင်း အမည်မဖော်သည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဓာတ်ငွေ့ဖြတ်သန်းသွယ်တန်းရာ နိုင်ငံအဖြစ် တည်ရှိနေသည့် ယူကရိန်း၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး အာမခံသည့် ကတိကဝတ်ကို အခိုင်အမာ ပြောကြားသွားဖွယ် ရှိသည်ဟုလည်း ၎င်းတာဝန်ရှိသူက သတင်းထောက်များကို ပြောကြားသည်။ သို့ရာတွင် တိုးတက်မှု ကြီးကြီးမားမားရရှိရန် မျှော်လင့်နိုင်ဖွယ် မရှိကြောင်းလည်း ၎င်းကပြောသည်။
ခရိုင်းမီးယားကျွန်းဆွယ်အရေးနှင့် ပတ်သက်ပြီး လူပုဂ္ဂိုလ်ရှစ်ဦးကို ဥရောပသမဂ္ဂက အောက်တိုဘာ ၁၁ ရက်တွင် ဒဏ်ခတ်အရေးယူမှုများ ချမှတ်ခဲ့သည်။














