ကန်ထရိုက်စာချုပ်ဆွေးနွေးမှုများ အောင်မြင်မှုမရပါက အမေရိကန်ပြည်နယ်များဖြစ်သော အော်ရီဂွန်နှင့် ကယ်လီဖိုးနီးယားတို့ရှိ Kaiser Permanente ဆေးရုံများက ကျန်းမာရေးလုပ်သား ထောင်ပေါင်းများစွာက သပိတ်မှောက်ရန် သဘောတူခဲ့ကြသည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။
ဆွေးနွေးမှုများတွင် ဖြစ်ပေါ်ခဲ့သော အခက်အခဲများမှာ ဝန်ထမ်းအရေအတွက် ကိစ္စ၊ ကပ်ရောဂါ၏ ရှေ့တန်းတွင်ထမ်းဆောင်နေကြသော သူနာပြုများနှင့် အခြားသူများ၏ လစာကိစ္စများ ဖြစ်ပုံရသည်။
“Covid ကပ်ရောဂါ လ ၂၀ ဖြစ်ပွားခဲ့ပြီးနောက် ကျန်းမာရေးလုပ်သားတွေဟာ စံချိန်တင် ပင်ပန်းနွမ်းနယ်မှုကို ရင်ဆိုင်နေကြ ရပါတယ်။” ဟု ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ United Steelworkers သမဂ္ဂ၏ ဥက္ကဋ္ဌ မိုက်ကယ်ဘန်းနတ်က ပြောကြားခဲ့သည်။
ကယ်လီဖိုးနီးယားရှိ Kaiser Permanente ဆေးရုံများတွင် အလုပ်လုပ်နေကြသော ကျန်းမာရေးဝန်ထမ်း ၃၁,၀၀၀ ခန့်သည် သပိတ်မှောက်ရေးအတွက် သမဂ္ဂခေါင်းဆောင်များကို တရားဝင်တောင်းဆိုရန် တစ်ခဲနက် မဲပေးအတည်ပြုခဲ့ကြသည်ဟု United Steelworkers သမဂ္ဂ (USW) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ကယ်လီဖိုးနီးယား၏ စည်းလုံးညီညွတ်သော သူနာပြုများအစည်းအရုံး/ကျန်းမာရေးစောင့်ရှောက်မှု ပရော်ဖက်ရှင်နယ်များသမဂ္ဂတို့နှင့်အတူ USW သည် ကျန်းမာရေးလုပ်သားများကို ကိုယ်စားပြုသည်။
အော်ရီဂွန်ပြည်နယ်ရှိ Kaiser Permanente က လုပ်သား ၃,၄၀၀ နီးပါးသည် သပိတ်မှောက်ရန် မဲအများစုဖြင့် ထောက်ခံမဲပေးခဲ့ကြသည်ဟု ယင်းပြည်နယ်ရှိ သူနာပြုများနှင့်ကျန်းမာရေးပရော်ဖက်ရှင်နယ် အဖွဲ့ချုပ်၏အဆိုအရ သိရသည်။
“ဒါဟာ သပိတ်မှောက်ဖို့အတွက် မကြုံဖူးလောက်အောင် ထောက်ခံမဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဝန်ထမ်းဘေးကင်းရေး၊ လူနာစောင့်ရှောက်ရေး၊ မျှတတဲ့ကန်ထရိုက်ဖြစ်ရေးတို့လို ပြဿနာတွေနဲ့ပတ်သက်ပြီး Kaiser ဝန်ထမ်းတွေအကြားမှာ စည်းလုံးညီညွတ်မှု အပြည့်အဝ ရှိနေတယ်ဆိုတာကို ပြသနေပါတယ်” ဟု အော်ရီဂွန်ပြည်နယ်သူနာပြုများနှင့် ကျန်းမာရေးပရော်ဖက်ရှင်နယ်အဖွဲ့ချုပ်က ပြောကြားခဲ့သည်။
သပိတ်မှောက်ခြင်းကို တရားဝင်အောင် လုပ်ဆောင်ခဲ့ကြခြင်းနှင့်အတူ ရွေးကောက်ခံ သမဂ္ဂခေါင်းဆောင်များက အလုပ်သမာများ မည်သည့်အချိန်တွင် သပိတ်မှောက်နိုင်သည်ဟု ပြောနိုင်မည် ဖြစ်သော်လည်း ယင်းသို့ရုတ်တရက် သပိတ်မှောက်ရာတွင် Kaiser သို့ ၁၀ ရက် သတိပေးချက်ကို တင်ပြရမည်ဟုဆိုသည်။
ယခု သပိတ်သည် ကျန်းမာရေးလုပ်သားများ၏ မဟာမိတ်သမဂ္ဂ ၂၁ ဖွဲ့တို့ ချိတ်ဆက်ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းသမဂ္ဂများ၏ သပိတ်အများစုမှာ တရားဝင်သပိတ်များဖြစ်သည်ဟု အော်ရီဂွန်သူနာပြုများအဖွဲ့ချုပ်က ပြောကြားခဲ့သည်။
“ပြဿနာတွေ ဖြေရှင်းဖို့ စားပွဲဝိုင်းကိုလာဖို့ Kaiser Permanante အုပ်ချုပ်ရေးအဖွဲ့ကို ကျွန်တော်တို့တောင်းဆိုပါတယ်” ဟု United Steelworkers သမဂ္ဂဥက္ကဋ္ဌ ဘန်းနတ်က ပြောကြားသည်။














