ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့ ကြက်သွန်ခင်း (၂) ရပ်ကွက် ဦးဝင်းဖေလမ်းနံဘေး နာရေးအိမ်တစ်အိမ်၌ အောက်တိုဘာ ၁၁ ရက် ညဦးပိုင်း ၆ နာရီခွဲခန့်က ဆိုင်ကယ်စီးလာသူက သေနတ်ဖြင့် လာရောက်ပစ်ခတ် ထွက်ပြေးသွားခဲ့သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသားနှစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း အဆိုပါရပ်ကွက်နေသူများထံမှ သိရသည်။
သေဆုံးသူမှာ အုတ်တွင်းမြို့ ကြက်သွန်ခင်း (၂) ရပ်ကွက်နေ အသက် (၅၀ နှစ်) ခန့်ရှိ ဒေါ်ခင်ညိုဦးဆိုသူဖြစ်ပြီး ၎င်းမှာရွေးကောက်ပွဲကာလများတွင် ပြည်ခိုင်ဖြိုးပါတီအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။
သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ အနီးနေထိုင်သူတစ်ဦးက “သူက ကြံ့ခိုင်ရေးပါတီ မဲဆွယ်စည်းရုံးရေးလုပ်တုန်းက ပါဝင်ခဲ့တဲ့အမျိုးသမီးပဲလေ။ ရပ်ကွက်မှာလည်း နည်းနည်းအရာရောက်တယ်။ ရာအိမ်မှူးလား ဘာလားတော့မသိဘူး။ အသက်ကတော့ ၅၀ ကျော် လောက်တော့ရှိမယ်။ အဲဒီလမ်းထဲမှာက နာရေးအိမ်မှာရှိနေတာ။ နာရေးအိမ်မှာက ဂေါက်ဂက်ဝိုင်းလည်း ရှိတယ်လေ။ အဲဒီမှာ လူအုပ်ထဲကို သေနတ်နဲ့ပစ်သွားတာ။ ပစ်တဲ့လူကတော့ ဘယ်သူမှန်းလဲ မသိဘူး။ ဘယ်နှချက်ပစ်သွားမှန်းလည်း သေချာတော့မသိလိုက်ဘူး။ သေနတ်မှန်လို့ သေတဲ့လူရော ဒဏ်ရာရတဲ့သူတွေရော ရှိပါတယ်။ ဆိုင်ကယ်နဲ့မောင်းလာပြီး ပစ်သွားတာ ဆိုင်ကယ်သမားကတော့ မောင်းပြေးသွားတာပဲ” ဟု ပြောကြားသည်။
သေနတ်ထိမှန်သေဆုံးသူ ဒေါ်ခင်ညိုဦးမှာ ဝဲဘက်ရင်ညွန့်၊ ဝဲလက်ဖျံတို့ထိမှန်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ဒေါ်ခင်ညိုဦးနှင့်အတူ ၁၆ နှစ် အရွယ်ခန့်ရှိ လူငယ်တစ်ဦးမှာ နားထင်အနီး သေနတ်ထိမှန်ဒဏ်ရာတစ်ချက် ရရှိသွားသဖြင့် အုတ်တွင်းမြို့ပြည်သူ့ဆေးရုံသို့ အုတ်တွင်းမြို့ ရင်ခုန်သံရှင်ရေးကူညီမှုအသင်း မော်တော်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အခင်းဖြစ်နေရာတွင် အခြားအမျိုးသားတစ်ဦးမှာလည်း လက်ဖဝါးတွင် သေနတ်ထိမှန် ဒဏ်ရာရရှိသွားခဲ့ကာ ထွက်ပြေးသွားခဲ့ပြီးနောက် ၎င်းကိုယ်တိုင် အုတ်တွင်းမြို့ ပြည်သူ့ဆေးရုံသို့ လာရောက်ဆေးကုသမှုခံယူခဲ့သဖြင့် နာရေးအိမ်ဂေါက်ဂက်ဝိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအခြေအနေနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် အုတ်တွင်းမြို့မရဲစခန်းဖုန်းသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။
အခင်းဖြစ်ရပ်မှ အသက်မသေပဲ နားထင်အား သေနတ်ထိမှန်ဒဏ်ရာရထားသူ အသက် ၁၆ နှစ်အရွယ် အမျိုးသားမှာ ဒဏ်ရာပြင်းထန်သဖြင့် ည ၇ နာရီခွဲခန့်၌ အုတ်တွင်းမြို့ ပြည်သူ့ဆေးရုံမှ တောင်ငူမြို့ ပြည်သူ့ဆေးရုံသို့ အုတ်တွင်း ရင်ခုန်သံရှင်ရေးကူညီမှု မော်တော်ယာဉ်ဖြင့် ပို့ဆောင်လွှဲပြောင်း ကုသပေးထားရကြောင်း သိရသည်။















